www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label စိမ်းလန်းစိုပြေရေး. Show all posts
Showing posts with label စိမ်းလန်းစိုပြေရေး. Show all posts

Monday, August 15, 2016

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားသော်လည်း ပရိဘောဂလုပ်ငန်းများ ကုန်ကြမ်းအဖြစ် အခက်အခဲမရှိ



ရန်ကုန် ၊ ၁၅-၈-၂၀၁၆

မြန်မာတစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းထားသော်လည်း လက်ရှိတွင် လုပ်ငန်း လည်ပတ်ရန် ကုန်ကြမ်း အခက်အခဲ ဖြစ်ပေါ်ခြင်း မရှိသေးကြောင်း ပရိဘောဂ လုပ်ငန်းရှင်များ ထံမှ သိရသည်။

ယခင်က ပြည်တွင်း၌ ထုတ်လုပ်ထားသော သစ်မာများ အများအပြား ကျန်ရှိနေသေး သဖြင့် သစ်အသုံးပြုရသော လုပ်ငန်းများ အတွက် ကုန်ကြမ်း အခက်အခဲ ဖြစ်ပေါ်မှု မရှိခြင်း ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ သစ်တောများ၌ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ခြင်း နှင့် ပတ်သက်၍ လုပ်ငန်းရှင် တချို့က ဝေဖန်မှုများ ရှိသော်လည်း ဒေသခံများနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်သူ များကမူ ထောက်ခံ ကြိုဆိုခဲ့ ကြသည်။ တစ်နိုင်ငံလုံး၌ သစ်ထုတ်လုပ်မှုကို တစ်နှစ် ရပ်ဆိုင်းမည် ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှသာ ပဲခူးရိုးမကလွဲ၍ ကျန်နေရာများ၌ သစ်ထုတ်လုပ်မှုများ ပြန်လည် ခွင့်ပြုသွားမည် ဖြစ်ကာ ပဲခူးရိုးမအတွင်း သစ်ထုတ်လုပ်ခွင့် ကို ၁၀ နှစ်ကြာသည် အထိ ဆက်လက် ရပ်ဆိုင်း ထားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက ပဲခူးရိုးမ၌ တရားမ၀င် သစ်ထုတ်လုပ်မှု ပမာဏ များပြားသကဲ့သို့ တရားမ၀င် သစ်ခိုးထုတ်မှု များလည်း အများအပြား ရှိခဲ့သဖြင့် အဖိုးတန်သစ်များ ပြုန်းတီးမှု မရှိစေရေး အတွက် ၁၀ နှစ်ကြာသည် အထိ သစ်ထုတ်လုပ်မှု ရပ်ဆိုင်းပြီး ပြန်လည်ပြုပြင် ထိန်းသိမ်း သွားမည် ဖြစ်သည်။ အဆိုပါ ၁၀ နှစ်တာကာလ အတွင်း အဖိုးတန်သစ်များ  ပြုစုပျိုးထောင်ခြင်း နှင့် သစ်တောသယံဇာတ များ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်း တို့ကို သက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်ကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ နှစ်စဉ် ကျွန်းသစ်တန်ချိန် သုံးသိန်း နှင့် သစ်မာ တန်ချိန် ၁၅ သိန်း ၀န်းကျင်အထိ ထုတ်လုပ်ခဲ့ သော်လည်း လာမည့် ဘဏ္ဍာနှစ်မှစ၍ ကျွန်းသစ်တန်ချိန် ၁၅၀၀၀ ခန့်နှင့် သစ်မာတန်ချိန် ၃၅၀၀၀ ၀န်းကျင်သာ ခုတ်ယူခွင့်ပြု တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မတ်လ ကစပြီး ပြည်ပနိုင်ငံတို့သို့ သစ်အလုံးလိုက် တင်ပို့ခြင်း များကို ရပ်နားလိုက်ပြီး လက်ရှိတွင် ပရိဘောဂပစ္စည်း များ ၊ အထပ်သားများ နှင့် တခြားသစ် အချောထည်များ ကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြု ထားကြောင်း သိရသည်။

မိုးထက်ယံ

မြ၀တီနေ့စဉ် ၊ စာ(၆)

Monday, August 1, 2016

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို စိုက်ပျိုးပေးစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ဇနီး ဒေါ်ကြူကြူလှ ကံ့ကော်ပင်ကို စိုက်ပျိုးပေးစဉ်


နေပြည်တော် ၊ ၁-၈-၂၀၁၆

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ရေဆင်းဆည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီတွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည် အနီး၌ ကျင်းပပြုလုပ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့တက်ရောက် အားပေးပြီး အထိမ်းအမှတ် သစ်ပင်များကို စိုက်ပျိုး ပေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ် ခရေပင်ကို လည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ ဇနီးက ကံ့ကော်ပင် ကိုလည်းကောင်း စိုက်ပျိုးပေးပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး များနှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက် လာကြသူများက စိုက်ပျိုးပင်များအား သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးကြသည်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း စိုက်ပျိုးပင်ကို စိုက်ပျိုးပေးစဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂၀၁၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် အရာရှိ ၊ စစ်သည် ၊ မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးကြစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင်များသည် အရာရှိ၊ စစ်သည်၊ မိသားစုများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား သို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသား အရာရှိကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ရှိ ရုံး/ဌာနများမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ယမန်နေ့ ကျင်းပပြုလုပ်သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ၂ဝ၁၆ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တွင် ရတနာတန်းဝင် ကျွန်းပင် ၅ဝဝဝ ပင်အား စိုက်ပျိုးပေး ခဲ့သည်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေများတွင်လည်း ဒုတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၈၈၆၅၂ ပင်ကို လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၆ဝ၃၉ ပင်ကို လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၇၄၅၅ ပင်ကို လည်းကောင်း၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၃၂၄၃ ပင်ကို လည်းကောင်း၊ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ တွင် စိုက်ပျိုးပင် ၁၁ဝဝဝ ပင်ကို လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၉၂၆၅ ပင်ကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၉၅၆၁ ပင်ကို လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၂၁၄၈၅ ပင်ကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၄၅၆၉ ပင်ကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁ဝ၇၉၃ ပင်ကို လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင်  စိုက်ပျိုးပင် ၁ဝဝ၈၁ ပင်ကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၁၂၈၈ဝ ပင်ကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၅ဝ၉၈၃ ပင်ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေတွင် စိုက်ပျိုးပင် ၃၉ဝ၂၁ ပင်ကို လည်းကောင်း တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများက အသီးသီးစိုက်ပျိုး ခဲ့ကြသည်။ တပ်မတော် တစ်ရပ်လုံး အနေဖြင့် ယမန်နေ့ စိုက်ပျိုးသည့် စိုက်ပျိုးပင် စုစုပေါင်းမှာ ၄၃ဝဝ၂၇ ပင်ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

Wednesday, October 7, 2015

သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ အတွင်းရှိ ခရိုင် ၁၃ ခုတွင် ဆောင်ရွက်နေ



မန္တလေး ၊ ၇-၁၀-၂၀၁၅

သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းများကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ အတွင်းရှိ ခရိုင် ၁၃ ခုတွင် ဆောင်ရွက်လျက် ရှိကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

သဲကန္တာရ ဖြစ်ထွန်းမှုသည် ရာသီဥတုနှင့် ဆိုင်သည့် ကွဲပြား ခြားနား ပြောင်းလဲမှုနှင့် လူတို့၏ လုပ်ဆောင်မှုများ အပါအဝင် များစွာသော အကြောင်း အမျိုးမျိုးတို့ ကြောင့် အလွန်ပူပြင်း ခြောက်သွေ့သော လွင်တီးခေါင် ဒေသများ၊ အသင့်အတင့် ပူပြင်း ခြောက်သွေ့သော လွင်ပြင်ဒေသ များနှင့် ခြောက်သွေ့လျက် အသင့်အတင့် စိုစွတ်သော ဒေသများတွင် မြေဆီလွှာ ယိုယွင်းပျက်စီး လာလျက် ရှိသည်။

မြေဆီသြဇာ ကောင်းမွန်၍ သက်ရှိ အပင်နှင့် သတ္တဝါများ အတွက် အဖိုးတန် အသုံးဝင်သော မြေသားမြေလွှာ များမှ မြေဆီ မြေနှစ် ကင်းမဲ့၍ အသုံးမဝင်သော မြေသားမြေလွှာ အဖြစ်သို့ ရောက်ရှိကာ ကျယ်ဝန်း ခြောက်သွေ့ ပူပြင်း သည့် လွင်တီးခေါင် သဲကန္တာရ အဖြစ်သို့ တဖြည်းဖြည်း အသွင် ပြောင်းလဲ သွားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဧရိယာ၏ ၂ဝ ရာခိုင်နှုန်း ခန့်ရှိသော အလယ်ပိုင်း ဒေသသည် မိုးခေါင်ရေရှား ရပ်ဝန်းဒေသ အဖြစ် တည်ရှိနေသည်။ သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ် ကဲ့သို့သော ဆောင်ရွက်မှု မျိုးကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်း ဒေသတွင် ၁၉၅၄ ခုနှစ်ခန့်က အပူပိုင်းဒေသ ကျေးရွာသုံး ထင်းစိုက်ခင်း စီမံကိန်းဖြင့် စတင် ဆောင်ရွက်ခဲ့သည်။

၁၉၅၇ ခုနှစ်တွင် သစ်တော စံပြကွက်ကို ဧရိယာ ဧက ၁၂ဝဝ ခန့် စိုက်ပျိုးခဲ့ပြီး ကျေးရွာသား များကိုယ်တိုင် ဧရိယာဧက ၈ဝဝဝ ကို စိုက်ပျိုးခဲ့သည်။ ၁၉၆ဝ ပြည့် နှစ်တွင် သစ်တော ဦးစီးဌာနက ဧက ၇၅ဝဝဝဝ စိုက်ပျိုးခဲ့ပြီး ၁၉၇၇-၁၉၇၈ ခုနှစ်မှ စတင်၍ မြို့နယ်၊ ကျေးရွာအနှံ့ နှစ်စဉ် ပျိုးပင် ၁၁ သန်းခန့်ကို အခမဲ့ ဖြန့်ဝေ စိုက်ပျိုးခဲ့သည်။ 

၁၉၉၄ ခုနှစ်တွင် အပူပိုင်း ဒေသ ကိုးခရိုင် စိမ်းလန်း စိုပြည်ရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့သည်။ ခရိုင်ကိုးခုဖြင့် စတင် ခဲ့သော်လည်း ၁၉၉၅-၁၉၉၆ ခုနှစ် တွင် အပူပိုင်း ဒေသရှိ ရွှေဘိုခရိုင်၊ ညောင်ဦးခရိုင်၊ ဂန့်ဂေါခရိုင် စသည့် လေးခရိုင် တိုးချဲ့ ပါဝင်ခဲ့သဖြင့် ခရိုင် ၁၃ ခုအဖြစ် ပြောင်းလဲ သတ်မှတ် ဆောင်ရွက် ခဲ့သည်။

သဲကန္တာရ ဖြစ်ထွန်းမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ၁၃ ခရိုင်မှာ စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင်၊ စစ်ကိုင်း ခရိုင်၊ ရွှေဘိုခရိုင်၊ မန္တလေးတိုင်း ဒေသကြီးတွင် မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦး ခရိုင်နှင့် မကွေးတိုင်း ဒေသကြီး တွင် ပခုက္ကူခရိုင်၊ မင်းဘူးခရိုင်၊ မကွေးခရိုင်၊ သရက်ခရိုင်၊ ဂန့်ဂေါ ခရိုင်တို့ ဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဧပြီ ၂ ရက်က သဲကန္တာရ ဖြစ်ထွန်း မှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအဖွဲ့ ဝင်နိုင်ငံ တစ်နိုင်ငံ အဖြစ် ပါဝင်ခဲ့ကြောင်း သိရသည်။  (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

Tuesday, January 6, 2015

ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်း မကြာမီ ဖွင့်လှစ်တော့မည်


 ဖြူးချောင်း ရေလှောင်တမံ 


ဖြူး ၊ ၆-၁-၂၀၁၅

ပဲခူးတိုင်း ဒေသကြီး ၊ ဖြူးမြို့နယ် ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၄ ၏ အနောက်ဘက် ၅ မိုင်ခန့် အကွာတွင် တည်ရှိသော ဖြူးချောင်း ရေလှောင်တမံ ဘက်စုံ စီမံကိန်း ကို မကြာမီ ဖွင့်လှစ် တော့မည် ဖြစ်ကြောင်း သိရသည်။

စပါးသီးနှံ အပါအ၀င် သီးနှံစုံ အောင်မြင်စွာ စိုက်ပျိုး ထုတ်လုပ်နိုင်ရေး အတွက် ဒေသ စိမ်းလန်း စိုပြည်ရေး တို့အတွက် အချိန်တို အတွင်း ပြီးစီးနိုင်မည့် အသေးစား ၊ အလတ်စား ၊ အကြီးစား ဆည်မြောင်း စီမံကိန်းများကို အကောင် အထည်ဖော်လျက် ရှိရာ ယခု ဖွင့်လှစ် တော့မည့် ဖြူးချောင်း ရေလှောင်တမံ ဘက်စုံ စီမံကိန်းကြီး မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။

အဆိုပါ ဖြူးချောင်း ရေလှောင်တမံ ဘက်စုံစီမံကိန်း ကြီးသည် စစ်တောင်း မြစ်ဝှမ်းဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းများ တွင်ပါဝင်သည့် ဘက်စုံ စီမံကိန်း တစ်ခုပင် ဖြစ်သည်။ ဖြူးချောင်း ရေလှောင်တမံ မှာ ဇုန် အမျိုးအစား ကျောက်ဖြည့်တမံ အမျိုးအစား ဖြစ်ပြီး အမြင့် ၂၄၅ ပေ၊ အလျားပေ ၁ဝ၂ဝ၊ ကန်ရေပြည့် ရေလှောင် ပမာဏ ၆၃၂၅၃ဝ ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ် ဧရိယာ ၁၄၅၇ဝ ဧကဖြစ်ပြီး အုတ်တွင်း မြို့နယ် နှင့် ဖြူးမြို့နယ် အတွင်းရှိ လယ်မြေဧက ၉ဝဝဝဝ ခန့်ကို စိုက်ပျိုးရေ ပေးဝေနိုင်ရန် နှင့် တပ်ဆင် ဓာတ်အား ၂ဝ မဂ္ဂါဝပ် နှစ်လုံးဖြင့် ရေအားလျှပ်စစ် ပျမ်းမျှ ကီလိုဝပ် နာရီ ၁၂ဝ သန်း ထုတ်လုပ် နိုင်မည် ဖြစ်သည်။

ဖြူးချောင်း ရေလွှဲဆည်မှာ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး အမြင့်ပေ ၂၇ ပေ၊ အလျား ၁၆၅ ပေရှိမည် ဖြစ်သည်။

ဖြူးချောင်း ဆည်ရေသောက် စနစ်အနေဖြင့် ၁၉ မိုင်ရှည် တူးမြောင်းမကြီး နှစ်ခု၊ မိုင် ၂ဝ ရှည် မြောင်းခွဲတစ်ခု၊ လက်တံမြောင်း၂၄ ခု၊ လက်တံမြောင်းခွဲ ၂ဝ၆ ခုဖြင့် တည်ဆောက်မည် ဖြစ်ပြီး စီမံကိန်း အားလုံး ဖွင့်လှစ်ပြီးပါက ဒေသတွင်း စိုက်ပျိုးရေး၊ လူမှုရေး နှင့် စီးပွားရေး တိုးတက်ရုံ သာမကဘဲ နိုင်ငံတော် အတွက် များစွာ အကျိုးရှိမည့် ဘက်စုံ စီမံကိန်းကြီး ဖြစ်ကြောင်း သိရသည်။

သန်းဦး (လေးမျက်နှာ)

#Themyawadydaily
#မြ၀တီနေ့စဉ်

Wednesday, July 16, 2014

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် အရေးပါသော သစ်ပင်စိုက်ပျိုးခြင်း



သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာတွင် အရေးပါသော သစ်ပင်စိုက်ပျိုးခြင်း

ဝန်းရံခ

ခေတ်မီ ဖွံ့ဖြိုးသည့် နိုင်ငံများ၌ မြင့်မားသည့် အဆောက်အအုံ များနှင့် ခေတ်မီ ဆန်းပြားသည့် အခြေခံ အဆောက်အအုံ များသာ တွေ့ရပြီး သစ်ပင်များ လွန်စွာ လျော့နည်း လာကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံ သို့ လာရောက် ကြသည့် နိုင်ငံခြားသား အများစုက " မြန်မာနိုင်ငံ မှာ သစ်ပင်တွေကို ထိန်းသိမ်း စောင့်ရှောက်ပြီး ပြုစု ပျိုးထောင် ကြတယ် .... " ဟု ချီးကျူး ကြကြောင်း သိရသည်။

ရန်ကုန်မြို့ ၌ နှစ်ပေါင်း ရာချီသည့် သစ်ပင်ပေါင်း များစွာ ရှိသော်လည်း ၂၀၀၈ ခုနှစ် မေလဆန်း ပိုင်းတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ကြောင့် အဆိုပါ သက်တမ်း ရာကျော်ရှိ အပင်ကြီးများ ပြိုလဲ ခဲ့ရသည်။

နာဂစ်မုန်တိုင်း မှ လွတ်မြောက် ကျန်ခဲ့သည့် သစ်ပင် ကြီးများကို ကြည့်ပြီး နိုင်ငံခြားသား များက ချီးကျူးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အတွက် သဘာဝ ပတ်ဝန်းကျင် ကို ထိန်းသိမ်း ရာ၌ အရေးပါသော သစ်ပင် စိုက်ပျိုးခြင်းတွင် မြန်မာနိုင်ငံ အနေဖြင့် ရှေ့တန်းက ရှိပြီး ဂုဏ်ယူ ကြရမည် ဖြစ်သည်။

ကမ္ဘာကြီး ရာသီဥတု ဖောက်ပြန် ပူနွေး လာသည့် အဓိက အကြောင်း အရင်း နှစ်ချက်မှာ စွမ်းအင်ကဏ္ဍ နှင့် သစ်တော ပြုန်းတီးခြင်း တို့ ဖြစ်သည်။

ထို့အတွက် နိုင်ငံတကာ တွင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို အလေးထား ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း အလေးအနက် ထား ဆောက်ရွက်လျက် ရှိကြောင်း သိရသည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၊ စိမ်းလန်း စိုပြည် သာယာ လှပရေး ၊ ရာသီဥတု ညီညွတ် မျှတရေး တို့ကို ရှေးရှု၍ နိုင်ငံ နှင့် အ၀န်း သစ်ပင်များ စိုက်ပျိုးခြင်း ကို သစ်တော ဦးစီးဌာန မှ နှစ်စဉ် စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ရာတွင် ရန်ကုန်တိုင်း ဒေသကြီး ၌ နှစ်စဉ် သစ်ပင် စိုက်ပျိုးပွဲ ကို ကျင်းပပြီး လမ်းဘေး ၀ဲယာ သစ်ပင်များ စိုက်ပျိုးခြင်း ၊ ဌာနများ ၊ အဖွဲ့အစည်းများ စိုက်ပျိုးရန် သစ်ပင်များ ဖြန့်ဝေ ပေးခြင်း ၊ ကျေးလက် အိမ်ရာ တည်ထောင်ရေး အတွက် ကျွန်း ၊ သစ်မာ စသည့် သစ်မျိုးများကို ဖြန့်ဝေ စိုက်ပျိုး ပေးခြင်း တို့ကို ဆောင်ရွက် ခဲ့ရာ ၂၀၁၃ ခုနှစ် မိုးရာသီတွင် သစ်ပင်ပေါင်း ၁၃ သိန်းခန့် စိုက်ပျိုး ပေးနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာကြီး ပူနွေးလာမှု နှင့် ရာသီဥတု ပြောင်းလဲမှု တို့ကို ကုစားနိုင်ရန် အတွက် သဘာဝ သစ်တောများကို ထိန်းသိမ်း ကာကွယ်ခြင်း ၊ သစ်တော သစ်ပင်များ ပြန်လည် စိုက်ပျိုးခြင်း တို့ကို မလွဲမသွေ ဆောင်ရွက် ကြရမည် ဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး ၌ ယခုနှစ် မိုးရာသီတွင် ခရိုင်များ ၊ မြို့နယ်များ အပါအ၀င် သစ်ပင် စိုက်ပျိုးပွဲများ ဆောင်ရွက်ခဲ့ရာ ၁၄ ကြိမ်ရှိပြီး စိုက်ပျိုးပြီး သစ်ပင်ပေါင်း မှာ ၁၀၁၃၁ ပင်ဖြစ်သည်။ မိုးရာသီ တစ်ရာသီလုံး အတွက် တိုင်းဒေသကြီး တစ်ခုလုံးတွင် စိုက်ရန် သစ်တော ဦးစီးဌာန မှ ပျိုးထောင်ထားသည့် သစ်ပင်ပေါင်း ၁၂ သိန်း နှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ နှစ်သိန်း တို့ကို ပျိုးထောင် ထားကြောင်း သိရှိရသည်။

#Themyawadydaily

Wednesday, June 25, 2014

ကမ္ဘာ့တတိယ ၀ါးအများဆုံးထွက်ရာ မြန်မာနိုင်ငံအနေဖြင့် ၀ါးမျိုးစိတ်များ ထိန်းသိမ်းစောင့်ရှောက်ရန်လို


ရန်ကုန် ၊ ၂၅-၆-၂၀၁၄

ကမ္ဘာ့ပေါ်၌ တတိယ ၀ါးအများဆုံး ထွက်ရှိရာ မြန်မာနိုင်ငံတွင် ၀ါးမျိုးစိတ်များ ပြုန်းတီး လာနေသဖြင့် ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် နေသည့် ၀ါးချစ်သူများ အသင်းမှ ဒေါ်ဒေစီသန့်စင် က ပြောကြားသည်။

ဝါးချစ်သူများ အသင်းက မြန်မာနိုင်ငံ ၌ ၀ါးပင်များ ထိန်းသိမ်းရေး အတွက် ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်မြို့၌ ယမန်နေ့ က ဒေသခံ များအား ၀ါးပင်အကြောင်း သိကောင်း စရာများ လာရောက် ဟောပြော ကြသည်။

ဝါးချစ်သူများ အသင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် မှ ပညာရှင်များ ၊ မြနမာ အစိမ်းရောင် ကွန်ရက် နှင့် BANCA စသည့် အဖွဲ့အစည်း များမှ ပညာရှင်များ ဖြင့် စတင် ဖွဲ့စည်းခဲ့ပြီး အသင်းဝင် ၈၀ ခန့်ဖြင့် မြန်မာနိုင်ငံ အနှံ့အပြား ရှိ ဒေသခံများ နှင့် ပူးပေါင်းကာ ၀ါးပင် အကြောင်း သိကောင်းစရာ များ ဟောပြောခြင်း နှင့် ၀ါးပင် စိုက်ပျိုးခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ဝါးပင်သည် အမြစ်ကုပ်အား ကောင်းပြီး မြေပြိုမှုကို ကာကွယ်ပေးခြင်း ၊ မြေအောက်ရေ ထိန်းသိမ်း ပေးခြင်း ၊ အခြား အပင်များထက် ၃၅ ရာခိုင်နှုန်းခန့် အောက်ဆီဂျင် ပိုမို ထုတ်လွှတ် ပေးခြင်း ၊ မြစ်ဝ ကျွန်းပေါ် ဒေသများတွင် မုန်တိုင်းတိုက်လျှင် အုန်းပင် ၊ ၀ါးပင် ကဲ့သို့သော အပင်များသည် ပင်စည် ပျော့ပျောင်း၍ ယိမ်းနွဲ့ပင် အမျိုးအစား ဖြစ်သောကြောင့် ပြိုလဲခြင်း မရှိဘဲ လေကာပင် အဖြစ် ကာကွယ် ပေးခြင်းကြောင့် လူသားများ အတွက် များစွာ အကျိုးပြုကြောင်း သိရှိရသည်။

သီဟလွင်

#Themyawadydaily

Friday, July 12, 2013

ရန်ကုန်မြို့တော် အတွင်း အမြဲစိမ်းဧရိယာ စိမ်းလန်းမြေများ သတ်မှတ်သွားနိုင်ရန် စီစဉ်မည်


ရန်ကုန် ၊ ၁၂-၇-၂၀၁၃

ရန်ကုန် မြို့တော် အတွင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု ကို ဖြစ်စေသည့် အမြဲစိမ်းဧရိယာ စိမ်းလန်းမြေများ ဖော်ထုတ် သတ်မှတ် သွားရန် ရှိကြောင်း " မဟာရန်ကုန် မြို့ပြ ဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်း ရေးဆွဲရေး အဖွဲ့ " မှ တစ်ဆင့် သိရသည်။

မြို့ပြများ တိုးချဲ့လာမှု နှင့်အတူ ဆိတ်ငြိမ် ရပ်ကွက်များ ၊ အများပြည်သူ အပန်းဖြေရန် နေရာ ဧရိယာများ ၊ မြို့တော် တစ်ဝန်း ကာဗွန် ထုတ်လွတ်မှု ကို စုပ်ယူနိုင်စွမ်း ရှိသည့် သစ်ပင် အများအပြား ရှိရမည့် အမြဲစိမ်း ဧရိယာ များ ပပျောက် သွားနိုင်သည့် အတွက် အမြဲစိမ်း ဧရိယာ စိမ်းလန်း ဧရိယာ များကို သတ်မှတ် သွားရန် အစီအစဉ်များ ရှိကြောင်း သိရသည်။


မြို့တော်အတွင်း CBD ခေါ် ဗဟို စီးပွားရေး ချက်မဒေသ များကို ထပ်မံ ခွဲထုတ်သွားမည့် မဟာဗျူဟာ စီမံကိန်းတွင် မြို့တော် ဗဟိုမှ ခွဲဖြာထွက်လာမည့် နောက်ထပ် ဗဟို စီးပွားရေး ချက်မတစ်ခု နှင့် တစ်ခုကြားတွင် ယင်းကဲ့သို့သော အမြဲစိမ်း ဧရိယာများကို မဖြစ်မနေ သတ်မှတ် လိုက်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း နှင့် လူနေ သိပ်သည်းမှု ကို လျှော့ချခြင်း များကို တစ်ပြိုင်တည်း ဆောင်ရွက် လိုက်ခြင်းပင် ဖြစ်ကြောင်း သိရသည်။ ယင်း အမြဲစိမ်း ဧရိယာ များတွင် အများပြည်သူ အပန်းဖြေ နိုင်သည့် ပန်းခြံများ ၊ ပန်းဥယျာဉ်ကြီး များ ၊ ကစားကွင်းများ နှင့် အပန်းဖြေ နားနေစခန်း များ ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

Tuesday, July 2, 2013

အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ်နယ်နိမိတ် အတွင်း သတိပေး တားမြစ်ချက် ဆိုင်းဘုတ်များစိုက်ထူ


မုံရွာ ၊ ၂-၇-၂၀၁၃

မုံရွာခရိုင် ကနီမြို့နယ် အတွင်းရှိ အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် နယ်နိမိတ် အတွင်း၌ သစ်တောရေးရာ သတိပေး တားမြစ်ချက် မြေစိုက် ဆိုင်းဘုတ်ကြီး များ စိုက်ထူ ထားလျက် ရှိကြောင်းကို လာပို့ကျေးရွာ နေ ဒေသခံ ပြည်သူ တစ်ဦးက " သစ်တောထွက် ပစ္စည်းတွေ ဈေးကောင်း လာတာနဲ့အမျှ သစ်တောကြီး တွေထဲကို လူဝင်လူထွက် များပြား လာတာကြောင့် အခုလို သတိပေး တားမြစ်ချက် ဆိုင်းဘုတ်တွေ စိုက်ထူတာ ဖြစ်နိုင်ပါတယ် ... " ဟု ပြောကြား ကြသည်။

ကနီမြို့နယ် ၊ ယင်းမာပင် မြို့နယ် ၊ မင်းကင်းမြို့နယ် ၊ ကလေးမြို့နယ် နှင့် ဂန့်ဂေါမြို့နယ် တို့အကြား တည်ရှိသော အဆိုပါ အမျိုးသား ဥယျာဉ်ကြီး သည် တောနေ တိရစ္ဆာန် များနှင့် ပန်းမန် သစ်ပင်မျိုးစုံ တည်ရှိရာ သစ်တောထွက် ပစ္စည်းများ သဘာဝ အလျှောက် တည်ရှိ နေသော်လည်း စည်းကမ်းမဲ့ စီးပွားရေး ရှာဖွေ လိုသူများ မကြာခဏ ၀င်ရောက်လေ့ ရှိတတ်ခြင်းကြောင့် ယင်းကဲ့သို့ သတိပေး တားမြစ်ချက် ထုတ်ပြန် ကြေညာ ထားရခြင်း ဖြစ်သည်။

သစ်တောရေးရာ သတိပေး တားမြစ်ချက် များတွင် အမဲလိုက်ခြင်း ၊ ငါးဖမ်းခြင်း ၊ အဆိပ်ခပ်ခြင်း ၊ ရေစီးရေလာ ပျက်စီး စေအောင် ပြုလုပ်ခြင်း ၊ မီးသွေးဖုတ်ခြင်း ၊ မီးရှို့ခြင်း ၊ သစ်ပင်ခုတ်ခြင်း ၊ တောင်ယာ ခုတ်ခြင်း ၊ စားကျက်ချခြင်း ၊ မြေကို ခုတ်ထွင် ရှင်းလင်းခြင်း ၊ ကျူးကျော် ၀င်ရောက်ခြင်း ၊ ယာမြေ ဖော်ထုတ်ခြင်း စသည့် ကိစ္စရပ် များကို မပြုလုပ် ကြရန် သတိပေး တားမြစ် ထားခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ တားမြစ်ချက် တွေ လိုက်နာမှု မရှိဘဲ သစ်တောအတွင်း ၀င်ရောက် လုပ်ဆောင် နေသည်ကို တွေ့ရှိရလျှင် မည်သူ့ကိုမဆို သစ်တော ဥပဒေအရ သော်လည်းကောင်း ၊ တောရိုင်း တိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ အရသော် လည်းကောင်း ၊ သဘာဝ နယ်မြေများ ထိန်းသိမ်း စောင့်ရှောက်ရေး ဥပဒေ အရသော် လည်းကောင်း အရေးယူ နိုင်ကြောင်း အလောင်းတော် ကဿပ အမျိုးသား ဥယျာဉ် အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။

Saturday, March 2, 2013

တစ်စွန်းတစ်စ လန်ပိ ဒီရေတော




၂၀၁၃ ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက ကော့သောင်းမြို့ သို့ ရောက်ခဲ့သည်။ ကော့သောင်း မြို့နယ် ၊ သစ်တော ဦးစီးဌာန ဦးစီး အရာရှိ ဦးမျိုးမင်းနိုင် ၊ ဦးဌေးအောင် တို့နှင့်အတူ လန်ပိအဏ္ဏ၀ါ အမျိုးသား ဥယျာဉ် တည်ရှိရာသို့ သွားဖြစ် ကြသည်။ ကော့သောင်း မြို့မှ ကော့သောင်း - ဘုတ်ပြင်း ကားလမ်း အတိုင်း သွားပြီး အောင်ဘာ လမ်းခွဲ အရောက်တွင် အောင်ဘာ ဆိပ်ကမ်းသို့ ရောက်ရှိသည်။ အောင်ဘာ ဆိပ်ကမ်းမှ လူ ၂၀ ခန့် စီးနိုင်သော အမိုးဖွင့် သစ်သား စက်လှေဖြင့် ၂ နာရီခန့် မောင်းလိုက်လျှင် လန်ပိကျွန်းမကြီး နှင့် မျက်နှာချင်း ဆိုင်ရှိ မကြုံဂလက် ရွာဆိပ်ကမ်း သို့ ရောက်ရှိသည်။

မကြုံဂလက် ဆိပ်ကမ်းက ဆလုံ လူမျိုး အများစု နေထိုင်ရာ မကြုံဂလက် မွန်ကင်း ကျေးရွာတွင် တည်ရှိသည်။ လန်ပိ အဏ္ဏ၀ါ အမျိုးသား ဥယျာဉ်ကြီးကို ထိန်းသိမ်း ကွပ်ကဲမည့် ရုံးက ထိုရွာတွင် တည်ရှိသည်။ရောက်ရောင်ချင်း မှာပင် အနားမယူ ကြဘဲ လန်ပိကျွန်း၏ ပင်လယ်ဘက် အခြမ်းရှိ လဘိအော် ထဲသို့ သွားဖြစ် ကြသည်။ ထိုအော် ထဲတွင် ချောင်းကလေး တွေရှိသည်။ ထို လဘိအော် ၏ထိပ်တွင် ပင်လယ် ကဗွီးပင် များ ပေါက်ရောက် နေသော သဲသောင်ခုံတော ကို တွေ့ရသည်။ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း ဦးမျိုးမင်းနိုင် နှင့် ဦးဌေးအောင် တို့က ပြောပြသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger