www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2019

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၂၄ မြို့နယ်၌ ကင်မရာများဖြင့် စောင့်ကြည့်ကာ ယာဉ်ကြော ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် ၂၄ မြို့နယ်၌ ကင်မရာများဖြင့် စောင့်ကြည့်ကာ ယာဉ်ကြော ထိန်းချုပ်ရေး ဆောင်ရွက်လျက်ရှိ
-
ရန်ကုန်  ဖေဖော်ဝါရီ   ၁ဝ 
-
ရန်ကုန်မြို့ရှိ  ပြည်သူ့ဥယျာဉ်  နက္ခတ်တာရာပြခန်းအနီး၌ ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး   ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က Traffic Control Center ထူထောင်ကာရန်ကုန်တိုင်းဒေသကြီး၏ ယာဉ်များ သွားလာရာတွင် အဓိကကျသော မြို့နယ် ၂၄ မြို့နယ်ကို ကင်မရာ အလုံးရေ ၇ဝဝ ကျော်ဖြင့် စောင့်ကြည့်ကာ ယာဉ်ကြောထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း Traffic  Control Center တာဝန်ခံ ဦးသန်းဝင်းထံမှ သိရသည်။ 
-
''အခုမီးပွိုင့်ပေါင်း ၁၅၄  ခုမှာကင်မရာတွေ တပ်ဆင်ထားပြီးဖြစ်ပါတယ်။ ဒီမီးပွိုင့်တွေက ရန်ကုန်မြို့ရဲ့ ယာဉ်သွားလာမှု အများဆုံးနေရာတွေကို ရွေးချယ်ပြီး တပ်ဆင်ထားတာပါ။အဓိကရည်ရွယ်ချက်ကတော့ယာဉ်ကြော ကျပ်တည်းမှုကို လျှော့ချနိုင်ဖို့နဲ့ Road Safety ကို  အထောက်အကူပြုစေဖို့ ဖြစ်ပါတယ်''ဟု ဦးသန်းဝင်း ကပြောသည်။ 
-
အဆိုပါ Control Center ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊   Myanmar Shwe Yin  International Co.,Ltd. နှင့် China Railway 21 Bureau Group တို့က ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင်စာချုပ်ချုပ်ဆိုကာ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ 
-
မီးပွိုင့် ၁၅၄ ခုတွင် မီးပွိုင့်ဝန်းကျင် ယာဉ်သွားယာဉ်လာမှုကို စောင့်ကြည့်နိုင်မည့် Intelligent Monitoning Camera ၃၆၈ လုံး၊ မီးနီဖြတ်၊ လမ်းကြောင်းပြောင်း၊ လမ်းပြောင်းပြန်မောင်းယာဉ်များကို စောင့်ကြည့်ဖမ်းဆီး အရေးယူမည့် e-Police Camera ၁၉၈ လုံး၊ မြို့အဝင်အထွက်နေရာ ၂ဝ ၌ ယာဉ်အဝင်အထွက်  စစ်ဆေးနိုင်မည့် Check Point Camera အလုံး ၄ဝ၊  ယာဉ်မရပ်ရလမ်းများ၌ ယာဉ်များအချိန်ကြာမြင့်စွာ ရပ်တန့်ထားမှုကို ဖမ်းဆီးအရေးယူနိုင်မည့် illegal  Parking  Camera အလုံး ၃ဝ၊ ရန်ကုန်မြို့ရှိ အဓိက နေရာများ၌ ၃၆ဝ ဒီဂရီ လှည့်ပတ်စောင့်ကြည့်နိုင်မည့် စောင့်ကြည့်ကင်မရာ ၄ဝ၊ သတင်းပေးလမ်းညွှန်ဆိုင်းဘုတ် ထောက်လှမ်းသည့် လုံခြုံရေးကင်မရာ ၃ဝ စုစုပေါင်း ကင်မရာ ၇ဝ၆ လုံး တပ်ဆင်ထားကြောင်း သိရသည်။
-
Traffic Control Center ၌ အထပ်သုံးထပ် ပါဝင်ပြီး   အပေါ်ဆုံးအထပ်တွင် ရန်ကုန်မြို့၌ ပြေးဆွဲနေသော ဘတ်စကားများကို  ထိန်းချုပ်သည့်  Yangon Bus Operator (YBO)ရှိသည်။ ''ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၁ဝဝ ကျော်က ယာဉ်စီးရေ ၄ဝ၃၉ ကို GPS  တပ်ဆင်ထားတဲ့အတွက် ယာဉ်တွေ သွားလာနေတာတွေကို သိနိုင်ပါတယ်''ဟု YBO မှ တာဝန်ရှိသူ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကော်မတီဝင် (၄) ဒေါ်မေမေသွယ် ကပြောသည်။ 
-
Control  Center ၏  အလယ်ထပ်နှင့် မြေညီထပ်၌ ရန်ကုန်မြို့ရှိ မီးပွိုင့် ၁၅၄ ခုတွင်   တပ်ဆင်ထားသော ကင်မရာများနှင့် ကွန်ရက်ချိတ်ဆက်ကာ ယာဉ်သွားလာလှုပ်ရှားမှု လုံခြုံရေး အခြေအနေများကို စောင့်ကြည့်လျက်ရှိပြီး ယာဉ်များ၏ သွားလာလှုပ်ရှားမှု အချက်အလက်များကို သုံးလအထိ နောက်ကြောင်း ပြန်လည်ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်။ 
-
ယခုအခါ Traffic Control Center မှတစ်ဆင့် ပိုမိုတိကျသော အချက်အလက်များ ရရှိစေရန် ဆောင်ရွက်နေပြီး ယာဉ်မောင်းသူများ အနေဖြင့် ယာဉ်ကြောကျပ်တည်းသော နေရာများကို ရှောင်လွှဲမောင်းနှင်နိုင်ရန်3 m x 2m ရှိ သတင်းပေး လမ်းညွှန်ဆိုင်းဘုတ် ၃ဝ ကိုလည်းစိုက်ထူမည်ဖြစ်ကြောင်း သိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger