www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဧရာဝတီ လင်းပိုင် ကောင်ရေ သုတေသန စစ်တမ်း ပြုလုပ်ရာ ၇၂ ကောင် တွေ့ရှိ

၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဧရာဝတီ လင်းပိုင် ကောင်ရေ သုတေသန စစ်တမ်း ပြုလုပ်ရာ ၇၂ ကောင် တွေ့ရှိ
-
မန္တလေး  ဖေဖော်ဝါရီ  ၁၈
-
ငါးလုပ်ငန်းဦးစီးဌာနနှင့်  သားငှက်ထိန်းသိမ်းရေး အဖွဲ့(မြန်မာနိုင်ငံ အစီအစဉ်)တို့ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ၂ဝ၁၉ ခုနှစ်အတွက် ဧရာဝတီလင်းပိုင်ကောင်ရေ သုတေသနစစ်တမ်း ပြုလုပ်ရာ ၇၂ ကောင် တွေ့ရှိကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်)မှ သိရသည်။ 
-
၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ ၁၆ ရက်အထိ ဧရာဝတီလင်းပိုင်သုတေသန စစ်တမ်းကောက်ယူရာတွင်  မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာထဲ၌ ၂၄ ကောင်၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာအဖြစ် တိုးချဲ့နိုင်ခဲ့သော မလယ်နှင့်  ရွှေကူမြို့နယ် ဧရိယာကြား၌ ၃၄ ကောင်နှင့် ဗန်းမော်၌ ၁၄ ကောင် စုစုပေါင်း  ၇၂ ကောင်ကို သုတေသနပြုနိုင်ခဲ့သည်။ 
-
၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးသုတေသနစစ်တမ်းတွင်မန္တလေးနှင့် ကျောက်မြောင်းကြား ဧရိယာ၌ ၂၆ ကောင်၊ မလယ်နှင့် ရွှေကူမြို့နယ်ကြား ဧရိယာ၌ ၃၇ ကောင်နှင့် ဗန်းမော်၌ ၁၃ ကောင် စုစုပေါင်း ၇၆ ကောင်ကိုသုတေသနပြုနိုင်ခဲ့သည်။ 
-
၂ဝ၁၉ ခုနှစ်အတွက် သုတေသနစစ်တမ်းတွင် ၂ဝ၁၈ ခုနှစ် သုတေသန စစ်တမ်းထက် လေးကောင် လျော့နည်းနေကြောင်း၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတွင် ၂ဝ၁၈ခုနှစ်သည် ဧရာဝတီလင်းပိုင်များ အသေအပျောက် အများဆုံးဖြစ်ပြီး ယင်းနှစ်ထဲတွင်ခြောက်ကောင်သေဆုံးကာ ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းတွင်လည်း  ဧရာဝတီလင်းပိုင်တစ်ကောင်သေဆုံးကြောင်း သိရသည်။ ''၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမှာသုတေသနပြုတာက ၇၆ ကောင်၊ ဒီနှစ် ဖေဖော်ဝါရီလ မှာတော့ ၇၂ ကောင်ပေါ့။ လေးကောင် လျော့တယ်။ သုတေသန စစ်တမ်းကောက်တာက၂ဝဝ၂ ခုနှစ်ကတည်းက ကောက်တာပါ။ ၂ဝ၁၈ ခုနှစ်ထဲမှာအများဆုံးတွေ့ခဲ့တာပါ''ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းကပြောသည်။ 
-
ဧရာဝတီလင်းပိုင်သေဆုံးမှု အများစုသည်ဘက်ထရီရှော့ခ်တိုက်ငါး ဖမ်းဆီးမှုကြောင့် ဖြစ်ကြောင်း၊ ဧရာဝတီလင်းပိုင် သုတေသန စစ်တမ်းများကို နှစ်စဉ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခြင်းဖြစ်ပြီး သုတေသနစစ်တမ်းအပြင် လင်းပိုင် ထိန်းသိမ်းရေးအသိပညာပေးလုပ်ငန်းများလည်း   ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 
-
ယခုနှစ် ဧရာဝတီလင်းပိုင်သုတေသနခရီးစဉ်တွင် မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနတို့မှရှစ်ဦး၊ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ တစ်ဦး၊ ကသာမြို့ငါးလုပ်ငန်း အဖွဲ့ချုပ်မှ နှစ်ဦး၊ ရေလုပ်သားသုံးဦးနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့  (မြန်မာနိုင်ငံ အစီအစဉ်)မှ ဝန်ထမ်းများ ပါဝင်၍ စစ်တမ်း ကောက်ယူခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger