www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 22, 2013

ရိုးသားမှု ကတိသစ္စာ တည်ရှိမှု တို့ဖြင့် ပြည်သူ့ဆန္ဒ ဖြည့်ဆည်း


ရိုးသားမှု ကတိသစ္စာ တည်ရှိမှု တို့ဖြင့် ပြည်သူ့ဆန္ဒ ဖြည့်ဆည်း

အယ်ဒီတာ့အာဘော်
( ၂၂-၁၁-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရ သည် နိုင်ငံတော် တာဝန် အရပ်ရပ်ကို စတင် ထမ်းဆောင်ချိန် မှစ၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိရာ လူတစ်ဦးချင်း စီ၏ ဆန္ဒ အမျိုးမျိုး ရှိကြမည် ဖြစ်သော်လည်း နိုင်ငံသား အများစု၏ တူညီသော ဆန္ဒမှာ တိုင်းပြည် တည်ငြိမ် အေးချမ်းရေး နှင့် တိုင်းရင်းသား အားလုံး လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး ပင်ဖြစ်သည်။

နိုင်ငံတော်တွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ တရားဥပဒေ စိုးမိုးရေး နှင့် ငြိမ်းချမ်းရေး တို့ကို အဓိကထား ဆောင်ရွက် ရာတွင် ပိုမို ထိရောက်မှု ရှိစေရန် တိုင်းရင်းသား အခွင့်အရေး ကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်က ကြိုးပမ်း နေပြီ ဖြစ်သည်။ ၂ဝဝ၈ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်တွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ကို ညင်သာစွာ ဆောင်ရွက် နိုင်ခဲ့သဖြင့် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်ပြု ထောက်ခံ အားပေး နေကြပြီ ဖြစ်သည်။ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တွင် ဤ အစဉ်အလာကို ထိန်းသိမ်း ကြရန် တိုင်းရင်းသား ပြည်သူအားလုံး က ဝိုင်းဝန်း ဆောင်ရွက် ကြရမည် ဖြစ်သည်။

၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ က စကားဝိုင်း များတွင် ရွေးကောက်ပွဲ ပြီးလျှင် အစိုးရအဖွဲ့ကို မည်သူတွေ နှင့်ဖွဲ့ကြမည်လဲ ဆွေးနွေးခဲ့ ကြသည်။အစိုးရ အဖွဲ့တွင် မည်သူတွေ ပါဝင်ကြမည်လဲ ဆိုသည်ထက် နိုင်ငံတော် ရှေ့ခရီးကို မည်သည့် ပုံစံဖြင့် ဆက်လျှောက် မည်ဆိုသည်က ပို၍ အရေးကြီး သည်ဟု ပြောသူက ပြောခဲ့ ကြသည်။ ထိုမေးခွန်း တို့အတွက် အဖြေများ သည် ယနေ့ အချိန်တွင် ထင်သာမြင်သာ တွေ့နေရပြီ ဖြစ်သည်။ နိုင်ငံတော် ရှေ့ခရီးတွင် အားလုံး ပါဝင်နိုင်ရေး ဦးစားပေး ဆောင်ရွက် နေကြောင်း တွေ့ရမည် ဖြစ်ပါသည်။

နေပြည်တော် ရှိ နိုင်ငံတော် သမ္မတရုံး အစည်းအဝေး ခန်းမ၌ ၂ဝ၁၂ ခုနှစ် ဇွန် ၂ဝ ရက်တွင် ကျင်းပခဲ့သော နိုင်ငံခြား အကူအညီ အထောက်အပံ့ များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားခဲ့ရာ '' နိုင်ငံရေးတွင် Unity and Diversity ဆိုသည့် သဘောတရား အတိုင်း သဘောထား တူညီသည်များ ရှိသကဲ့သို့ မတူညီသည် များရှိသည် ကိုလည်း လက်ခံရမည် ဖြစ်ပါကြောင်း ၊ တူညီသည် များကို တိုင်းပြည်နှင့် လူမျိုးအတွက် ပူးပေါင်း ဆောင်ရွက်ပြီး မတူညီသည် များကို စိတ်ရှည် သည်းခံကာ တဖြည်းဖြည်း တူညီသည် အထိ ညှိနှိုင်းရယူ သွားရမည် ဖြစ်ပါကြောင်း ၊ ကျောခိုင်း နေကြသည့် အခြေအနေမှ မျက်နှာချင်းဆိုင် ဖြစ်လာသည့် အခြေအနေ ဖြစ်လာကာ ရင်ကြားစေ့ သည့် အနေအထားမျိုး ရောက်လာအောင် မိမိတို့ လက်တွေ့ ကြိုးစား ဆောင်ရွက် နေပါကြောင်း ..'' ဖြင့် နိုင်ငံတော် အစိုးရ၏ သဘောထား နှင့် ဆောင်ရွက်ချက် များကို အတိအလင်း ပြောကြား သွားခဲ့သည်။


နိုင်ငံတော် အစိုးရသည် ပြည်သူတို့၏ တူညီသော ဆန္ဒနှင့် အညီ တည်ငြိမ် အေးချမ်းရေး နှင့် တိုင်းရင်းသား အားလုံး လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းစဉ် များတွင် လက်တွေ့ ပါဝင် ဆောင်ရွက် နေကြသူ အားလုံးက ရိုးသားမှု နှင့် ကတိသစ္စာ တည်ရှိမှု တို့ မလွဲမသွေ ရှိရမည် ဖြစ်ပါကြောင်း။ ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger