www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 30, 2013

မြ၀တီရောင်စုံဓာတ်ပုံပြိုင်ပွဲ ( မြန်မာ့ ပန်းအလှ )

မြ၀တီရောင်စုံဓာတ်ပုံပြိုင်ပွဲ ( မြန်မာ့ ပန်းအလှ )

ယခုလ မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ မှာ ပြိုင်ပွဲနှစ်၏ ၈ လမြောက် ပြိုင်ပွဲ ဖြစ်သည်။ ယခုလ၏ သတ်မှတ် ခေါင်းစဉ်မှာ " မြန်မာ့ပန်း အလှ " ဖြစ်သည်။ ကြိုတင် သတ်မှတ် ထားသော ယခုလ ခေါင်းစဉ်မှာ ဓာတ်ပုံ သမားတိုင်း တွင် အဆင်သင့် ရိုက်ပြီးသား ပုံများရှိကြပြီး အသစ်ထပ်မံ ရိုက်ကူးရန်လည်း လွယ်ကူသော အကြောင်းအရာ ဖြစ်သည်။ ယခုလ ဓာတ်ပုံ ပြိုင်ပွဲအတွက် လူဟောင်း များရော လူသစ်များပါ အားတက်သရော ပေးပို့ ယှဉ်ပြိုင် ကြသည်။ မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကာလ သက်တမ်းတွင် ပြိုင်ပွဲဝင် ဓာတ်ပုံ အများဆုံး စံချိန်တင်ကာ ပုံပေါင်း ၇၂ ပုံ ကို ပြိုင်ပွဲဝင် ၂၄ ဦးမှ အကောင်းဆုံး ပုံများအဖြစ် ပေးပို့ လာသည်။

ပြိုင်ပွဲဝင် ပုံများမှာ အားလုံးနီးပါးမျှ အဆင့်မြင့် ပုံကောင်းများ အဖြစ် တွေ့မြင်ရသည်။ ဓာတ်ပုံ ရွေးချယ်ပွဲကို မြ၀တီ စာပေတိုက်မှ စာတည်းမှူးချုပ် ဦးစီး ၊ စာတည်းအဖွဲ့ နှင့် ယခင် မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ များတွင် နှစ်ပတ်လည် ပထမဆုကြီးများ အကြိမ်ကြိမ် ရရှိဖူးသူ ဓာတ်ပုံ ပညာရှင် များက အမှတ်ပေး စနစ်အတိုင်း စုပေါင်း အကဲဖြတ် ပေးကြသည်။ ယခုလ အတွက် ပြိုင်ပွဲဝင် ဓာတ်ပုံများမှာ ပုံကောင်း အများပါဝင်၍ အကဲဖြတ် အများစု အကြိုက် ရမှတ် အများဆုံးပုံ များကို ဆုအဖြစ် သတ်မှတ် ရွေးချယ်ခဲ့ပြီး ပုံကောင်း တော်တော် များများမှာ အမှတ် အနည်း အများအရ ချန်ထားခဲ့ ရသည်။ အချို့သော ပန်းအလှပုံ တို့မှာ ပုံကောင်းများ ဖြစ်သော်လည်း သတ်မှတ် ထားသည့် ဓာတ်ပုံ အရွယ်အစား မပြည့်မီ၍ ဆုအဖြစ်မှ လွဲခဲ့သည်။ ပြိုင်ပွဲဝင် ဓာတ်ပုံ ပညာရှင် လူသစ် လူဟောင်း များကို အထူး ပြောလိုသည်မှာ ပြိုင်ပွဲဝင် ဓာတ်ပုံ အရွယ်အစား သတ်မှတ်ချက် မှာ ၁၀ လက်မ x ၁၄ လက်မ ဖြစ်၍ ၄င်း အရွယ်အစား သတ်မှတ်ချက် အတိုင်း ဓာတ်ပုံများ ပေးပို့ ကြစေလို ပါသည်။

ပထမဆု - သန်းနိုင်


ယခုလ ပထမဆုကို မြ၀တီသို့ ယခုလမှ စတင်ပေးပို့ လာသူ လူသစ်တစ်ဦး ဖြစ်သည့် သန်းနိုင် မှ ရရှိသည်။ သန်းနိုင်မှာ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း ၏ သင်တန်း ဆင်းပြီးစ လူသစ်ဖြစ်ပြီး ယခုကဲ့သို့ ပထမဆု ရရှိခြင်းကို ကြိုဆို ဂုဏ်ပြု လိုက်ရပါသည်။ ဆက်လက်၍ မြ၀တီ ရောင်စုံ ဓာတ်ပုံ ပြိုင်ပွဲသို့ ပုံများ ဆက်လက် ပေးပို့ ကြိုးစား ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ် ပါသည်။



ဆုရပုံမှ သစ်ခွပန်း ဖြစ်ပြီး ရန်ကုန်မြို့ မြေပဒေသာကျွန်း တွင် ရိုက်ယူခဲ့သည်ဟု ဖော်ပြ ထားသည်။ သစ်ခွပန်း သည် ဈေးကွက်ဝင် ပန်းအလှ ဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ဖျားရှိ ကချင်ပြည်နယ် ၏ သစ်ခွနက် မှာ ကမ္ဘာကျော် မြန်မာ့ဂုဏ် ကို ဆောင်ခဲ့ပါသည်။ သစ်ခွပန်း အလှပြိုင်ပွဲ နှင့် သစ်ခွပန်း ပညာ နှီးနှောပွဲ များကို အင်းလေးကန် ဒေသတွင် နှစ်စဉ် ကျင်းပပြုလုပ် လျက် ရှိသည်။ ယခုလ ဆုရပန်းများမှာ သစ်ခွနှင့် ကြာပန်းတို့ အများဆုံး ဖြစ်ပြီး ဓာတ်ပုံ အနေဖြင့် တင်ပြရန် ၊ ရိုက်ကူးရန် အကောင်းဆုံး ဖြစ်သည်။

ပထမဆုရ သစ်ခွပန်းအလှ ကို နေရောင် ဆန့်ကျင် အလင်းဖြင့် အနီးကပ် ရိုက်ယူ ထားသည်။ သစ်ခွပန်း ၏ အလယ်ဝတ်ဆံ ကို ပြတ်သားစွာ ရိုက်ကူးပြီး ရှင်းလင်းသော နောက်ခံကို မှိန်သွားစေ၍ ပုံမှ လုံးကြွ ပေါ်လွင် နေသည်။ ပန်း အနေအထား ကို ထောင့်ဖြတ် သဏ္ဍာန် ထားသိုမှုမှာ လည်း လှပမှန်ကန် လျက်ရှိသည်။ စာရေးသူ အကြိုက် ဆိုရလျှင် ၀တ်ဆံ၏ အောက်ဘက်ရှိ အဖူး အလုံး ၂ခုအား ယခုထက် ပေါ်လွင်အောင် ကူးချဲ့ ပါက ပိုမို ကောင်းမွန်မည် ဖြစ်သည်။ ဓာတ်ပုံ ဆေးသား အရောင်အသွေး မှန်ကန် ကောင်းမွန် ပါသည်။

ဒုတိယဆု - အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း )


ဒုတိယဆုရှင် အေးလွင်ဦး ( ရွှေပန်းချီ - ရမည်းသင်း ) မှာ မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ၏ အမှတ်ပေး ဇယားတွင် ထိပ်ပိုင်း၌ နေရာ ရရှိနေသူ ဖြစ်သည်။ ဆုရပုံမှာ ရေကန်အလယ်မှ ကြာပန်းပုံ ဖြစ်သည်။ ပွင့်အာဆဲ ကြာပန်း ၅ ပွင့်ကို တမင် နေရာချ ဖန်တီး ပြင်ဆင် ရိုက်ကူး ထားသောပုံဟု ထင်မိပါသည်။ အောက်ခံ အစိမ်းရောင် ကြာဖတ် အခင်းပေါ်တွင် ပန်းဆီရင့် ကြာပန်းများမှာ ပေါ်လွင်လျက် ရှိပြီး နေရာချထား ဖွဲ့စည်း တင်ပြပုံ ကောင်းမွန်လှ ပါသည်။ ပြေပြစ်သော အလင်းဖျော့တွင် ရိုက်ယူထား၍ ကြာပန်းအလှ ၏ အနုစိတ် လက္ခဏာများ ပေါ်လွင်လျက် ရှိသည်။ ဓာတ်ပုံ ဆေးသားလည်း မှန်ကန် ကောင်းမွန် ပါသည်။

တတိယဆု - အောင်မြင့်ထွေး


တတိယဆုရှင် အောင်မြင့်ထွေး မှာ ယခင်လက ပထမဆု ရခဲ့ပြီး မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ အမှတ်ပေး ဇယားတွင် ထိပ်ပိုင်း နေရာ၌ ရယူ ထားသူဖြစ်သည်။ ဆုရ ကြာပန်းပုံကို လက်ခုတ်ကုန်း ရွာရှိ ကြာကန်တွင် အနီးကပ် ရိုက်ကူးထား၍ ၀တ်ဆံ နှင့် ပန်းအဖတ် များကို ပြတ်သား ကြည်လင်စွာ ပြသနိုင်သည်။ ကြာပန်း၏ ဘေး ပတ်ဝန်းကျင် ကို အမှောင်ထား၍ ၀တ်ဆံ နှင့် ကြာပန်းအလှ မှာ ပိုမို ၀င့်ကြွား ပေါ်လွင် နေသည်။ ပန်းပွင့်အား ထောင့်ဖြတ် အနေအထား ထားသိုမှုမှာ လည်း များစွာ ပန်းချီဆန် လှပါသည်။ စာရေးသူ တစ်ဦးတည်း အနေဖြင့် အကြိုက် နှစ်သက်ဆုံး ပုံတစ်ပုံ ဖြစ်သည်။ အရောင်အသွေး အနုအရင့် စုံလင်စွာ ပါဝင်ပြီး ဓာတ်ပုံ ဆေးသား ကြည်လင် တောက်ပ ကောင်းမွန် ပါသည်။

အထူးဆု(၁) - ကျော်ဇော ( ဒဂုံ )


အထူးဆု(၂) - မမြတ်စန္ဒာထွန်း


အထူးဆု(၃) - သန်းနိုင်



ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS )


မြ၀တီ ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ၏ စက်တင်ဘာလ အတွက် ပြိုင်ပွဲဝင် ခေါင်းစဉ်မှာ " ပင်လယ်ကမ်းခြေအလှ " ဖြစ်ပြီး အောက်တိုဘာလ အတွက် ပြိုင်ပွဲဝင် ခေါင်းစဉ်မှာ " သီတင်းကျွတ် ပွဲတော် " ဖြစ်သည်။ အောက်တိုဘာလ အတွက် ပြိုင်ပွဲဝင် ဓာတ်ပုံများကို ၁၅-၈-၂၀၁၃ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ တာဝန်ခံစာတည်း ၊ မြ၀တီ စာပေတိုက် ၊ အမှတ်(၁၅) ၊ တပ်မြေ ၊ မိုးကောင်းလမ်း ၊ (၁၅)ရပ်ကွက် ၊ ဘောက်ထော် ၊ ရန်ကင်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁-၅၅၉ ၂၇၃ နှင့် ရန်ကုန် ရုံးခွဲ အမှတ်(၁၈၁) ၊ ၃၂ လမ်း (အထက်) ၊ ပန်းဘဲတန်း မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၃၇၁ ၂၄၄ သို့ လိပ်မူ ပေးပို့ နိုင်ကြောင်း သိရှိရသည်။

မြ၀တီသတင်းစာတိုက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger