-
ရန်ကုန် ဖေဖော်ဝါရီ ၆
-
ရန်ကုန်မြို့မှ ဟင်္သာတမြို့အထိ အသွားအပြန် စုပေါင်းစက်ဘီး စီးနင်းမည့် ခရီးစဉ်ကို ဖေဖော်ဝါရီ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်ဘီးစီး ဝါသနာရှင်များကွန်ရက်(BNM)မှနာယက ဦးညီဝင်းနိုင် ထံမှ သိရသည်။
-
''ဒီခရီးစဉ်က အသွားအပြန် တစ်ညအိပ် ခရီးစဉ်ဖြစ်ပါတယ်။ ညအိပ်ခရီးစဉ်ဖြစ်တဲ့ အတွက် မိမိရဲ့တစ်ကိုယ်ရေ လိုအပ်တဲ့ အသုံး အဆောင်တွေ၊ဆေးဝါးတွေနဲ့ စက်ဘီးအတွက် လိုအပ်တဲ့ အပိုပစ္စည်းတွေကို တစ်ပါတည်း ယူဆောင်လာဖို့ လိုပါတယ်။ ဘယ်လိုစက်ဘီး အမျိုးအစားမဆို လိုက်ပါနိုင်ပါတယ်''ဟု ဦးညီဝင်းနိုင် ကပြောသည်။ ယခုရီးစဉ်သည် BNM မှ စုပေါင်း စက်ဘီးစီးနင်းသည့် (၇၃) ကြိမ်မြောက် ဖြစ်ပြီးရန်ကုန်မြို့ရှိ စုရပ်နေရာအဖြစ် သတ်မှတ်ထားသော လှိုင်မြို့နယ် ပါရမီလမ်းမပေါ် စိန်ဂေဟာအနီးရှိ အောင်ကောင်းစံ လက်ဖက်ရည်ဆိုင်ရှေ့၌ ဖေဖော်ဝါရီ ၉ ရက် နံနက် ၄ နာရီတွင်လူစုကာ နံနက် ၄ နာရီခွဲတွင် စတင် ထွက်ခွာမည်ဖြစ်သည်။ ယင်းနောက် ဟင်္သာတမြို့၌ တစ်ညအိပ်၍ ဖေဖော်ဝါရီ ၁ဝ ရက်တွင် အပြန်ခရီး စတင်မည်ဖြစ်သည်။
-
ယင်းခရီးစဉ်အတွက် စက်ဘီးစီးဝါသနာရှင် မည်သူမဆို လိုက်ပါရန် ဖိတ်ခေါ်ထားပြီး စက်ဘီးစီးဦးထုပ် ဝတ်ဆင်မှသာ ခရီးစဉ်ကို လိုက်ပါခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ''ဒီခရီးစဉ်မှာ BNM အဖွဲ့ရဲ့ စီစဉ်မှုနဲ့ဓနုဖြူမြို့မှာ နေ့လယ်စာနဲ့ ဧည့်ခံပါမယ်။ ညစာကိုတော့ ဟင်္သာတ စက်ဘီးအဖွဲ့က ဧည့်ခံ ကျွေးမွေးပြီး စက်ဘီးသမားတွေ ညအိပ်နားခိုဖို့ ဘုန်းတော်ကြီးကျောင်းမှာစီစဉ်ထားပါတယ်''ဟု BNM အတွင်းရေးမှူးကိုကျော်မင်းဦး ကပြောသည်။
-
အဆိုပါခရီးစဉ်သည် အသွားအပြန်မိုင် ၂ဝဝ ကျော်ပြီး ခရီးဝေးသည့်အတွက် စက်ဘီးတွင် ရှေ့မီးနောက်မီး ပါရှိရန် လိုအပ်သကဲ့သို့ စက်ဘီးကျွတ်အပိုယူဆောင်လာရန်လည်း လိုအပ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment