www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လက်နက်ခဲယမ်း. Show all posts
Showing posts with label လက်နက်ခဲယမ်း. Show all posts

Monday, August 20, 2018

မုံရွာမြို့ ညောင်ကိုင်းအင်းအနောက်ဘက် အင်းပတ်လမ်း တာရိုးအမှိုက်ပုံမှ ကျဉ်ဆံထိပ်ဖူးဟောင်း ၁၃၀၀ ကျော် တွေ့ရှိ



မုံရွာ ၂၀-၈-၂ဝ၁၈

မုံရွာမြို့ ထန်းတောအင်းစပ် နယ်မြေ ၁၅ မုံရွာမြို့ ညောင်ကိုင်းအင်း အနောက်ဘက် အင်းပတ်လမ်း တာရိုးအမှိုက်ပုံပေါ်မှ အမျိုးအမည်မသိ ကျည်ဆန်ထိပ်ဖူးဟောင်း ၁၃ဝဝ ကျော်ကို ယနေ့ ညနေ ၃ နာရီမိနစ် ၃ဝ က တွေ့ရှိခဲ့ကြောင်း မုံရွာမြို့နယ်မြေ ရဲစခန်းမှူးရဲအုပ်ဆန်းလင်းထံမှ သိရသည်။

''ထန်းတောအင်းစပ် နယ်မြေ ၁၅ အင်းပတ်လမ်းမှာ မစန်းစန်းမြင့်က ပလတ်စတစ်လာကောက်ရင်း စတွေ့တာပါ။ နောက်ပိုင်း သက်ဆိုင်ရာကို အကြောင်းကြားတော့ အားလုံးဝိုင်းရှာရင်း တွေ့ရတာပါ။ နှစ်လက်မ နှစ်စိတ်နဲ့ နှစ်လက်မ လေးစိတ်ကြား အရွယ်အစားရှိတဲ့ အမျိုးအမည်မသိ ကျည်ဆန်ထိပ်ဖူးဟောင်း ၁၃ဝဝ ကျော်လောက် တွေ့ရတာပါ။ ဆက်ပြီးလဲ ရှာနေပါတယ်'' ဟု ရဲအုပ်ဆန်းလင်းက ပြောပြသည်။

အဆိုပါတွေ့ရှိရသည့် ကျည်ဆန်ထိပ်ဖူး ဟောင်းများကို သက်ဆိုင်ရာ နယ်မြေခံတပ်များကို အကြောင်းကြားကာ အပ်နှံစစ်ဆေးပြီးမှသာ ကျည်ဆန်အမျိုးအစားကို ခွဲခြားသိရမည်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

''ပထမက အဲဒီအမှိုက်ပုံပေါ်မှာ ထင်းတွေ၊ ဘူးတွေ၊ အမှိုက်တွေရော ရှိနေတာပါ။ တူမနဲ့ နှစ်ယောက် ကောက်ရင်းကောက်ရင်းနဲ့ သံအတောင့်လေးတွေ တွေ့တယ်။ သံတောင့်တွေထင်တာပေါ့။ အိတ်လေးနဲ့ ကောက်ထည့်ရင်း များလာတော့ ခဲအိုကို ဖုန်းလှမ်းဆက်ခေါ်ပြီးပြတော့ ကျည်ဆန်တောင့်တွေဆိုတာ သိရတာ။ စကောက်ပြီးစုတော့ နှစ်ပိဿာလောက်ရတယ်။ သံထည်မှတ်လို့ ရောင်းဖို့ဆိုပြီး ကောက်နေတာပါ။ ဒီနေရာကို တစ်ခါမှမကောက် ဖူးပါဘူး''ဟု ကျည်ဆန်ဟောင်းများ တွေ့ရှိသူ မစန်းစန်းမြင့်က ပြောပြသည်။

အဆိုပါ ကျည်ဆန်ဟောင်းများကို ညောင်ကိုင်းအင်း ပြန်လည်ဆယ်ယူခြင်းနှင့်အတူ မြို့သာယာလှပရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဖောက်လုပ်ထားသော လမ်းဘေးမြေသား အမှိုက်ပုံမှ တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Friday, June 23, 2017

မိုင်းဖြတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်း သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ


သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများကိုတွေ့ရစဉ်။

လက်နက်/ ခဲယမ်းများနှင့် အတူဖမ်းဆီးရမိ သူများကို တွေ့ရစဉ်။

နေပြည်တော် ၂၃-၆-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်ရှိ မယ်ယန်းစစ်ဆေးရေးဂိတ်၌ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များအား စစ်ဆေးစဉ် ယနေ့နံနက် ၉ နာရီခန့်တွင် တာချီလိတ်ဘက်မှ မိုင်းဖြတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန်ရပ်တန့်စေရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

အဆိုပါမော်တော်ဆိုင်ကယ် နှစ်စီးအားပူးပေါင်း အဖွဲ့ကလိုက်လံ ဖမ်းဆီးခဲ့ရာ နံနက် ၁၀ နာရီခွဲတွင် မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသည့် လော်အဲ (ဘ) ဦးလော်မူးနှင့် လော်ဖာ (ဘ) ဦးလော်ဂေးတို့၏ မော်တော်ဆိုင်ကယ်များအား စစ်ဆေးရာ လော်အဲ၏ မော်တော်ဆိုင်ကယ်အင်ဂျင် အထက်ကာဗာအတွင်းမှ ပစ္စတိုနှစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည် ၃၀ တောင့်၊ ထိုင်းဘတ်ငွေလေးသိန်း တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလက်နက်/ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းဖြတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

Saturday, April 22, 2017

မြန်မာ-တရုတ်နယ်စပ် ပွိုင့်-၂၀၃၃ နေရာရှိ MNDAA အကြမ်းဖက်သောင်းကျန်းသူများ မရှုမလှ ဆုတ်ခွာထွက်ပြေးခြင်း


ပွိုင့်-၂၀၃၃ တောင်ကုန်းတိုင်ပွဲဖြစ်စဉ်တွင် တပ်မတော်က ရရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ ခဲယမ်းအချို့ကို တွေ့ရစဉ်

တပ်မတော်သားများကို ပွိုင့်- ၂၀၃၃ တောင်ကုန်းအား သိမ်းပိုက်အပြီး တွေ့ရစဉ်။

ပွိုင့်-၂၀၃၃ တောင်ကုန်းနေရာတစ်ဝိုက်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၄-၂၀၁၇

ယမန်နေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းနှစ်ခုက နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၂ဝ၃၃ တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ စခန်းနှစ်ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်းအား ၁ဝ နာရီ မိနစ် ၂ဝ တွင် လည်းကောင်း၊ ဒုတိယကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာ ထွက်ပြေးသည့် ရန်သူအုပ်စု အတွင်းသို့ မိမိလက်နက်ကြီး များဖြင့် စုပြုံပစ်ခတ်မှု များကြောင့်လည်း ရန်သူတို့သေကျေ ဒဏ်ရာရမှု များပြားခဲ့၍ မိမိဘက်မှ စစ်သည် တစ်ဦးသာ လက်နက်ငယ် ဒဏ်ရာ (မစိုးရိမ်ရ )ရရှိခဲ့ကာ စခန်းနှစ်ခုမှ အာရ်ပီဂျီနှစ်လက် အပါအဝင် လက်နက်မျိုးစုံ ခြောက်လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံး အမြောက်အမြား ရရှိခဲ့ကြောင်း သိရှိရသည်။

ယခု သိမ်းပိုက်ရရှိသည့် ပွိုင့်-၂ဝ၃၃ နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်းအား အခွင့်ကောင်း ယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁ဝ) သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် လမ်းကြောင်းများ အနက် တစ်ခုအပါအဝင် ဖြစ်၍ ပိတ်ဆို့ ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါနယ်မြေ တစ်ဝိုက်အပါအ၀င် ပွိုင့်- ၂၁၄၅ အရှေ့ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်နေရာ အချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက် သောင်းကျန်းသူ စခန်းများကိုလည်း တပ်မတော် စစ်ကြောင်း အသီးသီးက ဆက်လက် ရှင်းလင်းလျက် ရှိနေသေးကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, March 23, 2017

ရန်လုံကျိုင်းအနီးပတ်ဝန်းကျင်မှ MNDAA အကြမ်းဖက် သောင်းကျန်းသူ အသုံးပြုသည့် Airgun သေနတ်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ MNDAA အကြမ်းဖက် သောင်းကျန်းသူများ အသုံးပြုသည့် AIRPORCE - Airguns တံဆိပ်ပါ Airgun သေနတ်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၃-၃-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ လောက်ကိုင်မြို့နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းများက MNDAA အကြမ်းဖက် သောင်းကျန်းသူ များအား ဖြန့်ခွဲထိန်းချုပ်လျက် ရှိရာ မတ် ၂၁ ရက် နံနက် ၁ဝ နာရီခွဲတွင် ရန်လုံကျိုင်း ရဲစခန်းအနီးရှိ အဆောက်အအုံ များအတွင်း နယ်မြေရှင်းလင်းစဉ် AIRPORCE -Airguns တံဆိပ်ပါ Airgun အမျိုးအစား (မှန်ပြောင်းပါ) သေနတ် တစ်လက်၊ ပွိုင့်-၂၂ ကျည်အပါအဝင် ကျည်မျိုးစုံ ၁၈၈ တောင့်၊ ကျည်အိမ်မျိုးစုံ လေးခု၊ လက်ပစ်ဗုံး လေးလုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

ရေဖြူမြို့နယ်အတွင်း သေနတ်တစ်လက် ထပ်မံသိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၃-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ် အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ကညာ ကျေးရွာနေ ညီပု (ဘ) ဦးစန်းမြင့်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြားများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူ ညီပုအား စစ်ဆေးမေးမြန်းပြီး ဆက်စပ်သတင်း များအရ ၄င်း၏ ဖခင်ပိုင်ဆိုင်သည့် ကျောက်ကညာ ကျေးရွာ၏ အရှေ့ဘက် သီဟိုဠ်ခြံ၌ သေနတ်တစ်လက် ဝှက်ထားကြောင်း သိရှိရသဖြင့် မတ် ၂၁ရက် နံနက် ၃ နာရီခန့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါနေရာသို့ သွားရောက်ရှာဖွေရာ ပွိုင့်-၂၂ သေနတ် တစ်လက်အား ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သေနတ် တစ်လက်အား ရေဖြူမြို့နယ် ရဲစခန်းသို့ စနစ်တကျ အပ်နှံပြီး ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 21, 2017

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ



နေပြည်တော် ၊ ၂၁-၃-၂၀၁၇

တနင်္သာရီတိုင်း ဒေသကြီး၊ ရေဖြူမြို့နယ်၊ ကျောက်ကညာ ကျေးရွာ နေ ညီပု (ဘ) ဦးစန်းမြင့် ၏နေအိမ်အား မတ် ၁၉ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ ဝင်ရောက် ရှာဖွေရာ ညီပုကို ရဲဝဏ္ဏကျော် (ဘ) ဦးကျော်မောင်၊ ဟိန်းသူရဇော် (ဘ) ဦးဆန်နီ၊ ညီငယ် (ဘ) ဦးအောင်သန်း တို့နှင့်အတူ တွေ့ရှိရပြီး ၄င်းတို့အနီးမှ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၁ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် ၁ သိန်းခွဲခန့်) နှင့် ငွေစက္ကူ ရောရာ ငါးသိန်းကျော် တို့ကို တွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် သတင်းအရ ညီငယ်၏ နေအိမ်အား ဆက်လက် ရှာဖွေရာ နေအိမ်ခြံဝင်း အတွင်းမှ ပစ္စတိုသေနတ် တစ်လက်၊ ၉ မမကျည် ၁၅၇ တောင့်၊ ၄င်းကျည်အိမ် နှစ်ခု၊ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ၄င်းကျည် နှစ်တောင့်၊ ပွိုင့်-၂၂ သေနတ် တစ်လက်၊ ၄င်းကျည် ၈ဝဝ တောင့် ၊ ၄င်းကျည်အိမ် နှစ်ခု၊ နှစ်လုံးပြူးသေနတ် တစ်လက်၊ ၄င်းကျည် တစ်တောင့်တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အလားတူ ကော့သောင်းမြို့၊ အေးရိပ်ငြိမ် ရပ်ကွက်၊ ဗိုလ်ရွှဲ(၃) လမ်းနှင့် ဦးသုခ ရေခဲစက် လမ်းထောင့်၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ စောင့်ဆိုင်းစဉ် ဇွဲမြင့်ဦး (ဘ) ဦးမောင်မြင့် မောင်းနှင်၍ ကျော်သူရ (ဘ) ဦးခင်မောင်ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် အား ရပ်တန့် စစ်ဆေးရာ ထားဝယ်မြို့၊ ညောင်ရမ်း တောင်ရပ်ကွက်နေ မင်းသက်ဌေး (ဘ) ဦးကျော်ထွန်းက ပို့ဆောင်ခိုင်းသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅၉ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၉ သိန်းကျော်) တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ သူများအား ရေဖြူမြို့နယ် ရဲစခန်းနှင့် ကော့သောင်းမြို့မ ရဲစခန်းတို့၌ တရားဥပဒေ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, February 7, 2017

မောင်တောမြို့နယ်အတွင်း ကျပ်သိန်း ရှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ခဲယမ်းများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူများအား မူးယစ်ဆေးဝါးများ ၊ ခဲယမ်းများနှင့်အတူ တွေ့ရစဉ်


နေပြည်တော် ၊ ၇-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်း စစ်ဆေးရေးဂိတ် ၌ တပ်မတော် စစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ဖေဖော်
ဝါရီ ၅ ရက် ညနေ ၆ နာရီခန့်တွင် အငူမော်မှ မောင်တောမြို့ ဘက်သို့ မောင်တောမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ရွှေဗဟိုရ်ဘုန်း ကြီးကျောင်းတွင် သီတင်းသုံး နေထိုင်သည့် ယာဉ်မောင်း ဥူးပညာနန္ဒ လူအမည် မင်းနိုင်(ဘ) ဦးမောင်ရင်ထွန်း မောင်းနှင်၍ ဥူးအာစာရ လူအမည် အေးလွင် (ဘ) ဦးငပြား လိုက်ပါလာသည့် Kluger အမျိုးအစား ယာဉ်အမှတ် 1J/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းမှ ပလတ်စတစ် အနက်ရောင်ဖြင့် ထုပ်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ် ဆေးပြား ၄ဝ ထုပ်( ခန့်မှန်း သုံးသိန်းပြားခန့်၊ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၆ဝဝဝ ခန့်) ကိုတွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ များအား စစ်ဆေးမေးမြန်း ချက်အရ အဆိုပါ ဘုန်းကြီးကျောင်း အား ဆက်လက်ရှာဖွေရာ ဆာလာအိတ် ၁၉ အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၄ဝ ပြား (စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ရှစ်သောင်းခန့်) နှင့် ကျောင်း၏ ဘေးအဆောင်မှ ဘီအေ- ၉၁ လက်ပစ်ဗုံး တစ်လုံး၊ ဖျူ့စ်တစ်ခု၊ ကျည်မျိုးစုံ ၉၄ တောင့်နှင့် ကျောင်းတွင် နေထိုင်သူ ဦးသိန်းရွှေ (ဘ) ဦးလူပုချေ အား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိ ခဲ့သည်။

ဖမ်းဆီးရမိသူများ၊ ယာဉ်၊ မူးယစ်ဆေးဝါး များနှင့် ခဲယမ်းများအား မောင်တောမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ လျက်ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, January 23, 2017

KIA တပ်ရင်း(၃၆)မှ တပ်သားအဆင့်ရှိသူ တစ်ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ


နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကြူကုတ် (ပန်ဆိုင်း)မြို့အနီး နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်း သည် ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်တွင် ကြူကုတ်(ပန်ဆိုင်း) မြို့၏ အရှေ့တောင်ဘက် ၃ မိုင်ခန့်အကွာ၌ တောင်ယာတဲ တစ်လုံးအားတွေ့ရှိ သဖြင့် ဝင်ရောက် ရှင်းလင်းရာ KIA တပ်ရင်း(၃၆)မှ တပ်သားအဆင့်ရှိ မန်အော ကိုဖမ်းဆီးရမိ ခဲ့ပြီး လက်နက်များ ဝှက်ထားကြောင်း စစ်ဆေးသိရှိ ရသဖြင့် အဆိုပါဝန်းကျင် တစ်ဝိုက် ရှင်းလင်းခဲ့ရာ အမ်- ၂၂ သေနတ်သုံးလက်၊ ၄င်းကျည်အိမ် ၄ ခု၊ ၄င်းကျည် ၃၁ဝ တောင့်၊ အာပီဂျီဒုံးသီး (ပို့ကျည်အပါ) ၈ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ကျည်ကာအင်္ကျီ ၄ ထည်နှင့် ကျည်ကာဦးထုပ် ၄ လုံးတို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

တာမိုးညဲမြို့အထွက်၌ လက်နက်/ခဲယမ်း များနှင့် တရားမ၀င်သစ်များ ဖမ်းဆီးရမိ





နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တာမိုးညဲမြို့ အထွက်လမ်းဆုံ၌ တပ်မတော် စစ်ကြောင်းသည် ယာဉ်ဝင်/ထွက်မှု များအား ရှောင်တခင် စစ်ဆေးစဉ် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တာမိုးညဲဘက်မှ တီးမားကျေးရွာ ဘက်သို့ ယာဉ်မောင်း ဦးစိုင်းကျော်ဝင်း (ဘ) ဦးစိုင်းစံထွန်း မောင်းနှင်၍ ဦးသန်းမောင် လိုက်ပါလာသည့် ပါဂျဲရိုး အမျိုးအစား ယာဉ်အမှတ် YGN-7D/----- အား ရပ်တန့်စစ်ဆေးရာ ဦးသန်းမောင်၏ အင်္ကျီအိတ်ကပ် အတွင်းမှ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၇ တောင့်နှင့် ယာဉ်ပေါ်မှ တရားမ၀င် သယ်ဆောင် လာသည့် တမလန်းနှင့် ပိတောက်အမျိုးအစား သစ်ခွဲသားဆိုဒ်စုံ ၇၄၀ ချောင်းတို့ကို တွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၊ ယာဉ်နှင့်သစ်များအား တာမိုးညဲနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် KIA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ များက မော်တောင်း ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်တိုက်ခိုက် ခဲ့ရာ ရန်သူသည် အနောက်တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်သူ့ဘက်မှ KIA တပ်ရင်း ၃၆ လည်စည်းပါ ယူနီဖောင်းဝတ် ရန်သူ့အလောင်း ၁ လောင်း၊ အမ် -၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခုနှင့် ၎င်းကျည် ၂၀၀ တောင့်၊ အာပီဂျီဒုံးသီး ၅ လုံး၊ အာပီဂျီပို့ကျည် ၁ တောင့်၊ ဗုံးသီး ၁ လုံး၊ KIA ဘက်တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ KIA တပ်ရင်း ၃၆ တံဆိပ်ပါလည်စည်း ၄ ခု၊ KIA ဘက်တံဆိပ် ၁ စုံ၊ KIA အဆင့်တံဆိပ် ၁ စုံနှင့် KIA ရှာထိုးဦးထုပ် ၁ လုံးတို့ကို ရရှိခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, January 9, 2017

တပ်မတော်စစ်ကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊ အကြမ်းဖက် သောင်းကျန်းသူများထံမှ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၉-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုနောင်ကျေးရွာ ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

ဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်း ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ဟိုနောင်ကျေးရွာ ၏အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက် သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

အဆိုပါဖြစ်စဉ်များ အတွင်း အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အေကေ ၄၇ ကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၃ဝ တောင့်၊ ဗုံးသီးခြောက်လုံး၊ ကျောပိုးအိတ် လေးလုံး၊ ပြောက်ကျား ယူနီဖောင်း နှစ်စုံ၊ TNLA လည်စည်းတစ်ခု၊ ဆန်စလွယ်နှစ်ခု၊ စောင်ထူ သုံးထည်၊ အရပ်ဝတ်နှစ်စုံ၊ ဘက်ထရီအိုး နှစ်လုံး၊ ဒီတိုနေတာ တစ်ခုနှင့် ရေပုံးနှစ်ပုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက ဆက်လက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၁၁)

Thursday, January 5, 2017

ဘူးသီးတောင်မြို့နယ်အတွင်း လက်နက်ကိုင်အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ရောက်ပြီး သူများအပါအ၀င် လက်နက်များ ဖော်ထုတ်ဖမ်းဆီးရမိ


သိမ်းဆည်းရမိသည့် ဒေန္တရလုပ် လက်နက်များကို တွေ့ရစဉ်

ဖမ်းဆီးရမိ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူနှင့် သင်တန်းတက်ပြီးသူများကို တွေ့ရစဉ်

နေပြည်တော် ၊ ၅-၁-၂၀၁၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင် ရှိ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် အား ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွားပြီး မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ဘင်္ဂါလီ အကြမ်းဖက် တိုက်ခိုက်သူ များသည် မောင်တောမြို့နယ် မှတစ်ဆင့် ဘူးသီးတောင် မြို့နယ်နှင့် အခြားနေရာများ သို့ပါ ထပ်မံ တိုက်ခိုက်ရန် လက်နက်ကိုင် အကြမ်းဖက် သင်တန်းများ ဖွင့်လှစ် လေ့ကျင့်ခြင်း၊ လက်နက်၊ ခဲယမ်းများ စုဆောင်းခြင်း စသည့် ကြိုတင် သတင်းများ ရရှိခဲ့သည်။ အဆိုပါ သတင်းများအရ ဘူးသီးတောင် တပ်နယ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘူးသီးတောင်မြို့နယ် အတွင်း နိုဝင်ဘာလ ကတည်းက အသေးစိတ် ဖြန့်ခွဲ ရှင်းလင်းလျက် ရှိရာ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ဘူးသီးတောင်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မောင်ကြီးတောင် ကျေးရွာ ခန့်မှန်း မြေပုံညွှန်း (DU-၅၁၇ ၁၃၅) ၌ လက်နက်ကိုင် အကြမ်းဖက် သင်တန်းပို့ချသူ ဘင်္ဂါလီ မာမက်ကာရက် (ဘ) အာမီဒိန်းနှင့် လက်နက်ကိုင် အကြမ်းဖက် သင်တန်း တက်ရောက်ပြီးသူ ကူမူရူး (ဘ) တာဟဲ၊ ဒီမာမွတ် (ဘ) ရှော်ဖီးရွန်း၊ မာဒူးလာ (ဘ) မာမောက်တို့ လေးဦးကို ဖမ်းဆီးရမိ ခဲ့သည်။ ဖမ်းဆီးရမိသူ များအား စစ်ကြောမေးမြန်း ဖော်ထုတ်ချက် အရ ကျေးရွာအနီး ကွမ်းခြံအတွင်း၌ ဆာလာအိတ်ဖြင့် ထုပ်ပိုး၍ မြေကြီးအတွင်း မြှုပ်ဝှက်ထားသည့် ပြောင်းအချင်း ၁၈ မီလီမီတာခန့် ရှိသော ဒေသန္တရလုပ် ပြောင်းချော သေနတ် ၁၄ လက်ကို ထပ်မံ ဖော်ထုတ် သိမ်းဆည်းရမိ ခဲ့သည်။

ယခုအခါ နိုင်ငံတကာ သတင်းဌာနတချို့ နှင့် အင်တာနက် သတင်းစာမျက်နှာ များ၌ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂါလီများကို လူမျိုးတုံး သတ်ဖြတ်ခြင်း (Genocide) အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းအရာ မျိုးစုံဖြင့် သတင်းမှားများ ဖော်ပြလျက် ဝါဒဖြန့် လှုံ့ဆော်လျက် ရှိရာ ယခုဖြစ်စဉ်အရ တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ညှဉ်းပန်း နှိပ်စက်မှု သတ်ဖြတ်မှုများ ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ဆူပူအကြမ်းဖက် တိုက်ခိုက်လိုသူ ဘင်္ဂါလီများကသာ ရခိုင်ပြည်နယ် အတွင်း ထပ်မံအကြမ်းဖက် တိုက်ခိုက်ရန်နှင့် မောင်တောမြို့နယ် အပြင် အခြားမြို့နယ် များသို့ပါ စိမ့်ဝင်ထိုးဖောက် ဝင်ရောက်ပြီး တပ်မတော်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ကိုသာမက ဒေသခံ ရခိုင်တိုင်းရင်းသား များကိုပါ ထပ်မံ တိုက်ခိုက်ရန် တိုးမြှင့်ကြံစည် လုပ်ဆောင် နေခြင်းသာ ဖြစ်ကြောင်း တွေ့ရှိရသည်။

ဖမ်းဆီးရမိသူ များနှင့် ပတ်သက်၍ ဆက်စပ်တရားခံ များနှင့် သတင်းဆက်များ ဖော်ထုတ် ရရှိနိုင်ရေး ဆက်လက် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။


မြ၀တီနေ့စဉ်သတင်းစာ

Thursday, December 29, 2016

တပ်မတော်က သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သော KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းနှင့် ပတ်ဝန်းကျင် စခန်းငယ်များမှ လက်နက်၊ ခဲယမ်း နှင့် မူးယစ်ဆေးဝါး အမြောက်အမြား သိမ်းဆည်းရမိ


KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းကို သိမ်းပိုက်အပြီး 
တပ်မတော်သားများ အောင်ပွဲခံစဉ်

KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းတောင်ကုန်းပေါ်ရှိ 
ဘန်ကာတစ်ခုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၉-၁၂-၂၀၁၆

ဒီဇင်ဘာ ၂၇ ရက်တွင် တပ်မတော် စစ်ကြောင်းများက KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖော် ) စခန်းနှင့် ပတ်ဝန်းကျင် စခန်းငယ်များအား သိမ်းပိုက်ရရှိခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းတွင် အသေးစိတ် ရှင်းလင်းခဲ့ရာ သေဆုံးနေသော ရန်သူ အလောင်းများ နှင့်အတူ ၆၀ မမ စိန်ပြောင်း ၂ လက် အပါအ၀င် လက်နက်မျိုးစုံ ၁၀ လက် ၊ ခဲယမ်း အမြောက်အမြား နှင့် WY စာတန်းပါ စိတ်ကြွ မူးယစ်ဆေးဝါး ၁၀၀၀၀ ပြားတို့ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများမှ အရာရှိ၊ စစ်သည် အနည်းငယ်သာ ထိခိုက်ဒဏ်ရာ ရရှိမှုရှိခဲ့ပြီး ဒဏ်ရာရသူ များသည်လည်း သက်ဆိုင်ရာ တပ်မတော်ဆေးရုံ များသို့ ရောက်ရှိ ကုသခံယူလျက် ရှိကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက သွေးတိုးစမ်း တိုက်ခိုက်ခဲ့စဉ် အရာရှိ၊ စစ်သည်တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကာ လက်နက် ခုနစ်လက် ဆုံးရှုံးခဲ့ ရကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက အသေးစိတ် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

မုံးကိုးမြို့နှင့် အနီးတစ်ဝိုက် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၂၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့နှင့် အနီး ပတ်ဝန်းကျင်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးနှင့် လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် မုံးကိုးမြို့အနီး လမ်းဘေးချုံ အတွင်းမှ ဆာလာအိတ်ဖြင့် ထုပ်ထားသော အမ် ၂၁ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၂၁ တောင့်တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့် တွင်လည်း မုံးကိုးမြို့၊ အမှတ်(၆) ရပ်ကွက်ရှိ လူမနေသည့် အိမ်ဟောင်းအတွင်းမှ ပစ္စတို တစ်လက်၊ ကျည်မျိုးစုံ ၅၃၃ တောင့်၊ RPG ဗုံးသီးနှစ်လုံး၊ စက်လတ် ကျည်ခါးပတ် နှစ်ခု၊ လက်ပစ်ဗုံးနှစ်လုံး နှင့် လမ်းလျှောက် စကားပြောစက် တစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများက နယ်မြေ လုံခြုံရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Wednesday, December 28, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူ များ အခြေပြုထားသည့် တော့စန်ဘုရားကုန်း အား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက် ၊ အကြမ်းဖက်သောင်းကျန်းသူ များ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိ


လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာရရှိသူ ဒေသခံတစ်ဦးအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကျောက်မဲမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက် ရှိစဉ် ယမန်နေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မဲ မြို့နယ်၊ တော့စန်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာရှိ ဘုရားကုန်းနေရာ မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁၅ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် တော့စန် ဘုရားကုန်း အားသိမ်းပိုက် ရရှိခဲ့ပြီး ရန်သူများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော ရန်သူ့နောက်သို့ လိုက်လံရှင်းလင်း ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်မောင်းကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ ပွိုင့် ၁၂၉၂ တောင်ကုန်းပေါ် မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ရန်သူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

TNLA အကြမ်းဖက် သောင်းကျန်းသူများ သည် ဆုတ်ခွာထွက်ပြေးစဉ် ညောင်မောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ်ခုနစ်လုံး လက်နက်ကြီးဗုံးသီး ထိမှန်ခဲ့၍ အမိုး၊ အကာများ ပျက်စီးခဲ့ကာ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များတွင် မိမိစစ်ကြောင်းမှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူ့ထံမှ ပွိုင့် ၃ဝ ကာဘိုင်တစ်လက်၊ အေကေ ၄၇ သေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်မျိုးစုံ ၂၉၃ တောင့်၊ ကျောပိုးအိတ် တစ်လုံး၊ ယူနီဖောင်း ပြောက်ကျား တစ်စုံနှင့် Jammer တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Friday, December 16, 2016

မုံးကိုးမြို့နှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်မှ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


သိမ်းဆည်းရမိ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့နှင့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၁ဝ နာရီခန့်တွင် ရပ်ကွက်(၆)ရှိ လူမနေသည့် အိမ်ခြံစည်းရိုး အနီးမှ အမ် ၂၂ ကျည် ၂ဝဝ တောင့်၊ ၄င်းကျည်အိမ် နှစ်ခု၊ ရှေ့ထွက်မိုင်း တစ်လုံး၊ ဒီတိုနေတာ ငါးခု၊ လက်ပစ်ဗုံး တစ်လုံးနှင့် ပွိုင့် - ၂၂ ပို့ကျည် ၂ဝဝ တောင့် တို့အား တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ဟေမိုးလုံကျေးရွာ ၏ အနောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ လမ်းဘေး ချုံအတွင်းမှ ဆာလာအိတ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် အမ်-၂၂ ကျည် ၅၆ တောင့်၊ ၄င်းကျည်အိမ် သုံးခုနှင့် ရှေ့ထွက်မိုင်း ကိုယ်ထည်တစ်ခု တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်း လင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

#Themyawadydaily

Thursday, December 15, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းစဉ် လက်နက်များ ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ ရှာဖွေသိမ်းဆည်းရမိ


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မန်မောင်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂ဝဝ ခန့်အကွာရှိ ပြောင်းခင်း အတွင်းမှ ဆာလာအိတ် အနက်ရောင်ဖြင့် ထုပ်ပိုးထားသည့် အမ် ၂၂ သေနတ်တစ်လက်၊ ၄င်းကျည်အိမ်နှစ်ခု၊ ၄င်းကျည် ၁၃၁ တောင့်နှင့် လက်ပစ်ဗုံးနှစ်လုံး တို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အလားတူ ယမန်နေ့မွန်းလွဲ ၂ နာရီခန့်တွင်လည်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းစဉ် ဖောင်းဆိုင်ကျေးရွာ ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဝါးရုံအတွင်းမှ အမ် ၂၂ ကျည် ၉၅ဝ တောင့်၊ ကျည်အိမ် ၂၂ ခု၊ အာရ်ပီဂျီဒုံးသီး ငါးလုံး၊ အာရ်ပီဂျီပို့ကျည် တစ်တောင့်၊ ကြိုးဆွဲ လက်ပစ်ဗုံး လေးလုံး၊ အီကွေ့မန့် ခြောက်စုံ၊ ပလတ်စတစ်မြေခင်းစ ခုနစ်ထည်၊ ဆန်စလွယ်နှစ်ခု၊ ကေအိုင်အေ ပြောက်ကျားနှင့် အစိမ်းရောင် ယူနီဖောင်း ရှစ်စုံနှင့် ဦးထုပ်ကိုးလုံး တို့ကို ထပ်မံသိမ်းဆည်း ရမိခဲ့သည်။

ထို့အတူ ယမန်နေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် တန်ရန်ကျန် ကျေးရွာအတွင်းရှိ လူမနေသည့် အိမ်ဟောင်း တစ်လုံးအတွင်း မှ တူမီးသေနတ် လေးလက်၊ ကေအိုင်အေ ဦးထုပ်တစ်လုံး၊ မုံးပေါ်ပြည်သူ့စစ် ယူနီဖောင်း တစ်စုံနှင့် ကေအိုင်အေ ယူနီဖောင်းဖြင့် ရိုက်ထားသည့် ဓာတ်ပုံနှစ်ပုံ ကိုလည်းကောင်း၊ နမ့်ဆူကျေးရွာ၏ မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ချောင်းချောက် အတွင်းမှ ကြိုးဆွဲ လက်ပစ်ဗုံး နှစ်လုံး ကိုလည်းကောင်း ထပ်မံတွေ့ရှိ သိမ်းဆည်းရမိ ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Wednesday, December 14, 2016

TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးအား ဖမ်းဆီးရမိ


ဖမ်းဆီးရမိ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့် နှင့် 
ကြိုးဆွဲလက်ပစ်ဗုံးကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့နယ် ၀န်းကျင်တစ်ဝိုက် တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ တစ်ချို့ရောက်ရှိ နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နံနက် ၂ နာရီခန့်မှစ၍ ရှောင်တခင် စစ်ဆေးခြင်း များဆောင်ရွက်စဉ် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ တပ်သားအဆင့်ရှိ အောင်ဆန်းမြင့် အား ဇယန်းကြီးကျေးရွာရှိ ၎င်းနေအိမ်၌ လက်နက်မဲ့ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်ခြံဝင်း အတွင်း ၀ါးရုံပင်များအောက်မှ ပလတ်စတစ် အဖြူရောင်ဖြင့် ထုတ်ပိုးထားသည့် ကြိုးဆွဲ လက်ပစ်ဗုံး ၁ လုံးအား သိမ်းဆည်းရမိ ခဲ့သည်။

စစ်ဆေး မေးမြန်းချက်များ အရ ၎င်းသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက ဟူးခင်ကျေးရွာ၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ အတင်းအဓမ္မ လူသစ် စုဆောင်းခြင်းခံ ခဲ့ရပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ထွက်ပြေးလာကာ ဇယန်းကြီးကျေးရွာ ၌ နေထိုင်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ကနဦး သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ခြင်း ရှိ/ မရှိနှင့် အကြမ်းဖက် သမားများနှင့် ဆက်စပ်သည့် သတင်းများ ရရှိရေး အသေးစိတ် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Sunday, December 11, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင်အား တပ်မတော်စစ်ကြောင်း များက နယ်မြေရှင်းလင်းစဉ် လက်နက်များ ၊ ခဲယမ်းများ ရှာဖွေသိမ်းဆည်းရမိ








နေပြည်တော် ၊ ၁၁-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက ဒေသတည်ငြိမ် အေးချမ်းမှု ရှိစေရန်နှင့် ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ ပြန်လည် နေထိုင်နိုင်ရန် နေ့ညမပြတ် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းတွင် တပ်မတော် စစ်ကြောင်းသည် ကုန်းကြမ်းမြို့နယ်၊ ရှင်ပင်ကိုင်း ကျေးရွာတောင်ဘက် မီတာ ၂ဝဝဝ ခန့် အကွာသို့ ရောက်ရှိနယ်မြေ ရှင်းလင်းစဉ် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွား ခဲ့ပြီး MNDAA အကြမ်းဖက် သောင်းကျန်းသူ အလောင်း နှစ်လောင်း၊ အမ် ၂၂ သေနတ်နှစ်လက်၊ ကျည်အိမ်လေးခု၊ အမ် ၂၂ ကျည် ၆ဝ တောင့်၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး သုံးလုံး သိမ်းဆည်းရမိ ခဲ့ပြီး မုံးကိုးမြို့အတွင်း နှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်၌ နယ်မြေ ရှင်းလင်းစဉ် အမ် ၂၂ သေနတ် နှစ်လက်၊ ပွိုင့် ၂၂ သေနတ် နှစ်လက်၊ လေသေနတ် လေးလက်၊ အမ် ၂၂ ကျည်အိမ်ကိုးခု၊ မှန်ပြောင်းမျိုးစုံ လေးခု၊ ကျည်မျိုးစုံ ၁၇၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ ပို့ကျည် သုံးတောင့်ပါ အာပီဂျီဒုံးသီး နှစ်လုံး၊ တိုက်မိုင်း တစ်လုံး၊ လမ်းလျှောက် စကားပြောစက် နှစ်လုံး၊ မိုင်းရှာစက် တစ်လုံး၊ ကျောပိုးအိတ် တစ်လုံး၊ KIA ကုတ်အင်္ကျီ နှစ်ထည်၊ ပြည်သူ့စစ်တံဆိပ် တပ်ဆင်ထားသည့် ယူနီဖောင်း ၃၃ စုံနှင့် အရပ်သား အလောင်း ခုနစ်လောင်းတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

ထို့ပြင် ယမန်နေ့နံနက် ၁၁ နာရီခန့် တွင်လည်း မုံးကိုးစခန်း၏ အရှေ့ဘက်ရှိ ချုံအတွင်းမှ အမ်၂၂ သေနတ်တစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ၄င်းကျည် ၂ဝ တောင့်နှင့် လွယ်ကြိုးတစ်ချောင်း တို့ကို လည်းကောင်း၊ ယမန်နေ့မွန်းလွဲ ၁ နာရီခန့်တွင် မုံးကိုးမြို့၊ အမှတ်(၆) ရပ်ကွက်အနီး ကြံခင်းအစပ် နေရာ၌ အမ် ၂၂ သေနတ် တစ်လက်၊ ၄င်းကျည်အိမ် သုံးခု၊ လက်ပစ်ဗုံး သုံးလုံးနှင့် ၉ ဒသမ ၄၅ ကျည် ၃ဝဝ တောင့်တို့ အားလည်းကောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ဟေမိုးလုံကျေးရွာ တောင်ဘက် မီတာ ၅ဝဝခန့်အကွာ ကြံခင်းအစပ် နေရာ၌ အာပီဂျီဒုံးသီး နှစ်လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ စက်လတ်ကျည် ၄၅ တောင့်၊ အမ် ၂၂ ကျည် ၂ဝ တောင့်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Friday, December 9, 2016

မုံးကိုးမြို့အတွင်း နှင့် အနီးဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်စဉ် လက်နက် ၊ ခဲယမ်းများ တွေ့ရှိသိမ်းဆည်း


သိမ်းဆည်းရမိလက်နက် ၊ ခဲယမ်းများကို တွေ့ရစဉ်



နေပြည်တော် ၊ ၉-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မုံးကိုးမြို့သို့ တပ်မတော်စစ်ကူ စစ်ကြောင်းများ ရောက်ရှိပြီးနောက် မြို့လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု ရှိစေရန်၊ အများပြည်သူများ အေးချမ်းစွာ ပြန်လည်နေထိုင် နိုင်ရေး နယ်မြေရှင်းလင်း ရေးများ ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် မုံးကိုးမြို့ ရဲစခန်းအတွင်းမှ အမ် ၂၂ သေနတ် ရှစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ခြောက်လုံးပြူး လေးလက်၊ ၄င်းကျည် ၂ဝဝ တောင့်၊ အမ် ၂၃ ကျည်အိမ် အဝိုင်း ကိုးခုနှင့် ကျည်ခါးပတ် တစ်တွဲတို့ကို တွေ့ရှိ သိမ်းဆည်းရမိ ခဲ့သည်။

အလားတူ ယမန်နေ့တွင်လည်း တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိရာ မုံးကိုးမြို့အတွင်းမှ ၆ဝ မမ စိန်ပြောင်း တစ်လက်၊ ၄င်းလက်နက် နှစ်ချောင်းထောက် အောက်ခံခုံပါ တစ်စုံနှင့် ချိန်ဆိုဒ်တစ်ခု၊ ၄င်းဗုံးသီး ခုနစ်လုံး၊ ပစ္စတို နှစ်လက်၊ ၄င်းကျည် ၃၇ တောင့်၊ အမ် ၂၂ သေနတ် နှစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ ရိုင်ဖယ်သေနတ် တစ်လက်၊ လုပ်သေနတ် တစ်လက်၊ အမ် ၂၂ ကျည်အိမ် ကိုးခု၊ အမ် ၂၂ ကျည် ၉၄ဝ တောင့်၊ လက်ပစ်ဗုံး ၁၃ လုံး၊ အမ် ၁၆ ကျည် ၃၈ဝ တောင့်၊ စနိုက်ပါမှန်ပြောင်း တစ်ခုနှင့် လမ်းလျှောက် စကားပြောစက် သုံးလုံးတို့ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် မုံးကိုးမြို့အတွင်းနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား နေ့ညမပြတ် နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger