www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 12, 2013

နိုင်ငံအတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသည့် မြန်မာ့ငါးရှဥ့်


၁၂-၉-၂၀၁၃

နိုင်ငံတော်၏ ရေထွက် သယံဇာတ များတွင် ငါးရှဥ့် ၊ ကဏန်း နှင့် ငါးလင်ပန်း များသည် ရောင်းလိုအား ထက် ဝယ်လိုအား မြင့်မား နေသည့် အတွက် နိုင်ငံတကာ ဈေးကွက်တွက် မျက်နှာပန်း လှလျက် ရှိနေသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ရေထွက် သယံဇာတများ မျိုးမသုဉ်း စေရေးအတွက် သဘာဝ အလျောက် ဖမ်းဆီးခြင်း တို့အပြင် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြရန် စည်းရုံး ပညာပေးခြင်း နှင့် အတူ တွန်းအားပေး ဆောင်ရွက်လျက် ရှိနေသည်။

ငါးရှဥ့်၏ မျိုးပွားရာသီမှာ မတ်လ မှ စက်တင်ဘာလ အထိ ဖြစ်သော်လည်း ငါးရှဥ့်ကို တစ်ပိုင်တစ်နိုင် စမ်းသပ် မွေးမြူသူများ အနေဖြင့် ယခုအခါ စီးပွားဖြစ် မွေးမြူသူများ များပြား လာသည့် အတွက် ရာသီမရွေး ငါးရှဥ့်ကို ပြည်တွင်း ဈေးကွက်မှ သည် ပြည်ပ ဈေးကွက်အထိ တွင်ကျယ်စွာ ရောင်းဝယ်လျက် ရှိသည်။ ငါးရှဥ့် များကို တရုတ်နိုင်ငံ မှ အများဆုံး ၀ယ်ယူလျက် ရှိပြီး မူဆယ် ၊ ချင်းရွှေဟော် စသည့် နယ်စပ်ဂိတ်ပေါက် များမှ အများဆုံး တင်ပို့ ရောင်းချ နေကြောင်း သိရသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ငါးရှဥ့် တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၃ဝ ရရှိရန် လျာထားခဲ့ရာ ငါးရှဥ့် မက်ထရစ် တန်ချိန်ပေါင်း ၁ဝဝဝဝ ကျော်တင်ပို့ နိုင်ခဲ့သည့် အတွက် အမေရိကန် ဒေါ်လာသန်း ၅ဝ နီးပါး ရရှိခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ၏ သတင်း ထုတ်ပြနချက် အရ သိရသည်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင် ပြည်ပပို့ ရေထွက်ကုန် ပစ္စည်းများတွင် ငါးရှဥ့်တင်ပို့မှုမှ အများဆုံး ရရှိခဲ့သည်ဟု သိရသည်။

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ငါးရှဥ့် တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၃ဝ လျာထားရာတွင် ဘဏ္ဍာရေး နှစ်၏ ငါးလတာ ကာလအတွင်း အမေရိကန် ဒေါ်လာ ၂၅ သန်းကျော် ရရှိနေပြီ ဖြစ်သည့်အတွက် လျာထားချက် ထက်များစွာ ကျော်လွန် ရရှိနိုင်ကြောင်း ငါးရှဥ့် မွေးမြူရေး လုပ်ငန်းရှင် များထံ မှ ကြားသိရသည်။

တရုတ် နိုင်ငံဘက်တွင် ငါးရှဥ့် နှင့် ကဏန်း ဈေးကွက် ခိုင်မာ နေသည်မှာ ၁၈၉၉ - ၁၉၉၀ ပြည့်နှစ်ခန့်က စတင် ခဲ့ကြောင်း သိရသည်။ မူလက ငါးရှဥ့်ကို သဘာဝ အရ ဖမ်းဆီး ထုတ်လုပ် ရောင်းဝယ် နေကြသော်လည်း ဈေးကွက် လိုအပ်ချက်အရ စီးပွားဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ဖျာပုံမြို့နယ် မှ ငါးရှဥ့်မွေးမြူသူ လုပ်ငန်းရှင် တစ်ဦးက ငါး ၊ ပုစွန် မွေးမြူရတာ အရင်းအနှီး များပြီး မြေဧက များစွာ လိုကြောင်း ၊ ငါးရှဥ့်များ ကြီးထွားရန် ကျွေးရသည့် အစာမှာ တီကောင် ၊ ခရု နှင့် ကျောရိုးမဲ့ သတ္တ၀ါများ အပြင် ငါးအသေးလေး များ ကျွေးရသည့် အတွက် အစာဝ ပါကြောင်း ၊ တစ်နှစ်ပတ်လုံး (ဥ)ချပေး နိုင်သည့်အတွက် ခြောက်လမှ ခုနစ်လ အထိ မွေးမြူပါက ရောင်းတန်းဝင် ငါးရှဥ့်များ ရရှိသည့် အတွက် အချိန်ကာလတို အတွင်း အရင်းအနှီး နည်းနည်းဖြင့် မွေးမြူ ထုတ်လုပ် နိုင်သည့် အတွက် စီးပွားရေး အရ တွက်ခြေကိုက် ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့အပြင် ငါးရှဥ့်၏ သဘာဝ အနေအထားကို စာရေးသူ လေ့လာရာ အကြေးခွံမဲ့ သတ္တဝါဖြစ်ပြီး ကိုယ်ခန္ဓာ ချောမွေ့သည် ၊ အလင်းထက် အမှောင်ကို ကြိုက်နှစ် သက်သည် ၊ လေရှူနှုန်း နည်းပါးသဖြင့်  ပျော်ဝင် အောက်ဆီဂျင် နည်းပါးသော ရေတွင် မွေးမြူရှင်သန် နိုင်ပြီး အုတ်ကန် ဖြင့်သော် လည်းကောင်း ၊ မြေကန်တူးဖော် ၍သော် လည်းကောင်း မွေးမြူနိုင်သည်။ ရေသွင်း ရေထုတ် ပြုလုပ်နိုင်ရန် ရေနှင့် နီးစပ်သော နေရာ ဖြစ်လျှင် ပိုမို ကောင်းမွန်ကြောင်း နှင့် တစ်နှစ်သား အရွယ် ငါးရှဥ့်သည် ခုနစ်လက်မ (အလျား ၁၇ စင်တီမီတာ) ရှိကြောင်း လေ့လာ သိရှိရသည်။

ကြီးပွားရေး အတွက် စီးပွားရှာ ကြရာတွင် ဈေးကွက် လိုအပ်ချက် မြင့်မားနေသည့် ငါးရှဥ့်မွေးမြူ စီးပွားရှာလို သူများအနေဖြင့် မွေးမြူရေး နှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ၊ ခရိုင်/မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနများနှင့် ငါးလုပ်ငန်း သင်တန်းကျောင်း တို့ထံ ဆက်သွယ် စုံစမ်း မွေးမြူ နိုင်ကြောင်း လေ့လာ ရေးသား တင်ပြအပ်ပါသည်။ ။

(၀င်းအောင် တမာမြေ)

1 comment:

  1. နေပြည်တော် ငါးလုပ်ငန်းရဲ့ ဖုန်းနံပါတ်လေး သိပါရစေဗျ

    ReplyDelete

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger