-
ရန်ကုန် ဖေဖော်ဝါရီ ၁၂
-
မြန်မာနိုင်ငံတစ်ဝန်း ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ ငါးနှစ်တာ ကာလအတွင်း ဆင်သေဆုံး သတ်ဖြတ်ခံရမှု အခြေအနေတွင် ၂ဝ၁၈ ခုနှစ်က ဖြစ်ပွားမှုအနည်းဆုံးဖြစ်ကြောင်းသားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) စာရင်းများအရသိရသည်။
-
၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် ငါးနှစ်တာ ကာလအတွင်း တောရိုင်းတိရစ္ဆာန်များနှင့် ၎င်းတို့၏ခန္ဓာကိုယ် အစိတ်အပိုင်းများ တရားမဝင် ရောင်းဝယ်မှု တားဆီးရေးဆိုင်ရာစီမံချက်အရ ပြည်တွင်းမှ သက်ဆိုင်ရာအစိုးရဌာနများ၊ WCS နှင့် WWF စသည့် အဖွဲ့များက တရားမဝင် ရောင်းဝယ်မှု တားဆီးကာကွယ်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အသိပညာပေးမှု အစီအစဉ်များလည်း လုပ်ဆောင်လျက်ရှိသည်။
-
ဆင်သေဆုံး သတ်ဖြတ်ခံရမှု ဖြစ်စဉ်များသည် ၂ဝ၁၄ ခုနှစ်က ၃၂ ကောင်၊ ၂ဝ၁၅ ခုနှစ်က ၃၅ ကောင်၊ ၂ဝ၁၆ ခုနှစ်က ၂၆ ကောင်၊ ၂ဝ၁၇ ခုနှစ်က ၅၉ ကောင်အထိ မြင့်မားခဲ့ပြီး ၂ဝ၁၈ ခုနှစ်က ၁၉ ကောင်အထိ ပြန်လည် လျော့နည်းခဲ့ကာ ငါးနှစ်တာ ကာလအတွင်း အနည်းဆုံး အခြေအနေမျိုးဖြစ်သည်။ဆင်များကိုယင်းကဲ့သို့ တရားမဝင် ဖမ်းဆီးသတ်ဖြတ်ခြင်း များကြောင့် ၁၉၉၉-၂ဝဝဝ ပြည့်နှစ်ဝန်းကျင်က မြန်မာနိုင်ငံ၌ ဆင်အကောင် ရေ ၆ဝဝဝ ကျော်ရှိခဲ့ရာမှ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်တွင် ဆင်အကောင်ရေ ၁၄ဝဝ မှ ၂ဝဝဝ ကြားသာ ကျန်ရှိနိုင်သည် ဟု ခန့်မှန်းထားကြောင်း သိရသည်။
-
ယခုကဲ့သို့ ကြုံနေရသော အခြေအနေများ အပေါ် စနစ်တကျထိန်းသိမ်း လုပ်ဆောင်နိုင်မှု မရှိပါက ၂ဝ၃ဝ ပြည့်နှစ်တွင် တောဆင်ရိုင်းများ မျိုးသုဉ်းပျောက်ကွယ်နိုင်သော အခြေအနေအထိ ဖြစ်လာနိုင်ကြောင်းသုံးသပ်ကြသည်။ တောဆင်ရိုင်းများကို ၂ဝ၁၃ ခုနှစ် အစောပိုင်း ကာလများက အစွယ်ရယူရန်အတွက်သာ သတ်ဖြတ်ကြပြီး နောက်ပိုင်းကာလများတွင် ဆင်၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းများကိုပါ ရောင်းဝယ်မှုရှိလာသည့်အတွက် ဆင်အထီး များသာမက ဆင်အမများနှင့် အရွယ်မရောက် သေးသည့် ဆင်ပေါက်များကိုပါ ဖမ်းဆီးသတ်ဖြတ်မှု ရှိလာကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment