၂၀၁၃ ခုနှစ် ဇန်န၀ါရီ လကုန်ပိုင်းက
ကော့သောင်းမြို့ သို့ ရောက်ခဲ့သည်။ ကော့သောင်း မြို့နယ် ၊ သစ်တော ဦးစီးဌာန ဦးစီး
အရာရှိ ဦးမျိုးမင်းနိုင် ၊ ဦးဌေးအောင် တို့နှင့်အတူ လန်ပိအဏ္ဏ၀ါ အမျိုးသား ဥယျာဉ်
တည်ရှိရာသို့ သွားဖြစ် ကြသည်။ ကော့သောင်း မြို့မှ ကော့သောင်း - ဘုတ်ပြင်း ကားလမ်း အတိုင်း
သွားပြီး အောင်ဘာ လမ်းခွဲ အရောက်တွင် အောင်ဘာ ဆိပ်ကမ်းသို့ ရောက်ရှိသည်။ အောင်ဘာ ဆိပ်ကမ်းမှ
လူ ၂၀ ခန့် စီးနိုင်သော အမိုးဖွင့် သစ်သား စက်လှေဖြင့် ၂ နာရီခန့် မောင်းလိုက်လျှင်
လန်ပိကျွန်းမကြီး နှင့် မျက်နှာချင်း ဆိုင်ရှိ မကြုံဂလက် ရွာဆိပ်ကမ်း သို့ ရောက်ရှိသည်။
မကြုံဂလက် ဆိပ်ကမ်းက ဆလုံ လူမျိုး အများစု
နေထိုင်ရာ မကြုံဂလက် မွန်ကင်း ကျေးရွာတွင် တည်ရှိသည်။ လန်ပိ အဏ္ဏ၀ါ အမျိုးသား ဥယျာဉ်ကြီးကို
ထိန်းသိမ်း ကွပ်ကဲမည့် ရုံးက ထိုရွာတွင် တည်ရှိသည်။ရောက်ရောင်ချင်း မှာပင် အနားမယူ
ကြဘဲ လန်ပိကျွန်း၏ ပင်လယ်ဘက် အခြမ်းရှိ လဘိအော် ထဲသို့ သွားဖြစ် ကြသည်။ ထိုအော် ထဲတွင်
ချောင်းကလေး တွေရှိသည်။ ထို လဘိအော် ၏ထိပ်တွင် ပင်လယ် ကဗွီးပင် များ ပေါက်ရောက် နေသော
သဲသောင်ခုံတော ကို တွေ့ရသည်။ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း
ဦးမျိုးမင်းနိုင် နှင့် ဦးဌေးအောင် တို့က ပြောပြသည်။
ထိုမှ ဆက်၍ အတွင်းသို့ ၀င်လာကြရာ ဒီရေတော
များကို ကမ်းနှစ်ဘက် စလုံး၌ တွေ့ရသည်။ အပင်ကြီးများ မဟုတ်သော်လည်း အပင်ငယ် များလည်း
မဟုတ် ၊ ထိန်းသိမ်း စောင့်ရှောက်မှု ပေးထားသဖြင့် အပင်လတ်များ အဖြစ် မြင်နေရသည်။ အတွင်းသို့
ဆက်ဝင် လာရာ ချောင်းငယ် တစ်ခုကဲ့သို့ ဖြစ်နေသော နေရာ အရောက်တွင် ထိုချောင်း အတွင်းသို့
စက်လှေကို မောင်းဝင် လိုက်သည်။ ဒီရေတောတွင် ပေါက်ရောက် နေသော လမု ၊ လမဲ့ ၊ တရော ၊ မဒမ
နှင့် ဗြူးခြေထောက် ပင်များကို တွေ့ရသည်။
ချောင်းအတွင်းပိုင်း တွင် ကမ်းတစ်ဖက်
တစ်ချက်စီ မှ ဒီရေတော များက ကိုင်းချင်းဆက် နေကြသည်။ သို့သော် အတွင်းသို့ ထပ်၍ မ၀င်နိုင်
တော့ကြောင်း စက်လှေ မောင်းသူက ပြောသည်။ ရေကျချိန် ဖြစ်၍ စက်လှေ ပြန်မထွက် နိုင်လျှင်
ဤနေရာ၌ပင် ညအိပ် ရလိမ့်မည်ဟု ဆိုသဖြင့် ထိုနေ့က လမုတော အတွင်းပိုင်းကို မမြင်ရဘဲ ပြန်ခဲ့ရသည်။
ထိုညကတော့ လန်ပိကျွန်း နှင့် မျက်နှာချင်းဆိုင် ရှိ မကြုံဂလက် ရွာ သစ်တောရုံးတွင် ညအိပ်
ခဲ့ကြသည်။ ညဘက်တွင် ဆလုံ လူမျိုးများ ညဘက် ငါးဖမ်း နေပုံကို လေ့လာရန် ကြိုးစား မိကြသေးသည်။
သို့သော် ထိုညက ရေကျသည့် ညဖြစ်ပြီး လေလည်း ထန်သဖြင့် လေကွယ်ရာ တွင်သာ ဆလုံများ ငါးဖမ်း
ကြမည် ဆိုသဖြင့် ထိုကိစ္စကို လက်လျော့ လိုက်ရသည်။
နောက်တစ်နေ့ နံနက် ၉ နာရီခန့်တွင် ပင်လယ်
ဒီရေ တက်ချိန်ကို ကြည့်၍ လဘိအော် အတွင်းသို့ ထပ်မံ သွားရောက် ကြသည်။ ဤတစ်ခေါက် ကတော့
အဆင်ပြေသည်။ ရေတက်ချိန် ဖြစ်သဖြင့် ချောင်း၏ အဆုံးထိ စက်လှေကို မောင်းနိုင် ခဲ့သည်။
အတွင်းပိုင်းတွင် ဗြူးခြေထောက် ပင်ကြီးများကို ပကတိ အတိုင်း ထိတွေ့ သိမြင် ခဲ့ရသည်။
အပင်ကြီး များက ပေ ၁၀၀ ကျော်ခန့် ရှိသည်ဟု ခန့်မှန်း ရသည်။ ပင်စည်များက ဖြောင့်တန်း
ရှည်တက် နေသည်။ အမြစ်များက ကြီးမားသည်။ တစ်ခုနှင့် တစ်ခု တွယ်ငင် ထားကြသည်။ လူတစ်ရပ်ကျော်
ရှိသည်။ ၁၀ ပေမက မြင့်သော အမြစ်ကြီးများလည်း ရှိသည်။ ရင်သပ် ရှုမော အံ့သြစရာ ရှားပါး
ဒီရေတောများ ဖြစ်သည်။
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး
တွင် ဒီရေတော များကလည်း အရေးပါသည်။ ယခုကဲ့သို့ လန်ပိကျွန်း တွင် ဒီရေတော များ ထိန်းသိမ်း
ကာကွယ်လျက် ရှိသည်ကို လူများ သိဖို့ လိုသည်။ မြန်မာ တစ်နိုင်ငံလုံး သိဖို့ လိုသည်။
တစ်ကမ္ဘာလုံးက သိဖို့ လိုသည်။
ခင်မောင်မြင့် (အကြံပေး အရာရှိ)
No comments:
Post a Comment