www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လူမှုဖူလုံရေး. Show all posts
Showing posts with label လူမှုဖူလုံရေး. Show all posts

Monday, May 21, 2018

မကွေးတိုင်းဒေသကြီး၌ သဘာဝဘေးသင့် ပြည်သူများကို ငွေကျပ်သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းနှင့် ငွေကြေး ပံ့ပိုးပေးခဲ့



မကွေး ၂၁-၅-၂ဝ၁၈

မကွေးတိုင်းဒေသကြီး၌ ယခုနှစ် ဧပြီ ၁ ရက်မှ မေ ၉ရက်ထိ သဘာဝဘေးသင့် ပြည်သူများကို ငွေကျပ် သိန်း ၁၄ဝဝ ကျော်တန်ဖိုးရှိ ပစ္စည်းနှင့် ငွေကြေးများ ပံ့ပိုးပေးခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီး အတွင်းယခုနှစ် ဧပြီ ၁ ရက်မှ မေ ၉ရက်ထိသဘာဝ ဘေးအန္တရာယ်ကြောင့် ပြိုကျပျက်စီး ခဲ့သည့်နေအိမ် ၁၄၇လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ် ၂၁ဝ၃လုံး၊ လေဘေးသင့် အိမ်ထောင်စု ၂၂၅ဝ စုနှင့် လူဦးရေ ၉၅၆၆ ဦးရှိခဲ့ပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် ဘာသာရေး အဆောက်အအုံ ၅၆လုံး၊ သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ သုံးဦးဖြစ်ကြောင်း၊ ဘေးအန္တရာယ်ကြောင့် ကာလတန်ဖိုးငွေကျပ် ၉၇၄၆၅၂၉ဝ ဆုံးရှုံး ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်စိုးက ပြောပြသည်။

တိုင်းဒေသကြီးအတွင်း သဘာဝ ဘေးအန္တရာယ် (လေဘေး၊ ရေဘေး၊မီးဘေး၊ ငလျင်ဘေး)ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရသော ပြည်သူများကို ဆန်ရိက္ခာဖိုးငွေကျပ် ၂ဝဝ၉ဝ၇ဝဝ၊ အိမ်၊ကျောင်းဆောက်ရန် ပစ္စည်းဖိုး ငွေကျပ် ၉၂၇၇၅ဝဝဝ၊ သေဆုံး၊ ဒဏ်ရာရရှိသူများကို ပံ့ပိုးငွေကျပ် ၄၅ဝဝဝဝနှင့် ကယ်ဆယ်ရေးပစ္စည်း ငွေကျပ် ၃ဝဝ၃၈၆၁၈ စုစုပေါင်းငွေကျပ် ၁၄၃၃၅၄၃၁၈ဖိုး ကူညီပံ့ပိုးပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"မကွေးတိုင်း ဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ပံ့ပိုးပေးအပ်မှုကို ဧပြီလအတွင်းက ရန်ပုံငွေ လုံလောက်စွာ ရရှိတဲ့အတွက် ပြိုကျတဲ့ နေအိမ်တစ်အိမ်ကို ငွေကျပ်တစ်သိန်းနှုန်း ပံ့ပိုးပါတယ်။ မေလအတွင်း ရန်ပုံငွေ ပံ့ပိုးမှုများပြားတဲ့ အတွက် ပြိုကျတဲ့နေအိမ်၊ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းကိုငွေကျပ် ငါးသောင်းနှုန်း ပံ့ပိုးခဲ့ပါတယ်။ လေဘေးသင့်လို့ အမိုးလန်တဲ့နေအိမ်တွေကို သွပ်အချပ်အရေ အတွက်ပေါ်မူတည်ပြီး ငွေကျပ် သုံးသောင်း၊ နှစ်သောင်း၊ တစ်သောင်း အစားစားပံ့ပိုး ပေးပါတယ်။ နောက်သဘာဝ ဘေးအန္တရာယ် ထိခိုက်ဒဏ်ရာရရှိ သူတစ်ဦးကို ငွေကျပ် ငါးသောင်း၊ သေဆုံးသူတစ်ဦးကို ငွေကျပ်သုံး သိန်းနှုန်း ပံ့ပိုးပေးပါတယ်"ဟုညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပြ၍သိရသည်။

#Themyawadydaily

Tuesday, October 17, 2017

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများပါဝင်သော ပြည်ထောင်စုစီမံကိန်းကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် စတင်ဆောင်ရွက်


ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒေသခံတိုင်းရင်းသားများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်စဉ်။

စစ်တွေ ၁၇-၁၀-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးများပါဝင်သော ပြည်ထောင်စုစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine - UEHRD) ကို အကောင်အထည်ဖော်ရေး ရှေ့ပြေးစီမံချက် အကောင်အထည်ဖော်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့နှင့်အတူ မောင်တောမြို့နယ် လောင်းဒုံ၊ ဘဒကား၊ ပန်းတောပြင်ကျေးရွာ တို့သို့သွားရောက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ များဖြစ်သည့် စားနပ်ရိက္ခာပစ္စည်းများ ပေးအပ်ခြင်း၊ ပြန်လည်နေရာချထားရေးအတွက် အိမ်ရာများ စတင်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် စစ်တွေလေဆိပ်မှ ရဟတ်ယာဉ်ဖြင့်ထွက်ခွာရာ မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့မြောက်ပိုင်း မြိုတိုင်းရင်းသားများ နေထိုင်ရာ လောင်းဒုံ (နတလ)ကျေးရွာသို့ရောက်ရှိပြီး ဒေသခံမြိုတိုင်းရင်းသားများနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် တိုင်းရင်းသားများအတွက် စားနပ်ရိက္ခာများ လာရောက်ထောက်ပံ့ခြင်း ဖြစ်ကြောင်း၊ လိုအပ်သည့်နေရာများတွင် နေအိမ်များတည်ဆောက်၍ ပြန်လည်နေရာ ချထားပေးရန်ဖြစ်ကြောင်း၊ လူနည်းစုတိုင်းရင်းသား များ၏ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများအပါအဝင် လူမှုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုစီမံကိန်းတွင် လုပ်ငန်းသုံးခု ချမှတ်ဆောင်ရွက် ရန်ရှိကြောင်း၊ အဆိုပါကဏ္ဍသုံးရပ်တွင် စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ ပါဝင်ကြောင်း၊ ယင်းစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများက ဝိုင်းဝန်းပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံမြိုတိုင်းရင်းသားများအတွက် ဆန်အိတ် ၂၉ဝ၊ ဆီ ၉၇ ပုံး၊ ပဲ ၁၈ အိတ်၊ဆား ခုနစ်အိတ်၊ ကြက်သွန်နီ ၄၈ အိတ်၊အာလူး ၄၈ အိတ်၊ ငရုတ်သီးခြောက်ငါးအိတ်၊ နို့မှုန့်ထုပ်များကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြိုတိုင်းရင်းသားများနေထိုင်ရာ ခုံတိုင်ကျေးရွာနေ မြိုတိုင်းရင်းသားများအတွက် နတလရွာသစ်တည်ဆောက်ပေးရန် အိမ်ရာပန္နက်ရိုက်ပွဲသို့ တက်ရောက်၍ အိမ်ရာသစ်ပန္နက်တိုင်ကို စိုက်ထူပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မောင်တောမြို့နယ် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ပန်းတောပြင်ကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံကာ ဆန်၊ ဆီ၊ ပဲ၊ ဆား၊ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးခြောက်နှင့် နို့မှုန့်ထုပ်တို့ကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ပန်းတောပြင်ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ရွှေု့လျားဆေးကုသအဖွဲ့နှင့်တွေ့ဆုံပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

#Themyawadydaily

Thursday, June 9, 2016

ကျူးကျော်နေထိုင်သူများကို စိစစ်ပြီး မြေနေရာအစားထိုး ပြန်လည်ချထားပေးမည့် သတင်း ထွက်ပေါ်လာပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ် ၌ ကျူးကျော်တဲများ ယခင်ကထက်ပိုများလာ


ရန်ကုန် ၊ ၉-၆-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျူးကျော် နေထိုင်သူများကို စိစစ်ကာ အမှန်တကယ် မြေနေရာ အခက်အခဲရှိ သူများအတွက် မြေနေရာ အစားထိုး ပြန်လည်ချထား ပေးမည်ဟူသည့် သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း လှိုင်သာယာမြို့နယ်၌ ကျူးကျော်တဲများ ပိုများလာကြောင်း လှိုင်သာယာ မြို့နယ်၌ နေထိုင်သူ များက ပြောသည်။

လှိုင်သာယာ မြို့နယ်၌ မေ ၂၃ ရက်အထိ အသစ်ထပ်တိုး လာသည့် ကျူးကျော် တဲပေါင်း ၉၉ တဲကို ဖျက်သိမ်း ရှင်းလင်းခဲ့ပြီး ဖြစ်သော်လည်း ဒေသခံ ပြည်သူများက ကျူးကျော်တဲသစ် များနှင့် ပတ်သက်ပြီး အကြောင်းကြား လာမှုများ ရှိနေသဖြင့် ဆက်လက် ရှင်းလင်း ဖယ်ရှားမှုများ ပြုလုပ်နေသည့် အတွက် မေ ၃ဝ ရက်က ကျူးကျော်တဲသစ် ၁၁ဝ ကျော်ကို ထပ်မံရှင်းလင်း ဖယ်ရှားခဲ့ပြီး ဖြစ်သည်။

ရန်ကုန်-ပုသိမ် ကားလမ်းမကြီး ဘေးနှင့် လှိုင်သာယာမြို့နယ် အတွင်းရှိ သွားလာရန် ခက်ခဲသည့် ချောင်းများ၊ မြောင်းများအနီး ညအမှောင်ကို အကာအကွယ် ယူကာ တရားမဝင် ကျူးကျော်တဲသစ် ဆောက်လုပ်မှုမှာ များပြားနေဆဲ ဖြစ်ပြီး သာယာကုန်းချောင်း၊ ရွှေလင်ပန်းချောင်း၊ အင်ဂလိုင်ချောင်း နှင့် စူလတန်ချောင်း အနီး ဧရိယာများထဲတွင် ကျူးကျော်တဲသစ်များ အများအပြား ဆောက်လုပ် လာကြကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ကျူးကျော်တဲသစ် များ တိုးပွားလာခြင်းကို လက်မခံကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် က ကြေညာထားပြီး အကြမ်းဖျင်း ကောက်ယူထားသည့် စာရင်းများအရ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ကျူးကျော် နေထိုင်သူ ဦးရေ လေးသိန်းကျော် ရှိကာ ရန်ကုန် အရှေ့ပိုင်းခရိုင်၌ ကျူးကျော် နေထိုင်သူ ၁၅၇၄ဝဝ ၊ ရန်ကုန်တောင်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၉၃ဝဝဝ၊ ရန်ကုန် အနောက်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၈၁ဝဝ နှင့် ရန်ကုန် မြောက်ပိုင်း ခရိုင်၌ ကျူးကျော် နေထိုင်သူ ၁၇ဝဝဝဝ ကျော်ရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် စက်မှုဇုန် အများအပြား ရှိသည့် လှိုင်သာယာမြို့နယ် အတွင်း၌ ကျူးကျော် နေထိုင်သူ အများဆုံး ဖြစ်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

Monday, August 31, 2015

အနည်းဆုံးအခကြေးငွေ အတည်ပြု သတ်မှတ်ပြီးနောက် လူမှုဖူလုံရေး အဖွဲ့မ၀င်သူများအား အရေးယူမည့် အစီအစဉ် စတင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၁-၈-၂၀၁၅

မြန်မာနိုင်ငံ အတွင်း အနည်းဆုံး အခကြေးငွေ ကျပ် ၃၆ဝဝ အတည်ပြု သတ်မှတ် ပြီးနောက် လူမှုဖူလုံရေး ဝင်ရောက်မှု မရှိသူများအား အရေးယူမည့် အစီအစဉ်ကို စတင် ဆောင်ရွက် နိုင်ရန် လုပ်ဆောင် နေကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ဆောင်ရွက်မှုတွင် ၂ဝ၁၂ ခုနှစ် က ပြဋ္ဌာန်းခဲ့သော လူမှုဖူလုံရေး ဥပဒေတွင် လူမှုဖူလုံရေး စနစ်ဖြင့် အကျုံးဝင်သော လုပ်ငန်းများတွင် မဝင်မနေရ စနစ်ဖြင့် ပြဋ္ဌာန်း ခဲ့သော်လည်း လူမှုဖူလုံရေး စနစ်ဖြင့် အံဝင်သော လုပ်ငန်း အများစုမှာ ဝင်ရောက်မှု မရှိသေးကြောင်း၊ ယင်းအတွက် ဝင်ရောက်မှု မရှိသေးသော အလုပ်သမားနှင့် အလုပ်ရှင် များအား ကနဦး အနေဖြင့် ဝင်ရောက်ရန် ဖျောင်းဖျခြင်း များကို လုပ်ဆောင်မည် ဖြစ်ပြီး အမှန်တကယ် ဝင်ရောက်မှု ပြုလုပ်ခြင်း မရှိပါက လူမှုဖူလုံရေး ဥပဒေအရ အရေးယူခြင်းများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်များ အတွင်း အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေဖြင့် လူမှုဖူလုံရေး ကတ်ကို စမတ်ကတ် အဖြစ် စတင်ဝင်ရောက် လာပါက ပြောင်းလဲခဲ့ပြီး ဝင်ရောက်ခြင်း မရှိသူများကို ပြုလုပ်ပေးခြင်းနှင့် ရြှိပီးသား လူမှုဖူလုံရေး ကတ်များကို စမတ်ကတ် အဖြစ် ပြောင်းလဲ ပေးခြင်းများ လုပ်ဆောင်ပေး နေကြောင်း သိရသည်။

ထို့အပြင် လူမှုဖူလုံရေး ထည့်ဝင်ကြေး များကို အလုပ်သမားက ၂ ရာခိုင်နှုန်းနှင့် အလုပ်ရှင်က ၃ ရာခိုင်နှုန်း စုစုပေါင်း ၅ ရာခိုင်နှုန်း ပေးသွင်း ရသော်လည်း ရရှိသည့် လစာအမှန်အတိုင်း ထည့်သွင်းမှု မရှိခြင်း များလည်း ဖြစ်ပေါ်လျက် ရှိနေကြောင်း၊ ယင်း အတွက် အာမခံကြေး ပေးရာတွင် အခက်အခဲများ ရှိပြီး ယင်းတို့ကို စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံရေး ထည့်ဝင်ကြေးကို လုပ်သား တစ်ဦးလျှင် တစ်လလုပ်ခ ကျပ်တစ်သိန်းနှင့် အထက် ရရှိသူများ ထည့်ဝင်ရမည် ဖြစ်ပြီး ကျပ်တစ်သိန်း အောက် အလုပ်သမားများ အနေဖြင့် ထည့်ဝင်၍ မရတော့ကြောင်း သိရသည်။

ယင်း လူမှုဖူလုံရေး စနစ်ကို ပိုမိုကျယ်ပြန့် လာစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး အလုပ်သမားများ အတွက် အာမခံချက် ထားရှိသည့် သဘောကို သိရှိနားလည် စေရန် ပညာပေး အစီအစဉ်များ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း လူမှုဖူလုံရေး စနစ်သို့ ဝင်ရောက် ထားသော လူမှုဖူလုံရေး လုပ်သားဦးရေ ရှစ်သိန်းကျော် ရှိပြီး အစိုးရဝန်ထမ်း များမှာ တစ်သိန်း ကျော်သာ ရှိကြောင်း သိရသည်။ ယင်းအတွက် နောက်ပိုင်းတွင် လူမှုဖူလုံရေး ဥပဒေအရ စစ်ဆေး အရေးယူခြင်း များကို လုပ်ဆောင်ရခြင်း ဖြစ်ပြီး ထိရောက်သည့် ဆောင်ရွက်မှုမျိုး ဖြစ်စေရန် ပြင်ဆင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger