www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 2, 2015

၂၀၁၄-၂၀၁၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ


တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တီခုံအမှတ်(၁) ၌ Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း Smoke Ball အားရိုက်၍ ဖွင့်လှစ်ပေးစဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၅

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၆ နာရီခွဲတွင် နေပြည်တော် ဂေါက်ကွင်း၌ ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ် ပေးသည်။

အဆိုပါ ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား သို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ နှင့် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများ တက်ရောက် ကြသည်။

ဖွင့်ပွဲ အခမ်းအနား စတင်ကျင်းပ ပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တီခုံ အမှတ်(၁)၌ Smoke Ball  အားရိုက်၍ ဦးစွာဖွင့်လှစ် ပေးသည်။ ဆက်လက်၍ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေ နှင့် ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် တို့က Smoke Ball အားရိုက်၍ ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ပါဝင်ယှဉ်ပြိုင် ကစားကြမည့် ပြိုင်ပွဲဝင် အသင်းများမှ အားကစား သမားများက သတ်မှတ်တီခုံ အသီးသီးတွင် ပါဝင် ယှဉ်ပြိုင် ကစား ကြသည်။

၂ဝ၁၄-၂ဝ၁၅ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂေါက်သီးရိုက် ပြိုင်ပွဲအား ဇန်နဝါရီ ၃၁ ရက်မှစ၍ နေပြည်တော် ဂေါက်ကွင်း နှင့် ရေပြာ ဂေါက်ကွင်း တို့တွင် ကျင်းပပြုလုပ် လျက်ရှိပြီး ပြိုင်ပွဲဝင် အသင်း ၂ဝ သင်း ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၂-၂-၂၀၁၅) တနင်္လာနေ့


မြ၀တီနေ့စဉ်သတင်းစာ (၂-၂-၂၀၁၅) တနင်္လာနေ့

Download Links


Sunday, February 1, 2015

နိုင်ငံ့ဝန်ထမ်းများ အခမဲ့ ဆေးကုသနိုင်မည့် အစီအစဉ်ကို လာမည့် ဘဏ္ဍာနှစ်တွင် စတင်သွားမည်


ရန်ကုန် ၊ ၁-၂-၂၀၁၅

နိုင်ငံ့ဝန်ထမ်းများ အခမဲ့ ဆေးကုသ နိုင်မည့် အစီအစဉ်ကို လာမည့် ဘဏ္ဍာနှစ်တွင် စတင်သွားမည် ဖြစ်ပြီး နိုင်ငံပိုင် ဆေးရုံများတွင် ကုသနိုင်ရန် စီမံဆောင်ရွက် နေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အခမဲ့ ဆေးကုသခွင့် ရရှိမည့် ကဏ္ဍများမှာ ဓာတ်ခွဲ စမ်းသပ်မှုများ၊ ဓာတ်မှန် ရောဂါရှာဖွေ မှုများ၊ ပုံမှန် ရောဂါကုသည့် ဆေးဝါးများ၊ ရေရှည် သုံးစွဲရမည့် ဆေးဝါးများ (ဥပမာ- သွေးတိုး ရောဂါ၊ နှလုံးရောဂါ)၊ ခွဲစိတ် ကုသမှုများ (မည်သည့် ရောဂါမဆို)၊ မီးဖွားခြင်း၊ မွေးကင်းစ ကလေး ပြုစု စောင့်ရှောက်ခြင်း၊ ကျောက်ကပ် စစ်ဆေးခြင်း အပါအဝင် သွားနုတ်၊ သွားကျောက်ခြစ် ခြင်းနှင့် သွားဖာခြင်း စသည့်ကဏ္ဍများ ပါဝင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာန မှ သိရသည်။

နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် အခမဲ့ ဆေးကုသမှု အစီအစဉ်တွင် မျက်မှန် ပြုလုပ်ခြင်း၊ သွားစိုက်ခြင်း၊ ခန္ဓာကိုယ် အလှအပ ပြုပြင်ခြင်း၊ လူနာစောင့် အသုံးစရိတ် နှင့် အထူးခန်း အသုံးစရိတ် တို့ကို အခမဲ့ အစီအစဉ် တွင် ထည့်သွင်း ထားခြင်း မရှိကြောင်း သိရသည်။

ယင်းအပြင် အများပြည်သူ ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍတွင် ပြည်သူ့ဆေးရုံ ၌ ဆေးဝါး အခမဲ့ပေးခြင်း၊ အခြေခံ ဓာတ်ခွဲ စမ်းသပ်မှု အခမဲ့ပေးခြင်း၊ သွေးသွင်း ကုသမှု အခမဲ့ ဆောင်ရွက်ပေးခြင်း၊ ဓာတ်မှန် အခမဲ့ ရိုက်ပေးခြင်း၊ ခွဲစိတ်ခန်းသုံး ပစ္စည်း အခမဲ့ အသုံးပြုခြင်း နှင့် မျက်စိ အတွင်းတိမ် ခွဲစိတ်မှုများ အခမဲ့ ခွဲစိတ်ပေးခြင်း တို့ကို အခမဲ့ ကုသပေးမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဗဟိုအဆင့် ပြည်သူ့ ဆေးရုံကြီး ၃ဝ ကျော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၇ ခု၊ ခရိုင်အဆင့် ပြည်သူ့ဆေးရုံ ၂၉ ခု၊ မြို့နယ်အဆင့် ပြည်သူ့ဆေးရုံ ၃၅၂ ခုနှင့် တိုက်နယ် ဆေးရုံပေါင်း ၅၅၂ ခုရှိကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများ အခမဲ့ ဆေးကုသမှု အစီအစဉ်တွင် အကျုံးဝင်သည့် နိုင်ငံ့ဝန်ထမ်း အရေအတွက် ကိုးသိန်းကျော် ရှိကြောင်း သိရသည်။ (၄၄၃)

#Themyawadydaily
#မြ၀တီနေ့စဉ်

မြ၀တီနေ့စဉ်သတင်းစာ (၁-၂-၂၀၁၅) တနင်္ဂနွေနေ့


မြ၀တီနေ့စဉ်သတင်းစာ (၁-၂-၂၀၁၅) တနင်္ဂနွေနေ့

Download Links


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger