www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2019

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ်လတွင် ကျင်းပမည်

(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ်လတွင် ကျင်းပမည်
-
နေပြည်တော် ဖေဖော်ဝါရီ ၁၈ 
-
(၅၆) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လတွင်ကျင်းပမည်ဖြစ်ရာအဆိုပါပြပွဲ ကျင်းပရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ 
-
ရှေးဦးစွာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲ ဗဟိုကော်မတီနာယကသယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းအနေဖြင့် ကျောက်မျက်ရတနာများကို အရိုင်းအတိုင်း ရောင်းချခြင်းထက် အချောထည်များ ပိုမိုထုတ်လုပ်တင်ပြ ရောင်းချနိုင်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက် သွားရန်မှာကြားလိုကြောင်း၊ နိုင်ငံအတွင်း မှထွက်ရှိသော ကျောက်မျက်ရတနာ သယံဇာတများကိုနိုင်ငံတကာ စံနှုန်းများနှင့်အညီ တူးဖော် ထုတ်လုပ်ရေး၊ ဈေးကွက်ရရှိရေးနှင့် သတ်မှတ်အခွန်အခများ ပေးသွင်းရေးတို့ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိရာ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုကြောင်းဖြင့် ပြောကြားသည်။ 
-
ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ရှင်းလင်းတင်ပြကြရာ စီမံရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ဦးက ရတနာ ပြပွဲဆိုင်ရာ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍လည်းကောင်း၊ ကျောက်စိမ်းလုပ်ငန်း ကော်မတီနှင့် ကျောက်မျက်လုပ် ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူက လုပ်ငန်း ကော်မတီများ ဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ လည်းကောင်း၊ ပုလဲလုပ်ငန်းကော် မတီဥက္ကဋ္ဌ ဦးမြင့်သူ၊ လုံခြုံရေး လုပ်ငန်းကော် မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးမင်းနောင်၊ ဘဏ္ဍာရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မျိုးဟန်၊ မြန်မာ နိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ(၁) ဦးလှစိုးဦးတို့က ၎င်းတို့၏ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြပြီး အခမ်းအနား တက်ရောက် လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟို ကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆွေးနွေး တင်ပြချက်များနှင့်ပတ်သက်၍ ပေါင်းစပ် ညှိနှိုင်းပေးသည်။ 
-
(၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မတ် ၁၁ ရက်မှ ၂ဝ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်း ခန်းမဝင်းအတွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး ပုလဲအတွဲ၊ ကျောက်မျက်အတွဲနှင့်ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger