www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 29, 2013

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ကို အောက်တိုဘာ လကုန်ခန့်တွင် ပြုလုပ်ရန် ပြင်ဆင်


၂၉-၉-၂၀၁၃

မွန်အမျိုးသားကွန်ဖရင့် ( Mon National Conference ) ကို မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ ၌ ယမန်နေ့ နံနက်ပိုင်း တွင် ကျင်းပရာ (ပုံ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း ၊ ဦးမြင့် ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် နှင့် ပြည်နယ် ၀န်ကြီးများ ၊ နိုင်ငံရေး ပါတီများမှ ခေါင်းဆောင်များ ၊ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ နှင့် ကိုယ်စားလှယ်များ ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များမှ ခေါင်းဆောင်များ ၊ တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် က အဖွင့်အမှာ စကား ပြောကြားရာ တွင် မွန်ပြည်နယ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြပါရန် တိုက်တွန်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြောကြားရာတွင် ယနေ့အထိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၄)ဖွဲ့နှင့် ပြည်နယ်အဆင့် ၊ ပြည်ထောင်စု အဆင့် သဘောတူ စာချုပ်ပေါင်း (၃၇)ခု ချုပ်ဆိုနိုင် ခဲ့ပါကြောင်း ၊ အဖွဲ့အချို့နှင့် ဆက်လက် ဆွေးနွေး နေဆဲ ဖြစ်ပါကြောင်း ၊ အောက်တိုဘာလ ပထမပတ် အကုန်ခန့် တွင် ကေအိုင်အို အဖွဲ့နှင့် ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို မြစ်ကြီးနား မြို့တွင် ကျင်းပရန် မူအားဖြင့် နှစ်ဖက် သဘောတူ ထားပြီး ဖြစ်ပါကြောင်း ၊ မိမိတို့ အနေဖြင့် အပစ်အခတ် ရပ်စဲရေး ရရှိရန် ကြိုးစား ဆောင်ရွက် နေခြင်းသည် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေး မှုများ လုပ်ဆောင် နိုင်မှသာ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး ကို တည်ဆောက် နိုင်မည် ဆိုသည့် အချက်ကို လက်ခံထား ပါကြောင်း ၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု (Nation Wide Ceasefire Agreement ) ဆောင်ရွက်လျှင် အဖွဲ့ (၁၆)ဖွဲ့ လုံးကို ဖိတ်ကြားမည် ဖြစ်ပြီး မည်သည့် အဖွဲ့ကိုမျှ ခွဲခြားခြင်း ၊ ချန်ထားခြင်း ပြုလုပ်မည် မဟုတ် ပါကြောင်း ၊ ယင်းကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ကုန် ခန့်တွင် ပြုလုပ်ရန် ပြင်ဆင်လျက် ရှိပါကြောင်း ၊ တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရရှိသည်နှင့် နိုင်ငံရေး ဆွေးနွေးမှု အဆင့်ကို တက်လှမ်းမည် ဖြစ်ပြီး ကြားကာလတွင် Political Dialogue Framework ဟုခေါ်သည့် နိုင်ငံရေး ဆွေးနွေးမှု အတွက် လိုအပ်သော မူဘောင်များကို တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် အကျေအလည် ညှိနှိုင်းရေးဆွဲ သွားမည် ဖြစ်ပါကြောင်း ၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ ကြီးအတွက် မူဘောင် ရေးဆွဲရေးကို နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလတွင် ဆောင်ရွက်ရန် ရည်မှန်းချက်ထား ပြင်ဆင်လျက် ရှိပါကြောင်း ၊ ထိုသို့ ဆောင်ရွက် ရာတွင်လည်း နိုင်ငံတော် အစိုးရ ၊ တပ်မတော် ၊ လွှတ်တော် ၊ တိုင်းရင်းသားများ ၊ အပစ်အခတ် ရပ်စဲ ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၊ နိုင်ငံရေး ပါတီများနှင့် ညှိနှိုင်း ရေးဆွဲနိုင်ရန် ရည်ရွယ် ထားပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ဆောင်ရွက် နေမှုများကို ပြောကြားသည်။ ယင်းနောက် မွန်အမျိုးသား ကွန်ဖရင့် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မင်းကြည်ဝင်း က ကွန်ဖရင့်၏ ရည်ရွယ်ချက် နှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်ထောင်စု ၀န်ကြီးများ ၊ ပြည်နယ် ၀န်ကြီးချုပ် ၊ နိုင်ငံရေး ပါတီများ နှင့် တက်ရောက် လာကြ သူများသည် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ခဲ့ ကြကြောင်း သိရှရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger