www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 16, 2013

လွတ်လပ်ခွင့် နှင့် တာဝန်


လွတ်လပ်ခွင့် နှင့် တာဝန်

မြန်မာနိုင်ငံ သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈) ခုနှစ် နှင့်အညီ ဒီမိုကရေစီ နိုင်ငံတော်သစ် ဆီသို့ ဦးတည် လျှောက်လှမ်းလျက် ရှိသည်။ နိုင်ငံသားတိုင်း ရသင့် ရထိုက်သော အခွင့်အရေး နှင့် ဥပဒေများ ကို အဆိုပါ ဥပဒေ အခန်း(၈)၌ ဖော်ပြထားပြီး ဖြစ်သကဲ့သို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ၊ ရေးသားခွင့် နှင့် ယုံကြည် ကိုးကွယ်ခွင့် များကို ပေးအပ် ထားပြီး ဖြစ်သည်။

ယခုအခါ အထိန်းအကွပ် နှင့်သာ လှုပ်ရှား ရှင်သန် ခဲ့ရသော မီဒီယာကဏ္ဍ သည်လည်း လွတ်လပ်ခွင့် နှင့် အတူ ပိုမို နိုးကြား ရှင်သန်လာပြီ ဖြစ်သည်။ သို့သော် လွတ်လပ်ခွင့် ဟူသည့် အပေါ်တွင် တလွဲ ဆံပင်ကောင်း မှုများ ကိုလည်း တွေ့မြင် လာရသည်။

အချို့က ဘာသာရေး နှင့် ယဉ်ကျေးမှုကို လျစ်လျူရှု ကြသည်။ အချို့က သမိုင်းကြောင်း နှင့် အမျိုးသားရေး ကို မျက်ကွယ်ပြု ကြသည်။ အချို့က မျိုးဆက်သစ် တက်လူတို့ အတွက် လမ်းပြ ချန်ရစ် ခဲ့အပ်သည့် ကောင်းမွေ တို့ကို ဖျက်ဆီးသမှု ပြုကြသည်။ 

လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့် ဟူသော အကြောင်းကို အရင်းခံ ဆောင်ရွက်ခြင်း ဖြစ်ကြ သော်လည်း နက်နဲစွာ တွေးတော ကြည့်ပါက တိုင်းရင်းသား ၊ ပြည်သူ တစ်ရပ်လုံး နှင့် နိုင်ငံတော် အတွက် အန္တရာယ် ရှိစေနိုင်သည့် အရေးအသား ဖော်ထုတ် ပြောဆို နေမှုများ ဖြစ်နေသည်ကို သတိမူ သင့်သည်။ ဒီမိုကရေစီ လွတ်လပ်ခွင့် သည် မည်သည့် လွတ်လပ်ခြင်း နှင့်မျှ မတူပေ။ ကိုယ်ပိုင် အခွင့်အရေး ရှိသော လွတ်လပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိ၏ လွတ်လပ်ပိုင်ခွင့် အရ ဆောင်ရွက် ရေးသား ပြောဆို နိုင်သော်လည်း အခြားသူများ အတွက် အကျိုးမဲ့ ဆုံးရှုံးမှုများ ဖြစ်ပေါ် စေပါက လွတ်လပ်ခွင့် မဟုတ်တော့ဘဲ ကျူးကျော် စော်ကားမှု ဖြစ်သွား တတ်သည်။ ထို့ကြောင့် ဒီမိုကရေစီ လွတ်လပ်ခွင့် သည် စည်းကမ်းမဲ့ လွတ်လပ်ခြင်း မဟုတ်ဘဲ လူတစ်ဦးချင်း စီ၏ တာဝန်ယူမှု ၊ တာဝန်သိမှု ရှိသော လွတ်လပ်ခြင်း ဖြစ်သည်ကို သတိမူသင့်သည်။

လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် တို့သည် လွယ်လွယ်ကူကူ ရယူနိုင်ခဲ့ခြင်း မဟုတ်ပေ။ ပြည်သူ အားလုံး၏ အသက် ၊ သွေး ၊ ချွေး တို့ဖြင့် ရယူခဲ့ ကြရသည်။ လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် ၏ တန်ဖိုး အရင်းအနှီး သည် ကြီးမားသည်။ လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် ၏ အရသာကို ခံစား တတ်လျှင် လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် ၏ တန်ဖိုးကို သိသင့်သည်။ မိမိကြောင့် ရရှိပိုင်ဆိုင် ထားသည့် လွတ်လပ်ခွင့် ၊ လွတ်လပ်ရေး ဆုံးရှုံး ရသည်ဆိုလျှင် လွတ်လပ်ခွင့် နှင့် လွတ်လပ်ရေး ကို ဖျက်ဆီးသူ ဖြစ်သည်ကို စဉ်းစား သင့်သည်။

လွတ်လပ်ခြင်း ကင်းမဲ့လျက် ရှိသော ကမ္ဘာပေါ်မှ ဒေသ အချို့၌ စစ်ပွဲများ ၊ သွေးထွက် သံယိုမှုများ ၊ ရက်စက်မှုများ နှင့် ဖိနှိပ် ချုပ်ချယ်မှု များကို တွေ့နိုင်သည်။ ဤသည်မှာ ကိုယ်စီ လွတ်လပ်ရေး နှင့် လွတ်လပ်ခွင့် ကို လေးစား လိုက်နာမှု မရှိသောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ ရရှိသော လွတ်လပ်ရေး ၊ လွတ်လပ်ခွင့် တို့ ရေရှည် တည်တံ့ရေး အတွက် နိုင်ငံသားတိုင်း ကိုယ်စီ တာဝန်ရှိပြီး စည်းကမ်းရှိရှိ တာဝန်သိသိ ဖြင့် ထိန်းသိမ်း စောင့်ရှောက် သွားရမည် ဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger