-
ကျောက်တံခါး ဖေဖော်ဝါရီ ၁ဝ
-
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရဲနွယ်ဆည်ရေဖြင့် နွေစပါးစတင်စိုက်ပျိုးလျက်ရှိရာ ဒေသခံ တောင်သူများအဆင်ပြေလျက်ရှိကြောင်းသိရသည်။ ''ကျွန်တော်တို့တောင်သူတွေမိုးစပါးပြီးတာနဲ့ မိရိုးဖလာမတ်ပဲနဲ့ ပဲတီစိမ်းကိုပဲနှစ်စဉ်စွဲစွဲမြဲမြဲစိုက်ခဲ့ကြတာပါ။ ဒီနှစ်တော့ဆည်မြောင်းမှတာဝန်ရှိသူတွေကလည်းတူးပြီးသား မြောင်းတွေကနေ ဆည်ရေလွှတ်ပေးမယ်၊ သီးနှံ ဈေးကွက် ပိုမိုတည်ငြိမ်ခိုင်မာမှုရှိတဲ့ နွေစပါးပြောင်းပြီးစိုက်ကြည့်ကြပါ။ ဆည်ရေတွေအလုံအလောက်ရှိပါတယ်ဆိုပြီး ညှိနှိုင်းလာတာနဲ့ လယ်သမားတွေ စုစည်းတိုင်ပင်ပြီး အခုလို နွေစပါးပြောင်းလဲစိုက်ပျိုး ခဲ့ကြတာ။ အခုဆိုရင် စိမ်းစိမ်း စိုစိုနဲ့အရမ်းကို အဆင်ပြေ အောင်မြင်နေပါပြီ။ ဒီနှစ်က အဦးဆုံးနွေစပါးစပြီး စမ်းသပ်စိုက်တဲ့နှစ်ဆိုပေမယ့် တောင်သူတွေ စိတ်ဝင်စားကြတာမို့ ဧက ၃ဝဝဝ ပြည့်အောင်စိုက်ကြမှာပါ။ လာမယ့်နှစ်ဆိုရင်တော့ပဲမစိုက်တော့ဘဲ နွေစပါးကိုသာ အများဆုံး စိုက်ပျိုးကြ မှာပါ''ဟု ဘွဲ့ချင်ကျေးရွာ မြောက်စုတောင်သူ ဦးတင်ဆင့်က ပြောသည်။
-
ရဲနွယ်ဆည် ရေသောက်စနစ်အတွင်းတူးဖော် ဆောင်ရွက်ပြီးဖြစ်သည့်လက်တံမြောင်းခွဲအမှတ်(၁) ရေသောက်စနစ်မှ နွေစပါးဧက ၃ဝဝဝကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် စတင်စိုက်ပျိုးရန်လျာထားဆောင်ရွက် ရာ ယနေ့အထိ နွေစပါးဧက ၁၅၇၂ခန့် စိုက်ပျိုးပြီးဖြစ်ကြောင်း၊ သတ်မှတ်လျာထားဧက ၃ဝဝဝ ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်းသိရသည်။
-
နေလင်း(ညောင်လေးပင်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment