www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 29, 2013

အာဆီယံ ဒေသတွင်း လုံခြုံရေး စဉ်ဆက်မပြတ် ပူးတွဲလေ့ကျင့်


အာဆီယံ ဒေသတွင်း လုံခြုံရေး စဉ်ဆက်မပြတ် ပူးတွဲလေ့ကျင့်

အယ်ဒီတာ့အာဘော်
( ၂၉-၁၀-၂၀၁၃ )

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲကို ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကျင်းပ သွားမည် ဖြစ်သည်။ ပြိုင်ပွဲတွင် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၏ တပ်မတော် (ကြည်း)များမှ သေနတ်ပစ် အသင်း ၁ဝ သင်း ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းသား များသည် ပြိုင်ပွဲအကြို လေ့ကျင့် ပစ်ခတ်မှု များကို အောက်တိုဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြင်ဦးလွင်မြို့ ရှိ တပ်မတော် စက်ပစ်ကွင်း ၌ လေ့ကျင့် ပစ်ခတ်ခဲ့ ကြသည်။ ပစ်ခတ် လေ့ကျင့်ကြရာ တွင် မီတာ ၁ဝဝ စက်ပစ်ကွင်း ၌ ပစ္စတို (အမျိုးသား) ၊ ပစ္စတို (အမျိုးသမီး) ပစ်ခတ်စဉ် လေ့ကျင့်ခြင်း ၊ မီတာ ၂ဝဝ စက်ပစ်ကွင်း ၌ ကာဘိုင် ပစ်ခတ်စဉ် လေ့ကျင့်ခြင်း ၊ မီတာ ၆ဝဝ စက်ပစ်ကွင်း ၌ ရိုင်ဖယ်နှင့် စက်သေနတ် ပစ်ခတ်စဉ် လေ့ကျင့်ခြင်း တို့ကို အသီးသီး ပစ်ခတ် လေ့ကျင့် ခဲ့ကြသည်။

မြန်မာနိုင်ငံ သည် ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် အရှေ့တောင် အာရှ နိုင်ငံများ အသင်းဝင် နိုင်ငံဖြစ် ခဲ့သည်။ အာဆီယံ အသင်း၏ (၂၃)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကို ဘရူနိုင်း ဒါရုဆလမ် နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့ ရှိ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ ၌ ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၉  ရက်မှ ၁ဝ ရက်အထိ ကျင်းပခဲ့သည်။ ယင်း အစည်းအဝေး က ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်း ပေးအပ် ခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ ၏ ဆောင်ပုဒ်ကို '' ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်း ဝေစည် အသိုက်အဝန်း ဆီ ''ဆိုသည့် ဆောင်ပုဒ်ကို ရွေးချယ် ခဲ့ကြသည်။ အာဆီယံ အဖွဲ့ဝင် အားလုံး၏ ရည်မှန်းချက် ဖြစ်သော ငြိမ်းချမ်း သာယာဝပြော သည့် အာဆီယံ အသိုက်အဝန်း တည်ဆောက်၍ ထို အသိုက်အဝန်း ရှင်သန်ရေး အတွက် အဖွဲ့ဝင်များ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြ စေရန်မှာ အာဆီယံ အသင်း၏ ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်သော မြန်မာနိုင်ငံ က ဦးဆောင်ဦးရွက် ပြုရတော့မည် ဖြစ်သည်။

အာဆီယံ အသိုက်အဝန်း တည်ထောင်ရေး အတွက် အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ဆောင်ရွက် ရမည့် လုပ်ငန်း နယ်ပယ်များမှာ နိုင်ငံရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ၊ လုပ်ငန်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နှင့် ပြင်ပဆက်ဆံရေး ဟူသော နယ်ပယ်လေးရပ် တို့တွင် တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်သည်။

လုပ်ငန်း နယ်ပယ် လေးရပ်မှ အာဆီယံ နိုင်ငံရေး နှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု သည် အစောဆုံးနှစ် များက ပင် စတင်ခဲ့သည်။ အာဆီယံ ၏ အဓိက ကျသော စာချုပ်များ အနက် Zone of Peace, Freedom and Neutrality = ZOPFAN ကို ၁၉၇၁ ခုနှစ်တွင် ကွာလာလမ်ပူ ကြေညာချက် အရ ထုတ်ပြန် ခဲ့သော အရှေ့တောင် အာရှဒေသ ချစ်ကြည်ရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို ၁၉၇၆ ခုနှစ်တွင် ချုပ်ဆို၍ ၁၉၉၂ ခုနှစ် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက အတည်ပြု ပေးခဲ့သည်။ ဒေသတွင်း အစောဆုံး နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်မှု မှာ ထို အချိန်က ဖြစ်ပေါ်လျက် ရှိသည့် ကမ္ဘောဒီးယား အရေးကို နိုင်ငံရေး နည်းလမ်းအရ ဖြေရှင်းပေး နိုင်ခဲ့သည်။ ထို့အပြင် နှစ်စဉ် ဝန်ကြီးအဆင့် အစည်းအဝေး နှင့် တစ်ဆက် တစ်စပ်တည်း ကျင်းပသည့် အာဆီယံ နှင့် ဆွေးနွေးပွဲ နိုင်ငံများ အစည်းအဝေး တွင်လည်း အာရှနှင့် ပစိဖိတ် ဒေသတွင်း နိုင်ငံရေး နှင့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးမှုများ ပုံမှန် ပြုလုပ်လျက် ရှိသည်။

၂၁ ရာစု ခေတ်သစ် စနစ်သစ် တည်ဆောက် နေသော ကာလတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု သို့မဟုတ် ဆုတ်ယုတ်မှု တို့သည် ထိုနိုင်ငံတွင်း နိုင်ငံရေး တည်ငြိမ်မှု နှင့် လုံခြုံရေး အခြေအနေ တို့အပေါ် တည်မှီ သကဲ့သို့ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး သည်လည်း ဒေသတွင်း နိုင်ငံတို့၏ နိုင်ငံရေး တည်ငြိမ်မှု နှင့် လုံခြုံရေး အခြေအနေ တို့အပေါ်တွင် တည်မှီလျက် ရှိသည်။


သို့ဖြစ်၍ ၂ဝ၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ၏ ဆောင်ပုဒ် ဖြစ်သော ရှေ့သို့တူညီ တက်လှမ်းချီ ငြိမ်းချမ်းဝေစည် အသိုက်အဝန်းဆီ ဆိုသော ဆောင်ပုဒ်ကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများက အကောင် အထည်ဖော် ကြရမည့် လုပ်ငန်း နယ်ပယ်လေးရပ်မှ ဒေသတွင်း လုံခြုံရေးတွင် မြန်မာ့ တပ်မတော် က ပါဝင် ဆောင်ရွက် ရမည်ဖြစ်ရာ ဒေသတွင်း နိုင်ငံများမှ တပ်မတော်များ နှင့် ပူးတွဲ လေ့ကျင့်ရေး စဉ်ဆက်မပြတ် ဆောင်ရွက် ရမည့် လုပ်ငန်း တစ်ခု ဖြစ်ပေသည်။    ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger