www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 11, 2013

ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း


၁၁-၆-၂၀၁၃

ထိုင်းနိုင်ငံတွင် အဖြူရောင် မျက်နှာဖုံးများ တပ်ဆင်ထားသော ဆန္ဒပြ သမားများသည် ဘန်ကောက်မြို့ တွင် စုရုံးဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး ဆူရတ်သနီ နှင့် ရတ်ချာဘူရီ ပြည်နယ်များသို့ ဆန္ဒပြုမှုများ ပျံ့နှံ့ ခဲ့ကြောင်း ဇွန်လ ၁၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတစ်ပုဒ် အရ သိရသည်။

အင်အား ၁၀၀၀၀ ခန့် ပါဝင်သော အဆိုပါ ဆန္ဒပြ သမားများသည် ရတ်ချာပါရာဆောင် လမ်းဆုံ၌ Central World ဈေးရောင်း စင်တာ အပြင်ဘက်တွင် ဇွန်လ ၉ ရက်နေ့၌ စုရုံး ဆန္ဒပြ ခဲ့ကြသည်။ ထို့အပြင် အဆိုပါ ဆန္ဒပြ သမားများသည် ယခင် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ် က အစိုးရ အဖွဲ့အား ထိန်းချုပ်နေကြောင်း နှင့် အကျင့်ပျက် ခြစားမှုများ ရှိကြောင်း ရေးသား ထားသည့် လက်ကိုင် ပိုစတာ များကို ကိုင်ဆောင်၍လည်း ဆန္ဒပြ ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်သနီ ပြည်နယ်တွင် အင်အား ၁၀၀ ခန့်ရှိသော ဆန္ဒပြ သမားများသည် မြို့တွင်းသို့ လှည့်လည်၍ အစိုးရ ဆန့်ကျင်သည့် လှုံ့ဆော်မှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် နိုင်ငံတောင်ပိုင်း ၌ အဓိက ကောက်ပဲသီးနှံ ဖြစ်သည့် ဆီအုန်း နှင့် ရာဘာဈေးနှုန်း များကျဆင်းမှု ကြောင့် တောင်သူများ အကျပ်အတည်း နှင့် ရင်ဆိုင် နေရမှုကို လျစ်လှူရှုလျက် ရှိကြောင်း နှင့် ဆန်အာမခံချက် ပေးမည့် အစီအစဉ် များနှင့် ဘဏ္ဍာရေး ရန်ပုံငွေမှ ချေးငွေ ပေးမှု အစီအစဉ်များတွင် မရိုးမသား လုပ်ဆောင်မှု များရှိကြောင်း အဆိုပါ ဆန္ဒပြ အဖွဲ့ ခေါင်းဆောင် နှင့် ရှပ်ဝါ အဖွဲ့  ဖြစ်သည့် ဒီမိုကရေစီ ရေးရာ ပြည်သူ့ မဟာမိတ် အဖွဲ့ ( PAD ) ၏အမာခံ အဖွဲ့ဝင် တစ်ဦးဖြစ်သူ Samram Viroj က စွပ်စွဲ ပြောကြားသည်။ ၄င်းတို့အနေဖြင့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု များအား နည်းမျိုးစုံဖြင့် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့သည်။


ရတ်ချာဘူရီ ပြည်နယ်တွင် အဆိုပါ မျက်နှာဖုံး အဖြူများ တပ်ဆင် ထားသည့် ဆန္ဒပြ သမားများက မြောင်ခရိုင်ရှိ အားကစားရုံ တစ်ခုတွင် စုရုံးမှု ပြုလုပ် ခဲ့ကြောင်း နှင့် အစိုးရအဖွဲ့သည် လူနေမှု စရိတ်မြင့်မားမှု ကို ကိုင်တွယ် ဖြေရှင်းပေးခြင်း မရှိကြောင်း ပြစ်တင် ပြောကြား ခဲ့သည်။ ထို့အပြင် အစိုးရ အဖွဲ့သည် အာဏာရှင် စနစ်ကို အထောက်အကူ ဖြစ်စေမည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို တွန်းအားပေး လုပ်ဆောင် နေကြောင်း နှင့် အဆိုပါ လုပ်ရပ်သည် ၀န်ကြီးချုပ် ဟောင်း သက်ဆင် ရှီနာဝပ် လွတ်ငြိမ်း ချမ်းသာခွင့် ရရှိရေး အတွက် ရှေ့ပြေး ဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြ အဖွဲ့ခေါင်းဆောင် Wichai Charoensri က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger