www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အိုးအိမ်တည်ဆောက်မှု. Show all posts
Showing posts with label အိုးအိမ်တည်ဆောက်မှု. Show all posts

Thursday, January 17, 2019

လှိုင်သာယာ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ငွေအကျေပေးသွင်းနိုင်သူများကို ပထမဦးစားပေး အဖြစ် စတင်ရောင်းချ

လှိုင်သာယာ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ ငွေအကျေပေးသွင်းနိုင်သူများကို ပထမဦးစားပေး အဖြစ် စတင်ရောင်းချ
-
ရန်ကုန် ဇန်နဝါရီ ၁၆ 
-
လှိုင်သာယာမြို့နယ်၌ တည်ဆောက်ထားသည့် ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများကို ငွေအကျေ ပေးသွင်းနိုင်သူများအား ဇန်နဝါရီ ၁၄ ရက်က ပထမဦးစားပေးအဖြစ် စတင် ရောင်းချပေးခဲ့ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
လက်ရှိတွင် ယင်းတိုက်ခန်းများကို ငွေလက်ငင်း အကျေပေးသွင်းနိုင်သူများအား ပထမဦးစားပေး၊ ပထမအရစ် တိုက်ခန်းတန်ဖိုး တစ်ဝက်တိတိ ပေးသွင်းနိုင်သူများအား ဒုတိယဦးစားပေးနှင့် ပထမအရစ် ၃ဝ ရာခိုင်နှုန်းပေး သွင်းနိုင်သူများအား တတိယဦးစားပေးအဖြစ် အဆင့်သုံးဆင့်ခွဲ၍ ရောင်းချပေးနေခြင်း ဖြစ်ပြီး ငွေအကျေ ပေးသွင်း၍ လက်ငင်း ဝယ်ယူသူများကို ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဦးရာလူစနစ်ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ 
-
''ငွေလက်ငင်းအကျေ ပေးသွင်းနိုင်တဲ့သူတွေကို ပထမဦးစားပေးပြီး ဦးရာလူစနစ်နဲ့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၈ ရက်အထိ ရောင်းချပေးနေပါတယ်။ ဘဏ်ချေးငွေနဲ့ ဝယ်မယ့်သူတွေကတော့ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း လာရောက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။ 
-
လက်ငင်းဝယ်ယူသူများသည် ဦးရာလူစနစ်ဖြင့် သတ်မှတ်စည်းကမ်းချက်အတွင်း၌ တစ်ဦးလျှင် တစ်ခန်းစီသာ တန်းစီ ဝယ်ယူခွင့်ရခြင်း ဖြစ်ပြီး ဝယ်ယူခွင့် တန်းစီအမှတ်စဉ်များအတိုင်း အမှတ်စဉ်သတ်မှတ်ကာ မြန်မာ့စီးပွားရေးဘဏ်ခွဲ (၁) ၌ ငွေသွင်းပြီး ငွေသွင်းချလန်နှင့်အတူ မြေညီထပ်ဘဏ္ဍာရေးဌာနရှိ ငွေတိုက်သို့ အပ်နှံရမည် ဖြစ်ကြောင်း သိရသည်။ 
-
ထို့ပြင် ဝယ်ယူခွင့် ရရှိသူကိုယ်တိုင် ငွေသွင်းချလန်မူရင်းနှင့် မိတ္တူ၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့် မိတ္တူ၊ ဌာနမှ ထုတ်ပေးသည့် ငွေအကျေတိုက်ခန်း လျှောက်လွှာပုံစံမူရင်းတို့ဖြင့်အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲသို့ ဇန်နဝါရီ ၂၁ ရက်မှစ၍ မိမိဝယ်ယူထားသော တိုက်ခန်း၌ တက်ရောက်နေထိုင်ခွင့် အကြောင်းကြားစာများ ထုတ်ယူရမည် ဖြစ်ကြောင်း သိရသည်။ 
-
လက်ရှိရောင်းချနေသည့် ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာ၏ အခန်းတန်ဖိုးများမှာ ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၁ဝ၂ သိန်း၊ ၁ဝ၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သိန်း၊ ၁၃၉ သိန်း၊ ၁၄၂ သိန်းတို့ဖြင့် ရောင်းချနေခြင်း ဖြစ်ပြီး အခန်းအကျယ်အဝန်း အနေဖြင့် ၄၈၄ စတုရန်းပေပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း သိရသည်။ 
-
ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်း၊ ၂၇၄ သိန်း တို့ဖြင့် ရောင်းချလျက်ရှိပြီး အခန်းအကျယ်အဝန်းအနေဖြင့် ၆၅ဝ စတုရန်းပေပတ်လည် ရှိကြောင်း သိရသည်။ 
-
ဇွန်သီတာ
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, July 24, 2018

မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေးကဏ္ဍအတွက် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၉၉၉၁ သန်းကျော်ဖြင့် ဆောင်ရွက်ထား



မကွေး ၂၄-၇-၂ဝ၁၈

မကွေးတိုင်း ဒေသကြီးအတွင်း ကျန်းမာရေး ကဏ္ဍအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ပြည်ထောင်စု အစိုးရခွင့်ပြုရန် ပုံငွေကျပ် ၁၉၉၉၁ ဒသမ ၇၃၁သန်းဖြင့် ဆောင်ရွက် ထားရှိကြောင်း မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးထံမှ သိရသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဝန်ထမ်းအိမ်ရာများကို မြို့နယ် အသီးသီးမှ ကျေးလက် ကျန်းမာရေးဌာန ၁၆ခုနှင့် ကျေးလက်ကျန်းမာရေး ဌာန(ခွဲ) ၉၆ခုတို့ကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၈၄၄၈ ဒသမ ၃၄၅သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) ၂၁၄ခုကို ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၂၂၃၉ ဒသမ ၆၈၆သန်းဖြင့် ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် ထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက် ရာတွင်တိုက်နယ် ဆေးရုံ ၁ဝ ခုရှိ တိုးချဲ့လူနာ ဆောင်များ၊ ဝန်ထမ်းအိမ်ရာများ၊ ဆေးစတိုနှင့် ခွဲစိတ်ခန်း ဆောက်လုပ်ရန် ပြည်ထောင်စု အစိုးရခွင့်ပြု ရန်ပုံငွေကျပ် ၆၇၁၈ သန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့ကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း အမျိုးအစား ၁၉ဝ ဝယ်ယူ ဖြည့်တင်းရေးအတွက် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၈၅ ဒသမ ၇ သန်းဖြင့် ဝယ်ယူပံ့ပိုးနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, July 2, 2018

အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်တန်ဖိုးရှိ တည်ဆောက်ရေး စီမံကိန်းကိုးခု အကောင်ထည်ဖော်မည်



ရန်ကုန် ၂-၇-၂ဝ၁၈

ရန်ကုန်မြို့၌ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်တန်ဖိုးရှိ တည်ဆောက်ရေး စီမံကိန်းကိုးခုကို အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မုတ္တမဟိုးလ်ဒင်း လီမိတက် ဥက္ကဋ္ဌ ဦးရန်ဟော်ထံမှ သိရသည်။

အဆိုပါစီမံကိန်း ကိုးခုအနက် ပြည်လမ်း၌ တည်ဆောက်နေသည့် M Tower ၊ မင်းဓမ္မလမ်းပေါ်ရှိ Min Residences၊ မင်္ဂလာဒုံမြို့နယ်ရှိ Mottama Centre နှင့် တန်ဖိုးနည်းအိမ်ရာ M Green Apartment စသည့် စီမံကိန်းတို့ကို နိုင်ငံခြားမိတ်ဖက် ကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည် ဖော်မည်ဖြစ်သည်။ ထို့ပြင် ကန်တော်ကြီး အပန်းဖြေဥယျာဉ် အတွင်းရှိ Myanmar Aquarium ၊ ကမ်းနားလမ်းပေါ်ရှိ Harbour Trade Tower ၊ ပြည်လမ်းပေါ်ရှိ HL Tower၊ ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ Bonnamy Tower နှင့် မင်းဓမ္မလမ်းပေါ်ရှိ Mottama Business Tower စီမံကိန်းငါးခုကို ပြည်တွင်းမိတ်ဖက် ကုမ္ပဏီများနှင့် အကောင်အထည် ဖော်လျက်ရှိကြောင်း သိရသည်။

''ဒီစီမံကိန်းတွေကို လူစည်ကားတဲ့နေရာ တွေမှာသာမက မြို့ပြင်လူနေမှု စနစ်တိုးတက်လာဖို့ လိုအပ်နေတဲ့ နေရာတွေမှာပါ လုပ်ဆောင်နေတာပါ။ ဒီလိုဖော်ဆောင်တဲ့ နေရာမှာ စီးပွားရေးဆိုင်ရာ၊ အများပြည်သူ အပန်းဖြေ ကြည့်ရှုဖို့နေရာ၊ လူနေထိုင်ဖို့နဲ့ ဈေးဝယ်စင်တာ တွေလည်း ပါဝင်ပါတယ်။ ဒီစီမံကိန်းတွေ အားလုံးကို ၂ဝ၂၂ ခုနှစ်မှာ ပြီးစီးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်'' ဟု ဦးရန်ဟော်က ပြောသည်။

လက်ရှိတွင် စီမံကိန်းကိုးခုအနက် ခြောက်ခုကို အကောင်အထည် ဖော်နေပြီး Mottama Business Tower၊ Bonnamy Tower နှင့် M Green Apartment တို့ကို ၂ဝ၁၉ ခုနှစ်အတွင်း စတင်အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်ထားသည်။ မုတ္တမဟိုးလ်ဒင်း ကုမ္ပဏီသည် ကုမ္ပဏီခွဲပေါင်း ၂၃ ခု အထိရှိပြီး ယင်းလက်အောက်ရှိ မင်းဓမ္မကုမ္ပဏီသည် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အတွက် အခွန်အများဆုံး ပေးဆောင်သည့်ကုမ္ပဏီ ၁ဝဝ စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, May 16, 2018

အစိုးရဝန်ထမ်းများ အငြိမ်းစားယူပြီးပါက ကိုယ်ပိုင်အိမ်ခန်း၊ တိုက်ခန်းတို့ဖြင့် နေထိုင်နိုင်ရန်အတွက် အခန်းတစ်သောင်းခန့် တည်ဆောက်ပေးရန် စီစဉ်နေ


ရန်ကုန်မြို့ရှိ ဝန်ထမ်းအိမ်ရာ(ဝန်ထ မ်းအငှားအိမ်ရာ)ကို တွေ့ရစဉ်။

နေပြည်တော် ၁၆-၅-၂ဝ၁၈

နိုင်ငံတော်အစိုးရ ဝန်ထမ်းများ အငြိမ်းစားယူပြီးပါက ကိုယ်ပိုင်အိမ်ခန်း၊ တိုက်ခန်းများဖြင့် နေထိုင်နိုင်စေရန် အတွက် နိုင်ငံတော်အစိုးရက အခန်းတစ်သောင်းခန့် တည်ဆောက်ပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

လက်ရှိအစိုးရဝန်ထမ်းများ အနေဖြင့် အငြိမ်းစားယူပြီးပါက နေစရာအိမ်၊ အခန်းမရှိ၍ အခက်အခဲများ ကြုံနေကြရသည့် ဝန်ထမ်းများ ရှိနေသည်ဖြစ်ရာ နိုင်ငံတော်အစိုးရ အနေဖြင့် ဝန်ထမ်းများအတွက် အငြိမ်းစားယူပြီးပါက ကိုယ်ပိုင်နေအိမ်၊ ကိုယ်ပိုင်တိုက်ခန်း တို့ဖြင့် သိက္ခာရှိရှိ နေထိုင်သွား နိုင်ရန်အတွက် အခန်းတစ်သောင်းခန့် တည်ဆောက်ပေးရန် ဆွေးနွေးမှုများပြုလုပ်ကာ စီစဉ်လျက်ရှိသည်။

အဆိုပါ အငြိမ်းစားဝန်ထမ်းများ အတွက်ရည်ရွယ်ထားသည့် အခန်းတစ်သောင်းခန့်ကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အဓိကတည်ဆောက် သွားမည်ဖြစ်ပြီး ယခုအစိုးရ လက်ထက်တွင် အငှားအခန်း တစ်သောင်း၊ အရောင်းအခန်း တစ်သောင်းတို့ကိုလည်း တည်ဆောက်ရန် ရည်ရွယ်ထားကြောင်း၊ သို့သော်လည်း အမှန်တကယ် တည်ဆောက်ပါက အခန်းတစ်သောင်း ထက်လည်းပိုများ နိုင်သကဲ့သို့ လျော့နည်း မှုများလည်းရှိလာ နိုင်သည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပြသည်။

"အစိုးရအနေနဲ့ အိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်ဖို့ အကောင်အထည်ဖော်တဲ့ နေရာမှာ ဆောက်လုပ်ရေးပိုင်းက တစ်နှစ်ကျော်လောက်ပဲ ကြာပေမယ့် မြေနေရာရရှိဖို့ အတွက်ကတော့ ခုချိန်ထိခက်ခဲမှု တွေရှိနေပါ သေးတယ်။ ဒါကြောင့် မြေနေရာရရှိမှုနဲ့ ဘတ်ဂျက်ရရှိမှု ပေါ်မူတည်ပြီး အဆင်ပြေရင် ပြေသလို စီမံကိန်းတွေကို အမြန်ဆုံး အကောင်အထည် ဖော်သွားနိုင်မှာပါ။ ခုချိန်မှာတော့ ဆွေးနွေးမှုတွေလုပ်နေတုန်းပါ"ဟု ၎င်းကဆက်လက်၍ ပြောပြ
သည်။

ယခုအစိုးရ လက်ထက်တွင် ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း ဝန်ထမ်းများ အတွက်ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဝန်ထမ်းအိမ်ရာ ၄၆၂၇ခန်း တည်ဆောက် ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် သက်တမ်း သုံးနှစ်အတွင်းတွင်လည်း ဝန်ထမ်းအငှားအိမ်ရာ အခန်း ၇ဝဝဝ ကျော်ကို တည်ဆောက်ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

"အခုလက်ရှိ သမ္မတသစ်ရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာလဲ ဒီအငြိမ်းစားယူမယ့် ဝန်ထမ်းတွေအတွက် ကိုယ်ပိုင်နေအိမ်၊ ကိုယ်ပိုင်တိုက်ခန်းတွေနဲ့ နေနိုင်အောင် ဦးစားပေးဆောင် ရွက်သွားမယ်လို့လဲ ပြောထားပါတယ်" ဟု
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောပြ၍ သိရသည်။

#Themyawadydaily

Tuesday, February 27, 2018

မွန်ပြည်နယ်တွင် လိုင်စင်ယူထားသော ဟိုတယ် ၃၁ လုံး၊ တည်းခိုခန်း ၂၂ခန်း အခန်းပေါင်း ၁၈၅၁ ခန်းထိ တိုးတက်ဖြစ်ပေါ်လာ



နေပြည်တော် ၂၇-၂-၂ဝ၁၈

မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာနေ၍ လိုင်စင်ယူထားသော ဟိုတယ် ၃၁ လုံး၊ တည်းခိုခန်း ၂၂ ခန်းနှင့် အခန်းပေါင်း ၁၈၅၁ခန်းထိ တိုးတက် ဖြစ်ပေါ်လာကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာနေသကဲ့သို့ မွန်ပြည်နယ်၏ ခရီးသွားလုပ်ငန်းများ သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ မွန်ပြည်နယ် ဒေသသည် သာယာသောရေမြေ တောတောင် သဘာဝများရှိနေသည့်အပြင် ကျိုက်ထီးရိုး၊ ကျိုက္ခမီရေလယ်ဘုရား၊ သေမင်းတမန် ရထားလမ်း၊ မဟာမိတ်စစ်သင်္ချိုင်း၊ စက်စဲကမ်းခြေ၊ ဘီလင်းမြို့နယ်အတွင်းရှိ ကေလာသတောင်၊ ကျောက်ပိဘုရားနှင့် ကျောက်တံခါးဘုရား၊ သထုံမြို့နယ်အတွင်းရှိ မြသပိတ်စေတီ၊ ဝဲကလိရေပူစမ်း၊ ပငဆားကွင်း စသည့်လည်ပတ် လေ့လာဖွယ်နေရာ ဒေသများစွာ ရှိနေသောကြောင့် လာရောက်လည်ပတ်သူ များပြားနေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း နိုင်ငံတကာခရီးသွားများ လည်ပတ်ခွင့် ကန့်သတ်နေရာ ဒေသများကိုလည်း ဖြေလျှော့ခွင့် ပြုပေးခဲ့သဖြင့် ခရီးသွားလာသူ ပိုမိုများပြားလာခဲ့သည်။ ထိုကဲ့သို့ ခရီးသွားလည်ပတ်သူ တိုးတက်များပြား လာနေ၍မွန်ပြည်နယ်၏ ဟိုတယ်လုပ်ငန်း ဈေးကွက်များသည်လည်း တိုးတက်များပြားလာကာ တရားဝင်လုပ်ငန်း လိုင်စင်ယူ ဆောင်ရွက်နေသည့် ဟိုတယ် ၃၁လုံး၊ တည်းခိုခန်း ၂၂ခန်းနှင့် အခန်းပေါင်း ၁၈၅၁ခန်းထိ တိုးတက် ဖြစ်ပေါ်လာကြောင်း သိရသည်။

#Yadanarpondaily

Wednesday, July 5, 2017

သတ်မှတ်အထပ် အရေအတွက်ထက် ကျော်လွန်နေသည့် အဆောက်အအုံများကို ဒဏ်ကြေးငွေတိုးမြှင့် အရေးယူနေသော်လည်း လိုက်နာမှုအားနည်းနေ



မန္တလေး ၅-၇-၂၀၁၇

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် အထပ်အရေအတွက်ထက် ကျော်လွန်ဆောက်လုပ်နေသည့် အဆောက်အအုံများကို ဒဏ်ကြေးငွေတိုးမြှင့် အရေးယူနေသော်လည်း လိုက်နာမှုအားနည်း နေသေးကြောင်း မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် မြို့နယ်ခြောက်မြို့နယ် အတွင်း၌ ယခင်က အဆောက်အအုံများ ဆောက်လုပ်ရာတွင် အများအားဖြင့်အထပ်မြင့် အဆောက်အအုံကို ငါးထပ်သာ ဆောက်လုပ်ရန် ခွင့်ပြုပေးထား သော်လည်း ကွင်းဆင်းစစ်ဆေးသည့် အခါခြောက်ထပ် ဆောက်လုပ်မှုများ တွေ့ရှိခဲ့သည့်အတွက် ၎င်းအဆောက်အအုံများကို တစ်ပေပတ်လည်လျှင် ငွေကျပ် ၂ဝဝခန့် ဒဏ်ငွေရိုက်အရေးယူ ခဲ့ကြောင်း သိရသည်။

ထိုသို့ အထပ်မြင့်အဆောက် အအုံများတွင် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများအတိုင်း လိုက်နာစေရေး ၂ဝ၁၆ခုနှစ် ဧပြီလမှစ၍ ခွင့်ပြုမိန့်ထက် ပိုမိုဆောက်လုပ်ထားသည့် အထပ်မြင့်အဆောက် အအုံများကို ယခင်က တစ်ပေပတ်လည်လျှင် ဒဏ်ကြေး ငွေကျပ်၂ဝဝ အစား ငွေကျပ် ၁၅ဝဝဝထိ တိုးမြှင့်၍ ဒဏ်ကြေးငွေများ ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း အထပ်မြင့် အဆောက်အအုံများ တိုးမြှင့်ဆောက်လုပ် နေသေးသည်ကို တွေ့ရှိနေရ သည့်အတွက် စည်းကမ်းလိုက်နာမှု အားနည်းနေသေးကြောင်း သိရသည်။

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း မြို့နယ်ခြောက်မြို့နယ်တွင် ပုဂ္ဂလိက အဆောက်အအုံများမှာ ပြဿနာမရှိသော်လည်း အခန်းပေး၊ အခန်းယူ ဆောက်လုပ်သည့် ကန်ထရိုက်တိုက်များမှာ ခွင့်ပြုထားသည် ထက် အထပ်တိုးမြှင့်ဆောက်လုပ်မှု အများဆုံးဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ သိရသည်။

#yadanarpondaily

Thursday, December 22, 2016

ပြည်တွင်း၌ တန်ဖိုးနည်းခေါက်အိမ်များ ရောင်းချပေးမည်



ရန်ကုန် ၊ ၂၂-၁၂-၂၀၁၆

အိမ်ရာ ဆောက်လုပ်ရန် ဆောက်လုပ်ရေး ပစ္စည်းကုန်ကျစရိတ် ကြီးမြင့်မှု များကြောင့် အခက်အခဲ ရှိနေသူများနှင့် အိမ်ရာ ဆောက်လုပ်ရာတွင် အချိန်ပြည့် စောင့်ကြည့်ရန် အချိန်မပေး နိုင်သည့် အိမ်ပိုင်ရှင်များ အတွက် Treasure Triangle ကုမ္ပဏီ မှ တန်ဖိုးနည်း ခေါက်အိမ်များကို ပြည်ပမှ မှာယူတင်သွင်း ရောင်းချပေးမည် ဖြစ်ကြောင်း ယမန်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်၌ ကျင်းပသည့် အိမ်ဆောက်ပစ္စည်း အရောင်းပြခန်း ဖွင့်ပွဲ အခမ်းအနားမှ သိရသည်။

အဆိုပါ တန်ဖိုးနည်း ခေါက်အိမ်များကို တရုတ်နိုင်ငံမှ တင်သွင်းခြင်း ဖြစ်ပြီး အကျယ်အဝန်းမှာ အလျား ၁၉ ပေ၊ အနံ ၈ ပေ ၂ လက်မနှင့် အမြင့် ၈ ပေ ၆ လက်မရှိသည့် Stree Structure ဖြစ်ပြီး အမိုးအကာများ မှာ အပူဒဏ် သက်သာသည့် Fire Proof ဖြစ်သော IEPS Panel ကို သုံးထားပြီး လုံခြုံမှုအတွက် ငလျင်ဒဏ်ခံနိုင်မှု Grade-7 နှင့် လေတိုက်ခတ်နှုန်းခံနိုင်မှု Grade-11 အထိခံနိုင်စေရန် ပြုလုပ်ထားသည်။ အဆိုပါ ခေါက်အိမ်တစ်လုံး လျှင် ငွေကျပ် သိန်း ၅ဝ သတ်မှတ် ထားကြောင်း သိရသည်။

''ဒီတန်ဖိုးနည်း ခေါက်အိမ်က ၂ဝ၁၆ ခုနှစ်ထွက် မော်ဒယ်ဖြစ်တဲ့ အတွက် လောလောဆယ် ယူအေအီး၊ ကာတာ၊ ဖိလစ်ပိုင်နဲ့ အမေရိကန် စတဲ့နိုင်ငံတွေမှာ အသုံးပြု ကြတယ်။ ဒါကို တရုတ်နိုင်ငံက တင်သွင်းတာပါ။ မြန်မာနိုင်ငံ အတွက်က ကျွန်တော်တို့ စာချုပ် ချုပ်ပြီးတော့ ဖြန့်ဖြူးဖို့ ကိုယ်စားလှယ် ယူထားပါတယ်''ဟု Treasure Triangle ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်ထူးအောင် ကပြောသည်။

အဆိုပါ ခေါက်အိမ်များသည် ၁ဝ မိနစ်အတွင်း တည်ဆောက်နိုင်၊ ဖြုတ်သိမ်းနိုင်ပြီး ခြံဝန်းအကျယ်ရှိပြီး အပန်းဖြေ ဘန်ဂလို ပုံစံထားချင်သူများ အတည်တကျ နေရာ၌ မထားလိုဘဲ ရွှေ့ပြောင်းနိုင်သည့် အပြင် Site Office ၊ Coffee Shop ၊ Mini Mart နှင့် တရားထိုင်ရန် အဆောင်စသည့် အဆောက်အအုံများ အတွက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ (ဆုလာဘ်)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Tuesday, September 13, 2016

အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်း၌ မူလဒီဇိုင်းတွင် ရှိနေသော လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်ရန် အသိပေးထား


ရန်ကုန် ၊ ၁၃-၉-၂၀၁၆

ရန်ကုန်မြို့၌ မြေပြင် လုပ်ငန်းသာ စတင်ရသေးသည့် အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်း၌ ရေမြောင်းဒီဇိုင်း များကို ပြောင်းလဲစေခြင်း၊ ထရန်စဖော်မာ နေရာချထားခြင်း နှင့် ကားပါကင် နေရာ အကျယ်အဝန်း တို့ကို စီမံကိန်း ဒီဇိုင်းတွင် ပြန်လည် ပြင်ဆင်ရန် လုပ်ငန်းရှင် များအား ခေါ်ယူ အသိပေး ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါ အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်းကို ရန်ကုန်မြို့တော် အင်္ဂါရပ် နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မတီက ဒုတိယအကြိမ်  အချိန်ယူ စစ်ဆေးခဲ့ပြီး ပြင်ဆင်ရန် လိုအပ်ချက်များကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ တင်ပြခြင်း ဖြစ်ကာ တချို့ အချက်အလက် များကို ပြန်လည် ပြင်ဆင်ရန် လုပ်ငန်းရှင် များအား ခေါ်ယူတွေ့ ဆုံခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ) မှ သိရသည်။

ယခု စီမံကိန်းဒီဇိုင်းများ ပြင်ဆင်ရန် ပြန်လည် ညွှန်ကြားခြင်း ခံရသည့် အထပ်မြင့် အဆောက်အအုံ ၅၅ လုံး စီမံကိန်းသည် ယခင်က မူအားဖြင့် တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားသော အဆောက်အအုံများ ဖြစ်ပြီး မြေပြင်လုပ်ငန်း များ စတင်သည့် အချိန် ဖြစ်သည့်အတွက် အချိန်မီ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ခေါ်ယူတွေ့ဆုံ ရာတွင် ပါဝင်သော ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေး ကော်မတီက ပထမအကြိမ် စစ်ဆေးမှု ဖြစ်သည့် အထပ်မြင့် ၁၂ လုံးတွင် အထပ် လျှော့ရန်နှင့် စီမံကိန်း ဒီဇိုင်း ပြင်ဆင်ရန် ဇူလိုင်လက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ သော်လည်း တစ်လ အကြာတွင် မူလဒီဇိုင်း အတိုင်း တည်ဆောက်ခွင့်ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြန်လည် ဖြေလျှော့ ပေးခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, August 1, 2016

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အအုံ ၄၄၃ လုံးတွေ့ရှိ



ညောင်ဦး ၊ ၁-၈-၂၀၁၆

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခု ဖြစ်သည့် ပုဂံ-ညောင်ဦး ဒေသရှိ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ ၄၄၃ လုံးခန့် တွေ့ရှိကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနေ ရှးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။ 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များမှာ ညောင်ဦးမြို့နယ် အမှတ်(၃) နယ်မြေ ငှက်ပစ်တောင် ၌ ၄၃ လုံး၊ အမှတ် (၁) နယ်မြေ သာယာဝတီ ရပ်ကွက် ဂူနီဘုရား အနီး၌ ၂၅ လုံး၊ အမှတ် (၁) နယ်မြေ သီရိမင်္ဂလာ ရပ်ကွက်၌ ၅၄ လုံး၊ ရွှေကုန်းရပ်ကွက် ၌ ၁၆ လုံးနှင့် အမှတ် (၅) နယ်မြေ နန်းကြည့်ကုန်း ၌ ၃၁ လုံးရှိသည်။

ထို့ပြင် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာနရုံး အနောက်ဘက်၌ ၁၅ လုံး၊ ပုဂံမြို့သစ် ရွှေတွင်း ရပ်ကွက်၌ ၃၃ လုံး၊ ပုဂံမြို့သစ် မြောက်ပိုင်း၌ ကိုးလုံး၊ ကန်တော့ပလ္လင် ဘုရားအနီး၌ ၆၄ လုံး၊ ပုဂံမြို့ဟောင်း ဧရာဇက်ဆိပ် ၌ ၄၇ လုံး၊ အာနန္ဒာ ဘုရား မြောက်ဘက်၌ ၂၅ လုံး၊ ဗူးဘုရား အနီး၌ ၅၁ လုံး၊ မြင်းကပါရွာ တောင်ဘက် ကွက်သစ်၌ ၃ဝ လုံး စုစုပေါင်း ၄၄၃ လုံးရှိကြောင်း ရှေးဟောင်း သုတေသန နှင့် အမျိုးသား ပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှတ်တမ်း များအရ သိရသည်။

ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များကို သတိပေး အကြောင်းကြားစာ (Notice) သုံးကြိမ်ပေးပို့မည် ဖြစ်ပြီး ထိုသို့ပေးပို့ပြီး ချိန်အထိ ဆက်လက် လုပ်ဆောင်နေ ပါက ရှေးဟောင်း ဥပဒေနှင့် အညီ အရေးယူ သွားမည် ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

Sunday, July 24, 2016

ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဖျက်သိမ်းရန် အခက်အခဲများရှိနေ



ရန်ကုန် ၊ ၂၄-၇-၂၀၁၆

ဒီဇိုင်းများ ပြန်လည် ပြင်ဆင်ရန်နှင့် အထပ်မြင့်များ လျှော့ချရန် ညွှန်ကြားခံ ရသည့် အဆောက်အအုံ များအား တိကျသည့် ညွှန်ကြားချက်များ မထုတ်ပြန် သေးသောကြောင့် လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ များ ပြန်လည် ဖျက်သိမ်းရန် အခက်အခဲများ ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှ သိရသည်။

လက်ရှိ အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရသည့် ကုမ္ပဏီ ၁၂ ခုအနက် ဆောက်လုပ်ရေး ကုမ္ပဏီ ရှစ်ခုရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ များမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အထပ်မြင့် မည်မျှအမြင့် လျှော့ချရမည် ဆိုသည့် ညွှန်ကြားချက် ထက် ပိုနေသည့် အဆောက်အအုံ များနှင့် ပတ်သက်၍ တိကျစွာ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

''အခု ဆောက်လုပ်ပြီး တာက ၁ဝ ထပ်ပါ။ ဒါပေမဲ့ သူတို့ကတော့ ပြီးတဲ့နေရာ ကနေရပ်ဆိုင်း ထားဖို့ ပြောပါတယ်။ ဆောက်လုပ်ပြီးစီး သွားတဲ့ အထပ်မြင့်ထဲမှာ ရှစ်ထပ်ပဲ ဆောက်လုပ်ဖို့ ညွှန်ကြားခံရ ပါတယ်။ ဒါပေမဲ့ သူတို့တွေ ပြန်လည် သတ်မှတ်ပေး ထားတဲ့ အထပ်မြင့် ရှစ်ထပ်ပဲ ဆောက်လုပ်ဖို့ ညွှန်ကြားထား ပေမယ့် ပိုနေတဲ့ အထပ်တွေကို ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ တိတိကျကျ မသိရသေးဘူး။'' ဟု KSB ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးဘိုဆန်း က ပြောသည်။

လက်ရှိတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားခံရသည့် အထပ်မြင့် အဆောက်အအုံ များအား ဆောက်လုပ်မည့် အထပ်မြင့် ပေါ် မူတည်ကာ အထပ်မြင့် ၃ ထပ်မှ ၁၂ ထပ်ထိ လျှော့ချရန် ညွှန်ကြားခံ ရကြောင်း သိရသည်။

အဆိုပါ ဒီဇိုင်းပြန်လည် ပြင်ဆင်ရန်နှင့် အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရခြင်းကြောင့် လက်ရှိ ဆောက်လုပ်ခွင့် ယာယီရပ်ဆိုင်း ခံရသည့် အထပ်မြင့် အဆောက်အအုံ များ၏ ဆုံးရှုံးနစ်နာမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ခန့် ရှိကြောင်း သိရသည်။

လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးတွင် ကနဦး စစ်ဆေးမှု အနေဖြင့် အထပ်မြင့် အဆောက်အအုံ ၆၄ လုံး စစ်ဆေးခဲ့ပြီး အဆိုပါ အထပ်မြင့် အဆောက်အအုံ ၆၄ လုံးထဲမှ အထပ်မြင့် ၁၂ လုံးအား ဒီဇိုင်း ပြင်ဆင်ရန် နှင့် အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရကြောင်း သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, July 21, 2016

ဆောက်လုပ်ခွင့်ကျပြီး အထပ်မြင့် ၆၄ လုံအား စစ်ဆေးခဲ့ရာ မြို့ပြအင်္ဂါရပ်နှင့်ညီသော အထပ်မြင့် အဆောက်အအုံ ၅၂ လုံးပြန်လည် တည်ဆောက်ခွင့်ရရှိ



ရန်ကုန် ၊ ၂၁-၇-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ပြန်လည် စစ်ဆေးခံ ရသည့် အဆောက်အအုံ ၆၄ လုံးအနက် ၅၂ လုံးကို ပြန်လည် တည်ဆောက်ခွင့်ပြု လိုက်ကြောင်း ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် အညီ အဆောက် အအုံများ ဆောက်လုပ်မှု စစ်ဆေးရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုမိန့် ရရှိထားသည့် အဆောက်အအုံ ၆၄ လုံးကို မြို့ပြ အင်္ဂါရပ်နှင့် ကိုက်ညီ စေရေး သက်ဆိုင်ရာမှ အသေးစိတ် ပြန်လည် ကွင်းဆင်း စစ်ဆေးခဲ့ပြီး အထပ်မြင့် အဆောက်အအုံ ၅၂ လုံးကို မြို့ပြ အင်္ဂါရပ် နှင့် ကိုက်ညီသည့် အတွက် ပြန်လည် တည်ဆောက်ခွင့်ပြု ခဲ့ကြောင်း သိရသည်။

ထို့ပြင် အထပ်မြင့် အဆောက်အအုံ များကို မြို့ပြအင်္ဂါရပ် များအပြင် ငလျင်နှင့် မီးဘေး အန္တရာယ် ကျရောက်ပါက အဆောက်အအုံ များအပေါ် အန္တရာယ် ရှိနိုင်မှု၊ အဆောက်အအုံ များပေါ်၌ နေထိုင်သူ များ၏ လူမှုပုံရိပ်
စသည့်အချက် များကို စစ်ဆေး သွားမည် ဖြစ်သည်။

အထပ်မြင့် အဆောက်အအုံ ၆၄ လုံးမှ ကျန်ရှိသည့် ၁၂ လုံးကို ရေမြောင်းများ၌ ရေစီးရေလာ ကောင်းမွန်ရေး အတွက် မိမိစရိတ်နှင့် မိမိ ဆောင်ရွက်ရန်၊ အမှန်တကယ် ရပ်နားနိုင်မည့် ကားပါကင် ဒီဇိုင်း ပြန်လည် တင်ပြရန် ၊ Steel Structure ဖြစ်သည့် အတွက် Fire Rating(1 hour) အတိုင်းဖြစ်ရေး ဆောင်ရွက်ရန်၊ ရေဆိုးများ အတွက် Water Treatment ပြုလုပ်ပေးရန်၊ လျှပ်စစ်နှင့် ပတ်သက်သည့် Transformer နှင့် Switch များ Indoor ဆောင်ရွက်မည့် နေရာ တင်ပြရန်နှင့် ကားပါကင်နှင့် ညီမျှသည့် အခန်း အရေအတွက် လျှော့ချရန် စသည့်အချက် များကို ပြန်လည်ပြုပြင် ပေးရန် သတ်မှတ် ခဲ့သည်။

ထို့ပြင် လေဝင်လေထွက် ရရှိရန် ယာဉ် အတက်အဆင်း လမ်းလျှောများ စံမမီခြင်း၊ မြေအောက် ရေမြောင်းပေါ်၌ ဆောက်ထားသည့် ရေမြောင်း အရွယ်အစားကို မိမိ သဘောဖြင့် လျှော့ချ တည်ဆောက်ခြင်း နှင့် ၉ဝ ဒီဂရီ အချိုးအကွေ့ များ တည်ဆောက် ခြင်းတို့ကြောင့် အဆောက်အအုံ ဒီဇိုင်းကို အစအဆုံး ဒီဇိုင်းဆွဲ၍ ပါမစ် ပြန်လျှောက်ရန် နှင့် ကားပါကင် ဒီဇိုင်းပြန်လည် တင်ပြရန် စသည့် အချက်များကို ပြန်လည်ပြုပြင် ရမည်ဖြစ်ပြီး အထပ်မြင့်နှင့် ပတ်သက်၍ လေကြောင်း ညွှန်ကြားရေး ဌာန (DCA) ထောက်ခံချက် ပြန်လည် တင်ပြရန် ၊ Road Building Ratio (RBR) နှင့် မကိုက်ညီခြင်း၊ YHT မှ အသစ် အဆိုပြုသည့် ရွှေတိဂုံ စေတီတော် ကန့်သတ်ဇုန်နှင့် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၁၉ဝ ထက် ကျော်လွန်နေခြင်း၊ ရှေ့လမ်းအကျယ် နှင့် အထပ်မြင့် မကိုက်ညီခြင်း၊ ကပ်လျက်နေရာ၌ အထပ်မြင့် အဆောက်အအုံ သုံးလုံး တည်ရှိနေသည့် အတွက် အထပ်အမြင့် လျှော့ချရန် အချက်များကို သတ်မှတ် ခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၃)

Thursday, June 2, 2016

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုချက်မဲ့ အဆောက်အအုံ နှစ်ထောင်ကျော်အား တရားစွဲအရေးယူ



ရန်ကုန် ၊ ၂-၆-၂၀၁၆

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီက လုပ်ငန်းလိုင်စင် ထုတ်ပေး ထားသော လိုင်စင် ကန်ထရိုက်တာများ အနေဖြင့် ခွင့်ပြုချက် ရယူပြီး စည်းကမ်းတကျ ဆောက်လုပ်သည့် အဆောက်အအုံ များနည်းတူ လိုင်စင်မဲ့ ကန်ထရိုက်တာ များဖြင့် ခွင့်ပြုချက်မဲ့ အဆောက်အအုံများ တည်ဆောက်လျက် ရှိရာ ယင်း အဆောက်အအုံ များကို စိစစ် ဖော်ထုတ်လျက် ရှိပြီး တည်ဆဲ ဥပဒေနှင့်အညီ တရားစွဲ အရေးယူ ဆောင်ရွက်ခဲ့ရာ ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ ဒေါပုံမြို့နယ် အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၆၁ လုံးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း အဆောက်အအုံ ၂ဝ၇၂ လုံး တို့အား တရားစွဲဆို အရေးယူ ထားကြောင်း သိရသည်။

ထို့ပြင် တည်ဆဲ ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်သည့် ကန်ထရိုက်တာ များကို ၂ဝ၁၆ ခုနှစ် ဧပြီ ၃ဝ ရက်အထိ အရေးယူ ဆောင်ရွက်ရာတွင် ၁၃ ဦးအား လိုင်စင်မှ ပယ်ဖျက်ကာ အမည်မည်း စာရင်း သွင်းထားပြီး လေးဦးကို ရာသက်ပန် လိုင်စင် ပယ်ဖျက်ခြင်း၊ ၁၂ဝ ဦးကို လိုင်စင်ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ ၁၇၅ ဦးကို သတိပေး လက်မှတ် ရေးထိုးစေခြင်း ဖြင့်အရေးယူ ဆောင်ရွက် ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ကန်ထရိုက်တိုက် အဆောက်အအုံများ ကြီးကြပ် ဆောက်လုပ်ရန် အဆောက်အအုံ လုပ်ငန်းဆိုင်ရာ လုပ်ပိုင်ခွင့် ကန်ထရိုက်တာ လိုင်စင်များအား အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနက စိစစ် ထုတ်ပေးလျက် ရှိသည်။

လိုင်စင်ရ ကန်ထရိုက်တာ များ၏ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောက်လုပ် စေလျက်ရှိပြီး အဆောက်အအုံ ဆောက်လုပ်မည် ဆိုပါက သက်ဆိုင်ရာ မြေရှင် အနေဖြင့် လိုင်စင်ရ ကန်ထရိုက်တာများ၊ လိုင်စင်ရ အင်ဂျင်နီယာ များ၏ လက်မှတ် များနှင့်အတူ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနသို့ အဆိုပြုပုံစံ တင်ရမည် ဖြစ်သည်။ ယင်းဌာနမှ အတည်ပြုပြီး အဆောက်အအုံ ခိုင်ခံ့မှုအတွက် လိုင်စင်ရ အဆောက်အအုံ အင်ဂျင်နီယာ ၏ ခိုင်ခံ့မှု ဆိုင်ရာ တွက်ချက်မှုနှင့် အတူ ဆောက်လုပ်ခွင့် ပုံစံကို တင်ပြရကြောင်း၊ လျှောက်ထားချက် များကို ဌာနက စိစစ်၍ ဆောက်လုပ်ခွင့် ထုတ်ပေးမှသာ စတင် ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပြုပုံစံ လျှောက်ထားမှု နှင့် ဆောက်လုပ်ခွင့် ပုံစံကို မြေပြင် စစ်ဆေးခြင်း၊ စည်ပင် ဆောက်လုပ်ခွင့်ဖြင့် ဆောက်လုပ်မည့် အဆောက်အအုံ ကို ခွင့်ပြုပုံစံပါ အတိုင်း စံချိန်စံညွှန်း စည်းကမ်းများ နှင့်အညီ ဆောက်လုပ်ရန် စစ်ဆေး ကြပ်မတ်ခြင်း၊ အဆောက်အအုံ ပြီးစီးသည့် အခါ ပြီးစီးကြောင်း လက်မှတ် စစ်ဆေးခြင်း များကို မြို့နယ်အလိုက် တာဝန်ပေးအပ် ထားသည့် ဌာနစုမှူး အင်ဂျင်နီယာ နှင့် မြို့နယ် စစ်ဆေးရေး အင်ဂျင်နီယာ များက စစ်ဆေး ဆောင်ရွက်ပြီးမှ သာ အဆောက်အအုံ ပြီးစီးကြောင်း လက်မှတ်များကို စိစစ် ထုတ်ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, March 7, 2016

ရန်ကုန်မြို့တွင်းရှိ နေရာငါးနေရာတွင် အထပ် ၂၀ ကျော်အဆောက်အအုံ လေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံတစ်လုံး တို့ကို မူအားဖြင့် ဆောက်လုပ်ခွင့်ပေး



ရန်ကုန် ၊ ၇-၃-၂၀၁၆

ယမန်နှစ် ဒီဇင်ဘာလမှ ယခုနှစ် မတ်လအထိ ရန်ကုန်မြို့တွင်းရှိ နေရာ ငါးနေရာတွင် အထပ် ၂ဝ ကျော် အဆောက်အအုံ လေးလုံးနှင့် ၁၉ ထပ် အဆောက်အအုံ တစ်လုံးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ က မူအားဖြင့် ဆောက်လုပ်ခွင့် ပေးလိုက်သည် ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုသို့ မူအားဖြင့် ဆောက်လုပ်ခွင့် ပေးရာတွင် ရန်ကုန်မြို့ ၇ မိုင်ခွဲ၌ အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ ဆုထူးပန် ရုပ်ရှင်ရုံဟောင်း နေရာတွင် ၂၃ ထပ် အဆောက်အအုံ၊ သံသုမာလမ်း နှင့် ဝေဇယန္တာ လမ်းထောင့်တွင် အထပ်မြင့် အဆောက်အအုံ၊ အလုံမြို့နယ် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း ကမ်းနားလမ်းသစ် တွင် အထပ်မြင့် ၂၅ ထပ် အဆောက်အအုံ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အထက် ပန်းဆိုးတန်းလမ်း တွင် အထပ်မြင့် ၁၉ ထပ် အဆောက်အအုံ တို့ကို ခွင့်ပြုလိုက်ကြောင်း သိရသည်။ 

အဆိုပါ အဆောက်အအုံများ ဆောက်လုပ်ခွင့် နှင့်ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး တွင် အတည်ပြု ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆောက်လုပ်ခွင့် တင်ပြထားသည့် အထပ်မြင့် အဆောက်အအုံ များစွာ ရှိနေသေးကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်း အဆောက်အအုံ များတွင် ရွှေသံလွင် ကုမ္ပဏီက သံသုမာလမ်း နှင့် ဝေဇယန္တာလမ်း ထောင့်ရှိ အဆောက်အအုံ ကို ဆောက်လုပ်ခွင့် ရရှိခဲ့ပြီး ရုပ်ရှင် သရုပ်ဆောင် ဒေါ်ဝါဝါဝင်းရွှေ က မြေပိုင်ရှင်အဖြစ် ဆုထူးပန် ရုပ်ရှင်ရုံ ဟောင်း မြေနေရာတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, July 27, 2015

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ကို ရန်ကုန်မြို့ပြင် နေရာများ၌ အငှားအိမ်ရာများ ဆောင်ရွက်ပေးရန် စီစဉ်


ရန်ကုန် ၊ ၂၇-၇-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော် နေထိုင်သည့် အိမ်ထောင်စုပေါင်း ၃ဝဝဝဝ ကျော်ကို ရန်ကုန်မြို့ပြင် နေရာများ၌ အငှားအိမ်ရာများ ဆောင်ရွက် ပေးရန် စီစဉ်လျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိတွင် ကျူးကျော်များ နေထိုင်ရန် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ မြေတိုင်းရပ်ကွက် ၁၄၁/၂ အမှတ် (၂) လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အစိုးရပိုင် မြေဧရိယာ ၁၂ ဒသမ ၅၃၄ ဧက၌ စတင် အကောင် အထည်ဖော် တည်ဆောက်ရန် ကုမ္ပဏီများကို တင်ဒါခေါ်ယူ ထားပြီး နောင်လာမည့် နှစ်များတွင် တိုင်းဒေသကြီး အစိုးအရ အဖွဲ့၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ပြင် နေရာများ၌ ထပ်မံ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

အငှား အိမ်ရာများ တည်ဆောက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာငွေ စိုက်ထုတ်ကာ တည်ဆောက် ပေးမည်ဖြစ်ပြီး ကျူးကျော်များ နေထိုင်ပါက လစဉ် သင့်တင့် မျှတသည့် အိမ်လခ ကိုသာ ကောက်ခံ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မြို့ပြ ဖွံ့ဖြိုးရေးနှင့် မြေနေရာ စီမံခန့်ခွဲမှု ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး၌ ကျူးကျော် နေထိုင်မှုများ အပါအဝင် အိမ်ရာမဲ့ နေထိုင်သူများ အတွက် အငှား အိမ်ရာများ အကောင် အထည်ဖော်ရန် ပြည်ထောင်စု အစိုးရမှ ငွေကျပ် ၂ဝ ဘီလီယံ ချပေးထားပြီး မြေရာမဲ့များနှင့် အစိုးရ ဝန်ထမ်းများ နေထိုင်ရန် အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ရေးအတွက် တိုင်းဒေသကြီး အစိုးရနှင့် ပြည်ထောင်စု အစိုးရတို့ ညှိနှိုင်း ထားပြီးဖြစ်ကြောင်း သိရသည်။

ယခုအချိန်ထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်း ကျူးကျော် နေထိုင်သူ မိသားစုပေါင်း ၃ဝဝဝဝ ကျော်ရှိပြီး အဆိုပါ ကျူးကျော် သူများမှာ လှိုင်သာယာ မြို့နယ်၌ အများဆုံး ရှိနေကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themaywadydaily

Monday, May 25, 2015

မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင်များ ထုတ်ပေးမည်


ရန်ကုန် ၊ ၂၅-၅-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြေသား စမ်းသပ်မှု (Soil Test) လုပ်ငန်းများကို တရားဝင် ထုတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သိရသည်။

မြေသားစမ်းသပ်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ လက်ရှိ မြေသား စမ်းသပ်မှု များကို အလွယ် စမ်းသပ် နေကြသည့် အခါတွင် မြေသား စမ်းသပ်သည့် အချက်အလက် အမှားများနှင့် သာ တင်ပြခြင်းကြောင့် မြေပြင်တွင် အဆောက်အအုံ ဆောက်လုပ်သည့် အခါ ရွဲ့ခြင်း၊ စောင်းခြင်း ဖြစ်ပေါ် စေသောကြောင့် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်း သည် မြေသား စမ်းသပ်မှု လုပ်ငန်းများကို ထိထိ ရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ရန် လိုင်စင် ထုတ်ပေးခြင်း ဖြစ်ကြောင်း၊ Soil Test လိုင်စင် ယူမည့်သူသည် CQHP အထပ်မြင့် ကော်မတီ ၏ ဓာတ်ခွဲခန်း၊ လိုအပ်သည့် တွင်းတူး ကိရိယာ ပစ္စည်း၊ ကျွမ်းကျင် လုပ်သား၊ မြေသားလုပ်ငန်း အတွေ့အကြုံများ ရှိရမည် ဖြစ်သည်။

တခြား လိုအပ်သည့် အချက်အလက် များကိုလည်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) တွင် စုံစမ်းနိုင်ကြောင်း သိရသည်။

လိုင်စင် ထုတ်ပေးပြီးပါက Soil Test လုပ်ငန်းအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် ကုမ္ပဏီများကို သတိပေးခြင်း၊ လုပ်ငန်း ခြောက်လ ပိတ်ခြင်း၊ တစ်နှစ် ပိတ်ခြင်းနှင့် ရာသက်ပန် ပိတ်သိမ်းခြင်း များကို ပြစ်မှုပေါ် မူတည်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

မြေသား စမ်းသပ်မှု လုပ်ငန်းအပြင် ပိုင်ရိုက်သည့် လုပ်ငန်းများ ကိုပါ လိုင်စင် ထုတ်ပေးမည် ဖြစ်ပြီး ပိုင်ရိုက်သည့် ကုမ္ပဏီများ၏ ပေါ့ဆမှုကြောင့် ဘေးထွက် ဆိုးကျိုးများ ရှိနိုင်သော ပိုင်ရိုက်သည့် ကုမ္ပဏီများကို လိုင်စင်ဖြင့် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်း၊ ပိုင်ရိုက်သည့် ကုမ္ပဏီများ အနေဖြင့်လည်း လိုင်စင် ထုတ်ယူပြီး ပြစ်မှု ကျူးလွန်ပါက လုပ်ငန်း ခြောက်လ ပိတ်သိမ်းခြင်း စသည့် ပြစ်ဒဏ်များ ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Thursday, May 21, 2015

လိုင်စင်ရှိ ကန်ထရိုက်တိုက်များ ဆက်လက်ဆောက်လုပ်ခြင်း မရှိပါက ကန်ထရိုက်လိုင်စင် ပိတ်သိမ်းသွားမည်



ရန်ကုန် ၊ ၂၁-၅-၂ဝ၁၅

ဆောက်လုပ်ခွင့် လိုင်စင် ရရှိထားသည့် ကန်ထရိုက်များ အနေဖြင့် မိမိ ဆောက်လုပ်ရန် တာဝန်ယူ ထားသော ကန်ထရိုက် တိုက်များကို ဆက်လက် ဆောက်လုပ်ခြင်း မရှိဘဲ တိမ်းရှောင် သွားပါက ကန်ထရိုက် လိုင်စင်ကို ပိတ်သိမ်း၍ အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''အခုဆိုရင် ဆင်ခြေဖုံး ရပ်ကွက်တွေမှာ ကန်ထရိုက်တိုက် လေးတွေကို တော်တော် ဆောက်လုပ် လာကြတာ တွေ့ရတယ်။ ဆောက်လုပ်တဲ့ အခါမှာလည်း တချို့က လိုင်စင်ရှိတဲ့ ကန်ထရိုက်နဲ့ ဆောက်လုပ်တာ ရှိသလို တချို့က မသိဘဲနဲ့ လိုင်စင်မရှိတဲ့ ကန်ထရိုက် တွေနဲ့ ဆောက်လုပ် တာကို တွေ့ရတယ်။ တချို့က သူတို့အိမ်ကို ကန်ထရိုက်က မဆောက်တော့ဘူး ဆိုပြီး လာတိုင်တယ်။ ဒါပေမဲ့ ကန်ထရိုက်ကို ကြည့်လိုက် တော့လည်း လိုင်စင်မရှိဘူး။ လိုင်စင်ရှိတဲ့ ကန်ထရိုက် အများစု ကတော့ ဒီလိုမျိုး လုပ်တာ သိပ်မတွေ့ ရဘူး။ လိုင်စင်ရှိတဲ့ ကန်ထရိုက် တွေက ဒီလိုဆက်ပြီး မဆောက်ဘဲ တိမ်းရှောင် သွားမယ် ဆိုရင်တော့ သူတို့ရဲ့ လိုင်စင်ကို ပိတ်သိမ်း အရေးယူမှာ ဖြစ်ပါတယ်။ ကန်ထရိုက် ထွက်ပြေးသွားလို့ မြေရှင်နဲ့ ကြိုပွိုင့် ဝယ်ယူတဲ့ လူတွေက သူတို့ရဲ့ ကန်ထရိုက်တိုက် ကို ပြီးအောင် ဆက်ပြီး ဆောက်တာလည်း တွေ့ရပါတယ်။ လိုင်စင်မရှိတဲ့ ကန်ထရိုက်က ဆောက်တဲ့ တိုက်ခန်းဆိုရင် အဲဒီ ဆောက်လက်စ တိုက်ကိုပါ ဖြိုဖျက်တဲ့ အထိ အရေးယူ သွားမှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။

အိမ်ခြံမြေ ဈေးကွက်များ အရောင်းအဝယ် အေးလာခြင်း ကြောင့် ကြိုပွိုင့် စနစ်ဖြင့် တိုက်ခန်းဝယ်ယူ ထားသူများက တိုက်ခန်းများကို ဈေးကစားခြင်းများ ပြုလုပ်လာခြင်း၊ တိုက်ခန်းများ အရောင်းအဝယ် အေးလာ သောကြောင့် ကန်ထရိုက်များ အနေဖြင့် ဆက်လက် ဆောက်လုပ်ရန် ငွေကြေး အခက်အခဲများ ရှိလာသည်။ ထို အခက်အခဲ များကြောင့် အဆိုပါ ကန်ထရိုက်တိုက် များကို ဆက်လက် ဆောက်လုပ်ခြင်း မပြုဘဲ တိမ်းရှောင်မှုများ ဖြစ်လာကြောင်း ကန်ထရိုက် တိုက်များကို တာဝန်ယူ ဆောက်လုပ် နေသည့် အသိုင်းအဝိုင်းမှ သိရသည်။

ချမ်းချမ်းကို

#Themyawadydaily


Thursday, February 26, 2015

မန္တလေးမြို့တွင်းရှိ မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှုမရှိသည့် အဆောက်အအုံ ၅၃ လုံးကို ဖြိုဖျက်မည်



မန္တလေး ၊ ၂၆-၂-၂၀၁၅

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာနမှ တရားဝင် ခွင့်ပြုချက်ဖြင့် မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှု မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များနှင့် ခွင့်ပြုပုံစံ ကွဲလွဲကာ ဆောက်လုပ် ထားသော အဆောက်အအုံ ၅၃ လုံးကို ဖြိုဖျက် အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ခွင့်ပြုချက် မပါဘဲ တည်ဆောက်သော အဆောက်အအုံ များကို ဌာနမှတရား စွဲဆိုပြီး ဖြိုဖျက်ရန် လိုအပ်သော အဆောက်အအုံ များကို ဖြိုဖျက် အရေးယူလျက် ရှိကာ ခွင့်ပြုချက်မဲ့ ဆောက်လုပ် နေမှုများ ထပ်မံတိုးမလာ စေရန် တင်းကျပ်စွာ ဆောင်ရွက်လျက် ရှိကြောင်း၊ ဖြိုဖျက် အရေးယူရာတွင် ဌာနက ဖြိုဖျက်ခြင်း မဟုတ်ဘဲ ဖြိုဖျက်ရန် အမိန့်စာ ထုတ်ခြင်းဖြစ်ပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် အင်ဂျင်နီယာကို လိုင်စင်ပိတ်သိမ်းကာ အရေးယူကြောင်း၊ ဌာန၏ တရားဝင် ခွင့်ပြုချက် မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှုမရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံများကို စစ်ဆေး တွေ့ရှိပါက မူလတင်ပြသည့် အတိုင်းသာ တည်ဆောက်ရန် သုံးကြိမ်အထိ သတိပေးစာများ ပေးပို့ကြောင်း၊ ယခု ဖြိုဖျက်မည့် အဆောက်အအုံ ပတ်ဝန်းကျင်နှင့် လူနေထိုင်မှုများ အတွက် အန္တရာယ်ရှိသည့် အနေအထားကြောင့် ဖြိုဖျက်ခိုင်း ရခြင်းဖြစ်ကြောင်း၊ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီမှ လေးထပ်အထိသာ တိုက်ရိုက် ခွင့်ပြု ပေးပြီး လေးထပ်နှင့် အထက် အဆောက်အအုံ များကို တိုင်းဒေသကြီး အထပ်မြင့် ကြီးကြပ်ရေး ကော်မတီမှ ခွင့်ပြုချက် ပေးသည်ဟု မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ အဆောက်အအုံ နှင့် ကုန်ရုံဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မန္တလေးမြို့တော် စည်ပင် သာယာရေး ကော်မတီ ဧရိယာအတွင်း မူလတင်ပြသည့် အနေအထားနှင့် ကိုက်ညီမှု မရှိဘဲ ဆောက်လုပ် ထားသည့် အဆောက်အအုံ များနှင့် ခွင့်ပြုပုံစံ ကွဲလွဲကာ ဆောက်လုပ် ထားသော အဆောက်အအုံ ၅၃ လုံး ရှိပြီး ချမ်းအေးသာစံ မြို့နယ်တွင် အများဆုံးဖြစ်ကာ ဖြိုဖျက်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။ (၁၇၃)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Wednesday, February 18, 2015

ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၃၀၀၀ ကျော်ကို ဒဏ်တပ်အရေးယူရာမှ ငွေကျပ် သန်း ၂၀၀၀ ကျော်ရရှိ



ရန်ကုန် ၊ ၁၈-၂-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာ နယ်နိမိတ် အတွင်း ၂၀၁၄ ခုနှစ် ၊ ဧပြီလမှ ဒီဇင်ဘာလ အထိ ခွင့်ပြုချက်မဲ့ အဆောက်အအုံ ၃၀၀၀ ကျော်ကို ဒဏ်ငွေတပ် အရေးယူမှုမှ ငွေကျပ် သိန်း ၂၀၀၀ ကျော်ခန့် ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

ရန်ကုန်မြို့တွင် ခွင့်ပြုချက် မရရှိဘဲ တည်ဆောက် ထားသည့် အဆောက်အအုံ များ များပြား လာမှုကြောင့် စိစစ် အရေးယူ ဆောင်ရွက်မှု များကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ထိ ဆောင်ရွက် ခဲ့ရာ ကိုးလကြာ ကာလအတွင်း တရားစွဲဆို ခဲ့သည့် အဆောက်အအုံ ပေါင်း ၃၇၈၀ ရှိခဲ့ပြီး ဒဏ်တပ်ရိုက် အရေးယူမှု မှ ဒဏ်ငွေ စုစုပေါင်း ငွေကျပ် သန်း ၂၀၀၀ ကျော်ခန့် ရရှိခဲ့ကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ( အဆောက်အအုံ ) ဌာန မှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း ခွင့်ပြုချက်မဲ့ အဆောက်အအုံ များ ဆောက်လုပ်သည့် ကန်ထရိုက် လုပ်ငန်းရှင် များကို ဒဏ်ငွေ ပေးဆောင် စေသည့်အပြင် တရားဝင် ခွင့်ပြုချက် ရယူထား သော်လည်း သတ်မှတ် စည်းကမ်းများ မလိုက်နာဘဲ တည်ဆောက် နေသည့် တည်ဆောက်ဆဲ အဆောက်အအုံ များကို ဖျက်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် မှုများ ပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ် အောက်တိုဘာလ မှ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ အထိ ပြန်လည် ဖျက်သိမ်းခဲ့သည့် အဆောက်အအုံ အလုံးပေါင်း ၄၅ လုံးခန့် ရှိကြောင်း သိရသည်။

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, February 3, 2015

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အဆောက်အအုံ တည်ဆောက်ခဲ့သည့် ကုမ္ပဏီများကို အရေးယူ



ရန်ကုန် ၊ ၃-၂-၂၀၁၅

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ခွင့်ပြုချက် ရယူခြင်းမရှိဘဲ အဆောက်အအုံ တည်ဆောက် ခဲ့သည့် ဆောက်လုပ်ရေး ကုမ္ပဏီများကို အရေးယူ ထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

အဆိုပါ ဆောက်လုပ်ရေး ကုမ္ပဏီ ၁ဝ ခုကို လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက်ခဲ့ပြီး ယင်းကဲ့သို့ ဆောင်ရွက် ရာတွင် သင်္ဃန်းကျွန်း မြို့နယ်၊ လှိုင်မြို့နယ် နှင့် မရမ်းကုန်း မြို့နယ်တို့ အတွင်း၌ ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီ အများစု ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခွင့်ပြုချက်မဲ့ ဆောက်လုပ် ထားသည့် အဆောက်အအုံ ပေါင်း ၃၇ လုံး ရှိကြောင်း၊ ပါမစ်လုံးဝ မရှိဘဲ ဆောက်လုပ်ပါက ဒဏ်ကြေးအဖြစ် တစ်ပေ ပတ်လည်လျှင် ငွေကျပ် ၅ဝဝ နှုန်းနှင့် ခွင့်ပြုသည် ထက် အထပ်ပို ဆောက်လုပ်ပါက တစ်ပေပတ်လည် လျှင် ငွေကျပ် ၂၅ဝဝ နှုန်း အသီးသီး ဒဏ်ဆောင်စေပြီး အခြေခံ ဖောင်ဒေးရှင်း အဆင့်သာ ရှိသည့် အဆောက်အအုံ များကို ဖျက်ဆီးသည် အထိ အရေးယူနိုင်ကြောင်း သိရသည်။ 

ယင်းကဲ့သို့ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သည့် လုပ်ငန်းရှင် များအား စည်ပင် ဥပဒေပုဒ်မ ၆၈ အရ ဒဏ်ရိုက်ခြင်း နှင့် ပုဒ်မ ၆၉ အရ တရားစွဲဆို၍ လိုင်စင် ပိတ်သိမ်းသည် အထိ အရေးယူ ဆောင်ရွက် နိုင်သည်။ ရန်ကုန်မြို့တော်၌ ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှ နှစ်ကုန်ပိုင်း အထိ တရားမဝင် ဆောက်လုပ် ထားသည့် အဆောက်အအုံ ၃၇ လုံးအထိ ဖြိုဖျက်ခဲ့ ရကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, January 29, 2015

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ အရှေ့အာရှ၌ ဒုတိယအမြင့်ဆုံး ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြ



ရန်ကုန် ၊ ၂၉-၁-၂၀၁၅

မြန်မာနိုင်ငံ၏ မြို့ပြ လူဦးရေ သိပ်သည်းဆ မြင့်တက်မှုမှာ အရှေ့အာရှ ဒေသ၌ အင်ဒိုနီးရှား နိုင်ငံပြီး ပါက ဒုတိယ အမြင့်ဆုံးနိုင်ငံ ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန် လိုက်သော မြို့ပြဖွံ့ဖြိုးမှု
ဆိုင်ရာ အစီရင်ခံစာ East Asia's Changing Urban Landscape: Measuring a Decade of Spatial Growth တွင် ဖော်ပြချက် အရ သိရသည်။

အဆိုပါ အစီရင်ခံစာကို အရှေ့အာရှ ဒေသဆိုင်ရာ နိုင်ငံများ၌ မြို့ပြ ဧရိယာသို့ ပြောင်းရွှေ့ အခြေချ လာသည့် ဆင်းရဲသူ များကို မြို့ပြ ဖြစ်ထွန်းမှုမှ အကျိုးရရှိရန် ဆောင်ရွက် နိုင်ရေးအတွက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ ၏ မြို့ပြ လူဦးရေ သိပ်သည်းဆမှာ ၁ စတုရန်း ကီလိုမီတာ လျှင် လူဦးရေ ၆၂ဝဝ ရှိခဲ့ရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၇၅ဝဝ အထိ မြင့်တက်လာပြီး ယင်းမှာ အရှေ့အာရှ ဒေသ၌ ဒုတိယ အမြင့်ဆုံးနှုန်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီရင်ခံစာ အရ မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာ၌ နေထိုင်သည့် လူဦးရေ သိပ်သည်းမှုမှာ မြင့်တက် လာသော်လည်း မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ တစ်နှစ်လျှင် သုည ဒသမ ၈ ရာခိုင်နှုန်းသာ ရှိပြီး ဒေသတွင်း နိုင်ငံများ၌ တိုးတက်မှုနှုန်း အနိမ့်ဆုံး ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မြို့ပြဧရိယာ ဖြစ်ပြီး စီးပွားရေး ဖြစ်လွယ်မှုနှင့် အခြား အခြေခံ အဆောက်အအုံ များမှာ အခြားမြို့ များထက် ပိုမို ကောင်းမွန် သောကြောင့် လူဦးရေ လာရောက် စုစည်း၍ သိပ်သည်းခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် ၏ မြို့ပြ ဧရိယာ ချဲ့ထွင်မှုမှာ ၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း တစ်နှစ်လျှင် သုည ဒသမ ၅ ရာခိုင်နှုန်း တိုးလာပြီး လူဦးရေ မြင့်တက်မှုမှာ တစ်နှစ်လျှင် ၂ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ မြို့ပြ ဧရိယာတွင်၂ဝဝဝ ပြည့်နှစ်က လူဦးရေ ၄ သန်းကျော်ရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လူဦးရေ ၆ သန်းကျော် အထိ ပြောင်းရွှေ့ အခြေချ လာကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
#မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger