www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label စီမံကိန်းများ. Show all posts
Showing posts with label စီမံကိန်းများ. Show all posts

Wednesday, December 26, 2018

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်
-
တောင်သာ ဒီဇင်ဘာ ၂၅ 
-
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပသည်။ 
-
ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က အမှာစကား ပြောကြားပြီး ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တောင်သာမြို့နယ်၌ အကောင်အထည်ဖော် ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာငါးရွာမှ ကော်မတီဝင်များအား တစ်ရွာလျှင် ငွေကျပ်သိန်း ၃ဝဝ စီကို လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းကျေးရွာ ခုနစ်ရွာမှ ကော်မတီဝင်များအား တစ်ရွာလျှင်ငွေကျပ်သိန်း ၁ဝဝ စီကိုလည်းကောင်း တာဝန်ရှိသူတို့က လွှဲပြောင်း ပေးအပ်သည်။ 
-
အဆိုပါ ပေးအပ်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများမှ ကော်မတီဝင်များတက်ရောက်ကြကြောင်းသိရသည်။ 
-
မင်းမြင့်မိုရ်
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, June 6, 2017

သယ်ယူပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်းတွင်းဆိပ်ကမ်း စီမံကိန်းနှစ်ခု အကောင်အထည်ဖော်ဆောင်ရွက်မည်



နေပြည်တော် ၆-၆-၂၀၁၇

မြန်မာနိုင်ငံအတွင်းရှိ ဖြစ်နိုင်ခြေရှိသော ကုန်းတွင်း ဆိပ်ကမ်းနေရာ (၈) နေရာအနက်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးဘူတာ အနီးနှင့် မန္တလေးတိုင်းဒေသကြီး မြစ်ငယ်ဘူတာ အနီးမြေနေရာများကို ရွေးချယ်၍ ကုန်းတွင်း ဆိပ်ကမ်း စီမံကိန်းနှစ်ခုဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (NESCAP) ၏ စီစဉ်ဆောင်ရွက်မှုဖြင့် အာရှနိုင်ငံများကြား သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး မြှင့်တင်ရန်နှင့်အပြည်ပြည်ဆိုင်ရာ ထိရောက်သော ပို့ဆောင်ရေးစနစ် တစ်ရပ် တည်ထောင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် ကုန်းတွင်းဆိပ်ကမ်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရန် စီမံလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ကုန်းတွင်းဆိပ်ကမ်းများ ဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်၍ နိုင်ငံအစိုးရများကြား သဘောတူညီချက် ဖြစ်ထွန်းပေါ်ပေါက် လာစေရန် ဒေသဆိုင်ရာ အစည်းအဝေးများကို အကြိမ်ကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီး ကုန်းတွင်း ဆိပ်ကမ်းများဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်ကို ၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၇ရက်က လက်မှတ်ရေးထိုး ခဲ့သည်။

အဆိုပါ ကုန်းတွင်း ဆိပ်ကမ်းများကို ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေ ၈ဝ ဧကနှင့် မန္တလေးတိုင်းဒေသကြီး မြစ်ငယ်ရှိ ၇၅ ဒသမ ၁ ဧကနေရာများတွင် အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Tuesday, May 16, 2017

မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးရွာ ၁၅၀၀ တိုးချဲ့ အကောင်အထည်ဖော် သွားမည်



မုံရွာ ၁၆-၅-၂၀၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာ နှစ်တွင် ကျေးရွာ ၁၅ဝဝ တိုးချဲ့အကောင်အထည် ဖော်ဆောင်ရွက်သွား မည်ဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီးအနေဖြင့် ၁၃ဝယူနစ် ရရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြစိမ်းရောင် ကျေးရွာအဖြစ် ရွေးချယ်ရာတွင် ဆင်းရဲသောကျေးရွာ ဖြစ်ရမည် ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုး တိုးတက်ရန် အလားအလာရှိသော ကျေးရွာဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင်အဆိုပါ ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများ၏ စိတ်အားထက်သန်မှု၊ စည်းလုံးညီညွတ် မှုစသည့် ကျေးရွာများ၏ စီမံကိန်းဆောင်ရွက်ရန် လိုလားစွာတင်ပြ တောင်းဆိုသောကျေးရွာ ဖြစ်ရမည်ဖြစ် သကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူ ချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ် အေးချမ်းသည့် ကျေးရွာဖြစ်ရမည် ဖြစ်သည်။

ရွေးချယ်ရာတွင် အိမ်ခြေအနည်းဆုံး ၈ဝ နှင့်အထက်ရှိ သောကျေးရွာကို ရွေးချယ်သကဲ့သို့ အကယ်၍ အိမ်ခြေ ၈ဝအောက် လျော့နည်းပါက အုပ်ချုပ်မှု လွယ်ကူသည့် နီးစပ်ရာ ကျေးရွာများနှင့် ပေါင်းစပ်ဖွဲ့စည်း ကာ ရွေးချယ် ခြင်းဖြစ်သည်။

စီမံကိန်းကျေးရွာ ရွေးချယ်ရေး ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး ပါဝင်တက်ရောက် နိုင်ရေး ကြိုတင်ဖိတ်ကြား ဆောင်ရွက်ကာ စီမံကိန်းကျေးရွာများ ရွေးချယ်ရာ တွင် မျှတ ညီညွတ်မှု ရှိစေရန်နှင့် လွှမ်းခြုံမှု ရာခိုင်နှုန်း မြင့်မားစေရန်ထည့်သွင်း စဉ်းစား၍ ပဏာမရွေးချယ် ထားသော ကျေးရွာများ စာရင်းကို အစည်းအဝေး ဆုံးဖြတ်ချက် မှတ်တမ်းနှင့်အတူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်သို့ မေ ၁၉ရက် အရောက်ပေးပို့ သွားရန် အကြောင်းကြားထားကြောင်း သိရသည်။

#Themyawadydaily

Tuesday, February 7, 2017

Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်ပါက FMI မှ ရှယ်ယာသစ် ထုတ်ရောင်းမည်


ရန်ကုန် ၊ ၇-၂-၂၀၁၇

ရန်ကုန်စတော့အိတ်ချိန်း တွင် လက်ရှိရှယ်ယာ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် First Myanmar Investment (FMI) ကုမ္ပဏီ အနေဖြင့် နိုင်ငံခြားမိတ်ဖက် အဖွဲ့အစည်း များနှင့် ပူးပေါင်း တည်ဆောက်မည့် Landmark စီမံကိန်းအတွက် ဘတ်ဂျက်လိုအပ်မှု ရှိလာပါက ရှယ်ယာသစ်များကို ထုတ်ရောင်း သွားမည်ဖြစ်ကြောင်း First Myanmar Investment ကုမ္ပဏီဥက္ကဋ္ဌ ဦးသိမ်းဝေ ထံမှ သိရသည်။

Landmark Development စီမံကိန်းကို အမေရိကန်ဒေါ်လာ သန်း ၆ဝဝ ရင်းနှီးမြှုပ်နှံကာ တည်ဆောက် သွားမည်ဖြစ်ပြီး ကုမ္ပဏီများ၏ ရှယ်ယာထည့်ဝင်မှု များအဖြစ် FMI မှ ၁၂ ရာခိုင်နှုန်း၊ ရိုးမကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်း၊ ဂျပန်ကုမ္ပဏီနှစ်ခု ဖြစ်သည့် Mitsubishi ကော်ပိုရေးရှင်းနှင့် Mitsubishi Estate ကုမ္ပဏီတို့မှ ၃ဝ ရာခိုင်နှုန်း၊ နိုင်ငံတကာ အဖွဲ့အစည်း နှစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) နှင့် အာရှဖွံ့ဖြိုရေးဘဏ် (ADB) တို့မှ ၅ ရာခိုင်နှုန်းစီ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 

''ရှယ်ယာသစ် ထုတ်ရောင်းမယ့် နေ့ရယ်၊ ရှယ်ယာအရေအတွက် ဘယ်လောက်ဆိုတာ ရယ်တော့ မဆုံးဖြတ်ရသေး ပါဘူး'' ဟု ဦးသိမ်းဝေ က ပြောသည်။

အဆိုပါ Landmark စီမံကိန်းတွင် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ ၊ စီးပွားရေး လုပ်ငန်းသုံး Office Tower များနှင့် ဈေးဝယ်စင်တာများ ပါဝင်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို မြန်မာ့မီးရထား ရုံးချုပ်နှင့် FMI ရုံးချုပ်နေရာတို့၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, January 13, 2017

လေဆိပ်သစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ကုန်ကျခံ တည်ဆောက်ရန်စီစဉ်



ပဲခူး ၊ ၁၃-၁-၂၀၁၇

လာမည့် ၂ဝ၂၁ ခုနှစ်တွင် ခန့်မှန်း တွက်ချက်မှုအရ လေကြောင်း ခရီးသည် ၁၁ သန်းခန့် တိုးတက်များပြား လာနိုင်ဖွယ်ရှိပြီး လေကြောင်းဆိုင်ရာ ကွန်ရက်ချင်း ဆုံရပ်၌ တည်ရှိသော ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် အတွက် စီမံကိန်း၏ ခန့်မှန်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ နှစ်ဘီလီယံခန့် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အစိုးရက Public Factilites တည်ဆောက်ရေး ခန့်မှန်းကုန်ကျ စရိတ်အတွက် ဂျပန်နိုင်ငံမှ ချစ်ကြည်ရေး ကို အခြေခံသည့် ODA ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၈၉ဝ အား ချေးယူပေးရမည် ဖြစ်ပြီး လုပ်ငန်း ဆောင်ရွက်မည့် Consortium မှ ချေးငွေ၏ အတိုးနှင့် အရင်းအား ပြန်လည်ပေးဆပ် သွားမည်ဖြစ်သည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်ပြေးလမ်း တစ်ကြောင်းတည်း သာရှိပြီး မြေနေရာ အနေအထား အကျယ်အဝင်းအရ ပြေးလမ်းအသစ် ထပ်မံမတိုးချဲ့ နိုင်ခြင်း၊ လေယာဉ် ရပ်နားရန် နေရာ အလုံအလောက် တိုးချဲ့နိုင်ခြေ မရှိခြင်း၊ ပတ်ဝန်းကျင်တွင် လူနေထူထပ် လာသောကြောင့် ၂၄ နာရီ အော်ပရေးရှင်း အတွက် ဆူညံသံများရှိခြင်း၊ အဆင်းမှာ မြောက်ဘက် တစ်ဖက်တည်းကသာ ဆင်းသက်ရခြင်း၊ အတက်မှာလည်း အများအားဖြင့် တောင်ဘက်သို့ တက်၍ လက်ယာဘက်သို့ ကွေ့ရခြင် စသည့်  အခက်အခဲများစွာ ရှိကြောင်း သိရသည်။

ထို့ပြင် နောင်အနာဂတ်တွင် တိုးတက်များပြား လာမည့် လေယာဉ်များ၊ ကုန်တင်လေယာဉ် များအား နိုင်ငံတကာစံချိန်စံညွှန်း များဖြစ်သော အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့ချုပ် (International Civil Aviation Organization- ICAO) ၏ ဘေးအန္တရာယ် ကင်းဝေးရေးဆိုင်ရာ (Safetly) စံချိန်စံညွှန်းများ အတိုင်း ဆောင်ရွက်ရန် အခက်အခဲများလည်း ရှိနေပြီး လုံခြုံရေး ကောင်းသော အော်ပရေးရှင်း ပြုလုပ်နိုင်ရေး ဖြစ်နိုင်ခြေမရှိခြင်း စသည့် အခက်အခဲများလည်း ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ ၁ဝ မိုင် ပတ်လည်အတွင်း ရှာဖွေခဲ့သည့် မြေနေရာ ကိုးနေရာအနက် ကျန် ရှစ်နေရာသည် အောက်ခံမြေသား မကောင်းခြင်း၊ ရေ၊မီးရရှိရန် ခက်ခဲခြင်း၊ Air Route နှင့် Circuit များထပ်နေ၍ လေကြောင်းဆိုင်ရာ ကန့်သတ်ချက် များရှိ၍ ဆောင်ရွက်ရန် မသင့်လျော်ခြင်း စသည့်အချက်များနှင့် စိစစ်မှုအရ အသင့်တော်ဆုံးဖြစ်သော နိုင်ငံတကာလေဆိပ် များနည်းတူ အဆင့်လိုက် တိုးမြှင့်တည်ဆောက် နိုင်မည့် မြေနေရာ အကျယ်အဝန်း ၉၆၉ဝ ဒသမ ၄ ဧကရှိသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းဟောင်း နေရာတွင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ကိုင်တွယ်နိုင်မည့် အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် PPP စနစ်ကို အခြေခံသော Concession Agreement ဖြင့် ဆောင်ရွက်မည့် နိုင်ငံတကာ တင်ဒါစနစ်ဖြင့် ပုဂ္ဂလိကလုပ်ငန်း ရှင်အဖွဲ့အား ဂျပန်နိုင်ငံမှ အတိုင်ပင်ခံ Nippon Koei Co., Ltd ဖြင့် စိစစ်ရွေးချယ် ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံအစိုးရ ဘက်မှလည်း ODA ချေးငွေပေးရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ခေတ်မီသော Digital နည်းစနစ်များဖြင့် နိုင်ငံတကာ အဆင့်မီ လေဆိပ်သစ်အား လေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၄)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger