www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

ယခုလအတွင်း ထောပတ်သီး စိုက်ပျိုးသည့် ဒေသများ၌ မြန်မာ GAP ရရှိရန် စတင် ဆောင်ရွက်မည်

ယခုလအတွင်း ထောပတ်သီး စိုက်ပျိုးသည့် ဒေသများ၌ မြန်မာ GAP ရရှိရန် စတင် ဆောင်ရွက်မည်
-
ရန်ကုန် ဖေဖော်ဝါရီ ၁၈ 
-
ထောပတ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ထောပတ်သီး စိုက်ပျိုးသည့် ဒေသများ၌ မြန်မာ GAP ရရှိရန် ယခုလအတွင်း စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးမင်းထံမှ သိရသည်။ 
-
ထိုသို့ ဆောင်ရွက်ရာတွင် ထောပတ်သီးစိုက်ပျိုးသည့် ဒေသများရှိ သက်ဆိုင်ရာ စိုက်ပျိုးရေး ဦးစီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး ရှမ်းပြည်နယ်၌ ယခုလအတွင်း စတင် ဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိတွင် ထောပတ်သီး စိုက်ပျိုးသည့် တောင်သူများနှင့် အသင်းမှ တာဝန်ရှိသူများ ဆွေးနွေးလျက်ရှိပြီး အဆင်ပြေပါက စိုက်ပျိုးရေးဌာနနှင့် ပူးပေါင်း၍ မြန်မာ GAP အပြင် Global GAPပါ ရရှိရန်ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 
-
''လောလောဆယ်တော့ မြန်မာ GAP ပေါ့။ နောက်ပိုင်း ပြည်ပကို တင်ပို့ဖို့ လုပ်မယ်ဆိုရင် Global GAP ရအောင် ဆက်လုပ်မှာပါ'' ဟု ဦးကျော်စိုးမင်းက ပြောသည်။ ထိုကဲ့သို့ GAP လက်မှတ်များမရရှိသေးသည့်အတွက် လတ်တလောတွင် ပြည်တွင်းမှ ထွက်ရှိသည့် ထောပတ်သီးများကို နယ်စပ်ကုန်သွယ်ရေး စခန်းများမှသာ တင်ပို့နိုင်သေးကြောင်း သိရသည်။ 
-
Good Agriculture Practices(GAP) ဆိုသည်မှာ စိုက်ပျိုးရန်၊ မြေ၊ မျိုး၊ သွင်းရေ၊ မြေသြဇာ စသည်တို့ ပြင်ဆင်သည့် အချိန်မှစ၍ စိုက်ပျိုးပြုစုချိန်၊ ရိတ်သိမ်းချိန်၊ ပြင်ဆင်ထုပ်ပိုးချိန်၊ ပို့ဆောင်ချိန်၊ သိုလှောင်ချိန်နှင့် ဈေးကွက်သို့တင်ပို့ချိန်စသည့် သီးနှံထုတ်ကုန်များအတွင်း စားသုံးသူများအား ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဓာတုဓာတ်ကြွင်းများ၊ ကျန်းမာရေးကို ထိခိုက်စေနိုင်သောအဏုဇီဝဆေးများ မပါဝင်ဘဲပတ်ဝန်းကျင် မပျက်စီးစေရန် ထိန်းသိမ်းသည့် အလေ့အကျင့် ကောင်းများကိုလိုက်နာခြင်း ဖြစ်သည်။ 
-
မြန်မာနိုင်ငံ၌ စိုက်ပျိုးရေး အလေ့အကျင့် ကောင်းဆိုင်ရာလက်မှတ် (GAP Certificate) ထုတ်ပေးနိုင်မည့် သီးနှံ ၁၅ မျိုးမှာ စပါး၊ နှံစားသီးနှံ၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ ပဲမျိုးစုံ(ပဲတီစိမ်း၊ မတ်ပဲ၊ ပဲလွမ်း)၊ သရက်၊ ကျွဲကော၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်သီး၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်၊ ကော်ဖီနှင့် ထောပတ်သီးတို့ ဖြစ်ကြောင်းသိရသည်။ 
-
နေနေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger