www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု
-
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြု လွှတ်တော်နှစ်ရပ်မှကိုယ်စားလှယ်ဦးရေတူညီမျှတစွာသင့်လျော်သော အရေအတွက်ဖြင့် ဖွဲ့စည်း ဆောင်ရွက်သွားမည် 
-
နေပြည်တော်  ဖေဖော်ဝါရီ  ၆ 
-
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
-
အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၄)မှဦးအောင်ကြည်ညွန့်တင်သွင်းသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများကို  ဆောလျင်စွာ ဆောင်ရွက်နိုင်ရေး အတွက်ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို သင့်လျော်သည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းရန်ပြည်ထောင်စုလွှတ်တော်သို့  တိုက်တွန်းကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ကအတည်ပြုလိုက်ကြောင်း သိရသည်။
-
ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်က လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေးသွားခဲ့သည့် အတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဆင်ရန်အတွက် အားလုံးပူးပေါင်းပါဝင်ပြီး သဘောတူညီမှု ရရှိသော ဥပဒေကြမ်းတစ်ခုရရှိသည်အထိ အဆင့်ဆင့်ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုအစပြုနိုင်ရန် ရည်ရွယ်ပြီး တင်သွင်းသည်ကို တွေ့ရကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၃၃ မှ ၁၄၃ အထိပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိသေးကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၆ဝ တွင် အဆို၏ အဓိပ္ပာယ်ကိုဖော်ပြရာ၌ ပြည်ထောင်စု အဖွဲ့အစည်းက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးက ဖြစ်စေ လွှတ်တော်၏ အဆုံးအဖြတ်ကိုခံယူလိုပါက အဆိုတင်သွင်း ရမည်ဟု အတိအကျပြဋ္ဌာန်း ထားကြောင်း၊ အရေးကြီးအဆိုတင်သွင်းလိုပါက ပြည်ထောင်စု လွှတ်တော်နည်းဥပဒေဆိုင်ရာ ပုဒ်မ ၆၆ အရ တင်သွင်းရမည်ဖြစ်ကြောင်း၊ ယခုလွှတ်တော်ကပဲ တင်သွင်းခဲ့ပြီးဖြစ်၍ ထိုပြည်ထောင်စုလွှတ်တော်နည်းဥပဒေဆိုင်ရာ ပုဒ်မ ၆ဝ နှင့် ၆၆ အရ အဆိုနှင့်  အရေးကြီးအဆိုများကို လက်ခံပြီးပါက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂၁ ပုဒ်မခွဲ (ဆ)အရ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းနည်းဥပဒေ ၆၈၊ ဆုံးဖြတ်ခြင်းနည်း ဥပဒေ ၇ဝ အရ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းပါရှိကြောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၈ အရ ပြည်ထောင်စု လွှတ်တော်ကလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးကို ဆွေးနွေးစေခဲ့ရာ အဆိုရှင်၏ အဆိုကို လွှတ်တော် ကိုယ်စား လှယ် အများစုက ထောက်ခံ ခဲ့ပြီးဖြစ်သည့်အတွက်   အဆိုရှင်၏အဆိုအရ ကနဦးအစတွင် ကော်မတီ တစ်ရပ်ကို ဆောင်ရွက်ရန် အဆို တင်သွင်းခြင်းသာဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးနိုင်ရန် ရှင်းလင်း တင်ပြသည်။
-
ယင်းနောက် အဆိုရှင်ကလည်း အတည်ပြု ပေးနိုင်ပါရန်တင်ပြသဖြင့် စက်ခလုတ်နှိပ် မဲခွဲ ဆုံးဖြတ်ရာ ဆန္ဒမဲပေး ခွင့်ရှိသူ ၆၂၁ ဦးတွင်  အဆိုထောက်ခံမဲ ၄၁၄ မဲ၊ ကန့်ကွက်မဲ ၁၉၁ မဲ၊ ကြားနေမဲ ခြောက်မဲရှိပြီး ဆန္ဒမဲအရေအတွက် စုစုပေါင်း ၆၁၁ မဲအနက် ထောက်ခံဆန္ဒမဲ များသောကြောင့် အရေးကြီး အဆိုကို လွှတ်တော်က အတည်ပြုကြောင်း  နာယကက  ကြေညာသည်။ ဆက်လက်၍ နာယကက အဆိုအတည်ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီတစ်ရပ်ကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေတူညီမျှတစွာ သင့်လျော်သော အရေအတွက်ဖြင့်   ဖွဲ့စည်း ဆောင်ရွက် သွား မည်ဖြစ်ကြောင်း၊ အဆိုပါ ပူးပေါင်းကော်မတီ၏ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယကကို တာဝန် ပေးအပ်သွားမည်ဖြစ်ပြီး လွှတ်တော်အတွင်းရှိ နိုင်ငံရေးပါတီ အသီးသီးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်အရေအတွက် အချိုးကျပါဝင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။
-
ထို့ကြောင့် နာယကအနေဖြင့် နိုင်ငံရေး ပါတီအသီးသီးနှင့် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များ အစု အဖွဲ့တို့မှ ကိုယ်စားပြု တာဝန်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကိုသင့်လျော်သည့်နေ့ရက်တွင် ဖိတ်ခေါ် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ပါဝင်မှုကိုလည်း အဆိုပါ အစည်းအဝေးမှ ညှိနှိုင်း သတ်မှတ်သွားရန် ဖြစ်ကြောင်း၊ ဖွဲ့စည်းဆောင်ရွက်မည့် ပူးပေါင်း ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကိုလည်း သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။
-
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းများနှင့်စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာကို ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းက ပြည်ထောင်စုလွှတ် တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန် ပုံငွေဖြင့် ဒေသများတွင် လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းတစ်ခုလျှင် ငွေကျပ် ငါးသန်းခွင့်ပြုပေးမည့်အစား မြေပြင်အခြေအနေအရ လိုအပ်သည့် လုပ်ငန်းပမာဏနှင့် လျော်ညီသည့်တန်ဖိုးများ ခွင့်ပြုပေးသင့်ကြောင်းထို့ပြင် မြို့နယ်တစ်ခုနှင့် တစ်ခု လူဦးရေ၊ နယ်မြေအကျယ်အဝန်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး အလားအလာရှိမှု၊ ရာသီဥတု၊ သဘာဝဘေး အန္တရာယ်ခံစားရမှုများ မတူညီနိုင်သည့် အတွက်  မြို့နယ်တစ်ခုလျှင်  ငွေကျပ်သန်း ၁ဝဝ ပုံမှန်ခွင့်ပြု ပေးခြင်းအား ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများတွင် အမှန်တကယ်အမြန်ဆုံး ဦးစားပေး ဆောင်ရွက် ပေးသင့်သည့်လုပ်ငန်း အမျိုးအစား ဆောင်ရွက်နိုင်သောအတိုင်းအတာပေါ်အခြေခံ၍ သင့်မြတ်သည့်ထောက်ပံ့ ငွေပမာဏ ခွဲဝေသုံးစွဲ ခွင့်ပြုလျှင် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ ဥပဒေပါ ရည်ရွယ်ချက်ဖြစ်သည့် ဒေသများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများပိုမိုအားကောင်း ထိရောက် စေမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးသည်။
-
အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၃/၂ဝ၁၉)ကို   ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီဒုတိယဥက္ကဋ္ဌ ကရင်ပြည်နယ်မဲဆန္ဒ နယ်အမှတ်(၂)မှ ဦးစောသန်းထွဋ်က ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်း စားရန် အဆိုတင်သွင်း သည်။ ယင်းအစီရင် ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာသည်။
-
ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လပတ် အခွန် ကောက်ခံရရှိမှု အခြေအနေနှင့်၎င်းအပေါ်ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိ ချက်နှင့်  သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂ဝ၁၉) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆက်လက်ဆွေးနွေးကြသည်။ ထို့ပြင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ခြောက်လတာကာလ (၂ဝ၁၈ ခုနှစ်ဧပြီ ၁ဝ ရက်မှ အောက်တိုဘာ ၉ ရက်အထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ က ဆက်လက်ဆွေးနွေးကြသည်။ 
-
အောင်လှိုင်ဝင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger