ထားဝယ် ၂၇-၁၂-၂၀၁၇
ဆလုံလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို လေ့လာနိုင်စေရန် မျိုးဆက် ဆက်လက်တည်တံ့ နေစေရန်အတွက် ပြတိုက်တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။
အဆိုပါ ပြတိုက်တည်ဆောက်ရန်အတွက် တိုင်းဒေသကြီးအစိုးရက ဦးဆောင်ကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဆလုံလူမျိုးများသည် မြန်မာနိုင်ငံတောင်ဘက် အစွန်ဒေသများဖြစ်သည့် မြိတ်၊ ကော့သောင်းနှင့်ဘုတ်ပြင်း မြို့နယ်ဒေသတို့တွင် အများဆုံးနေထိုင်လျက်ရှိရာ ရေကူးရေငုပ်ရာတွင် ကျွမ်းကျင်လိမ္မာကြပြီး ပင်လယ်ခရု၊ ကမာကောင်၊ ငါးကြီးအန်ဖတ်၊ ပင်လယ်ရေမှော်၊ ပုလဲ၊ ငှက်သိုက်၊ ပျားရည်နှင့် ပရဆေးများကို ရှာဖွေအသက်မွေး ကြကြောင်း၊ အဆိုပါ ဆလုံတိုင်းရင်းသားများကို မော်ကင်းဟုလည်း ခေါ်ကြကြောင်း၊ လက်ရှိတွင် ယခင်ကထက် လူဦးရေ နည်းပါးလာနေပြီဖြစ်၍ ဆလုံ လူမျိုးများ၏ မျိုးဆက်များ ဆက်လက်တည်တံ့နေ စေရန်နှင့် ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားနှင့် ဓလေ့ထုံးစံများကို အများပြည်သူနှင့် နိုင်ငံတကာခရီးသွားများ လေ့လာနိုင်စေရန် ပြတိုက်တစ်ခု ဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆလုံ လူမျိုးများအတွက် လူနေမှု အကျပ်အတည်းများ မဖြစ်ပေါ်စေရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါပြတိုက်ကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်ကာ ပညာရှင်များ၊ ခရီးသွားလုပ်ငန်းများ၊ ဆလုံလူမျိုးများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ဆလုံတိုင်းရင်းသား များနှင့်ပတ်သက်၍ ပြပွဲများ၊ပြိုင်ပွဲများနှင့် ရိုးရာပွဲတော်များကို နှစ်စဉ် ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဆလုံတိုင်းလူမျိုးများ အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကိုလည်း ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတကာခရီးသွားများက စိတ်ဝင်စားမှုမြင့်တက်လာကာ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment