www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

သွေးချင်းတို့ ဌာနေ ခေါင်လန်ဖူး အခြေတွေ ထူးလေပြီမို့

သွေးချင်းတို့ ဌာနေ ခေါင်လန်ဖူး အခြေတွေ ထူးလေပြီမို့ …..
-
နှင်းတောင်ကိုကျော် တိမ်ပင်လယ်ကိုဖြတ်ရင်း နယ်စပ်မှတ်တိုင် အမှတ်(၄၃၊ ၄၄၊ ၄၆၊ ၄၇)တို့ကို ၂ဝ၁၇ ခုနှစ် စက်တင် ဘာတွင် သွားရောက်စစ်ဆေးစဉ်က နယ်မြေခံတပ်မှ ရဝမ်စစ်သည်များနှင့် ခေါင်လန်ဖူးပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်တို့ အကူအညီဖြင့် ပင်လယ် ရေမျက်နှာပြင်အထက် ပေ ၁၂ဝဝဝ ကျော်မှ ၁၆ဝဝဝ ကျော်အထိ မြင့်သော  တောင်စဉ်တောင်တန်းတို့ကို ဖြတ်သန်းခဲ့ကြရသည်။ သွားရောက်စစ်ဆေးကြသော  နယ်စပ်မှတ်တိုင် များသည်  အိန္ဒိယ- မြန်မာနယ်စပ် မှတ်တိုင်များဖြစ်ပြီး နယ်စပ်မှတ်တိုင်အမှတ် (၄၃)သို့ ရောက်အောင် စက်တင် ဘာ ၁၅ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ၂၄ ရက်ကြာကာလအတွင်း တစ်တောင်တက်ဆင်း ခရီးပြင်းနှင်ကြရသည့် အကွာအဝေးမှာ ၂ဝ၁ မိုင် ၅ ဖာလုံရှိပါသည်။ 
-
ယခု ၂ဝ၁၉ ခုနှစ် နှစ်ဦးပိုင်းတွင် မေခနှင့်မလိခတို့ပေါင်းဆုံပြီး စီးဆင်းလာသော မြစ်ကြီးဧရာဝတီမြောက်ဖျားဆီသို့ တစ်ခေါက် တစ်ခါ ရောက်လာရပြန်ပါပြီ။ မေခမြစ်သည် ကချင်ပြည်နယ် ပူတာအိုခရိုင် ပန်နန်းဒင်မြို့နယ်(ခွဲ)၏ အနောက် မြောက်ဘက် ဒဇုန်ဒန်းမှ စတင်၍ ဂပိုင်-ပန်နန်းဒင်-ခေါ်ဘူဒဲ-ရှားဒန်-ခေါင်လန်ဖူးတို့ကို မြောက်ဘက်မှ တောင်ဘက်သို့အစဉ်အတိုင်းဖြတ်ကျော်ပြီး မြစ်ကြီးနားခရိုင် အတွင်းမှ ဆော့လော်- ချီဖွေတို့မှ တစ်ဆင့် အင်ဂျန်းယန် ရောက်သော် အနောက်ဘက်သို့ ကွေ့သွားရာ မြစ်ကြီးနားမြို့ မြောက်ဘက်တွင် မလိခနှင့်ပေါင်းဆုံ ကြ သည်။  မလိခမြစ်သည်  ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်အတွင်းမှ စတင်စီးဆင်းပြီး ဆွမ်ပရာဘွမ် မြို့နယ်မှ တောင်ဘက်သို့ ရောက်သော် မြစ်ကြီးနားမြို့မြောက်ဘက်တွင် မေခနှင့် ပေါင်းဆုံကြသောအခါ မြစ်နှစ်မြွှာတို့ ဒေါသ အဟုန် ပျောက် ကွယ်သွားကြသည်။ 
-
မြစ်ကြီးနားမြို့နယ်အတွင်း တန်ဖရဲရွာ အနီး၌  မေခနှင့်မလိခတို့ပေါင်းဆုံကြပြီး  မြစ်ကြီးဧရာဝတီအဖြစ်  ညင်သာ သော ရေစီးကြောင်းက မြန်မာနိုင်ငံတောင်ဘက်ပိုင်းသို့ ဆက်လက်စီးဆင်းသွားရာ ကပ္ပလီပင်လယ် ပြင်အထိဖြစ်ပါ သည်။ မြန်မာနိုင်ငံအလယ် ပိုင်းတွင် ပဲခူးရိုးမကြီးက ပဲခူးတိုင်းဒေသကြီးကို အရှေ့ခြမ်းနှင့်အနောက်ခြမ်း ခြားထားသလို ကချင်ပြည်နယ်အတွင်းမှ ရှန်ငေါ တောင်တန်းကြီးကလည်း ကချင်ပြည်နယ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို ခြားထား သလိုတွေ့ရပါသည်။ မေခမြစ်သည် ရှန်ငေါ တောင်တန်း၏အရှေ့ဘက်မှ စီးဆင်းလာပြီး  မလိခမြစ်သည် ရှန်ငေါ တောင်တန်းကြီး၏ အနောက်ဘက်မှ စီးဆင်းလာသော်လည်း တန်ဖရဲရွာအနီး၌ ပေါင်းဆုံကြသည်မှာ မြစ်နှစ်မြွှာတို့၏ ခိုင်မြဲသောသစ္စာ၊ မေတ္တာနှင့်သံယောဇဉ်တို့ကို ဖော်ပြထားသည်ဟုရှုမြင်ရသည်။
-
-
ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်သည် မေခမြစ်အရှေ့ဘက်ကမ်းမှ စိမ်းလန်းသောဒေသ၌ တည်ရှိပြီး အမြင်နီး သော်လည်း ခရီးကွာလှမ်းသည့် တောင်တန်းများကို တစ်ကုန်းတက်တစ်တောင်ကျော်၊  တစ်တောဝင်၊ တစ်တောထွက်  ခရီးရှည် ချီတက်သွားလာကြရသည်။ မြစ်ကြီးနားမှ ဧရာဝတီမြစ်ကူး  ဗလမင်းထင် တံတားကိုကျော်၍ ဝိုင်းမော်နှင့်ဆော့လော်အထိ ၁၂၁မိုင်ကို မော်တော်ကားလမ်းဖြင့် အဆင်ပြေ ချောမွေ့စွာ သွားလာ နိုင်သော်လည်း ခေါင်လန် ဖူးရောက်သည်အထိ ၂၈၅ မိုင်ခရီးမှာ ခက်ခဲကြမ်းတမ်းလှသည်။  ရေကြောင်းခရီးဖြင့် မေခမြစ်ကို ဆန်တက်ရသောခရီးမှာလည်း ဒေါသတကြီးစီးဆင်းလာသည့် ရေစီးကြောင်း အတိုင်း  ခက်ခက်ခဲခဲသွားလာကြရသည်။
-
-
မြစ်ရေစီးကြောင်းအတွင်းရှိသော ကျောက်ဆောင်ကျောက်တုံးကြီးများနှင့် တစ်ဟုန်ထိုး စီးဆင်းလာသော မေခမြစ်ရေတို့ ဆုံတွေ့ ကြသည့်နေရာများ၌ ဘေးနှစ်ဖက်နှင့်အပေါ်သို့ ပျံ့လွင့်လာသော ရေမှုန်ရေမွှားတို့ကို မြင်ရသည်မှာ သဘာဝက ဖန်တီးထားသည့် ပန်းပွင့်ပန်းခိုင်ပမာလှပသလောက် ခရီးသွားများအတွက်  အန္တရာယ် များသဖြင့်  ကြည်နူးခြင်းတစ်ဝက်၊ စိုးရွံ့ခြင်းတစ်ဝက်ဖြင့် ခက်ခက်ခဲခဲ ကွေ့ပတ်ရှောင်ကွင်းသွားကြရ သည်။ လမ်းခရီးဆက်သွယ်ရေးခက်ခဲသည် နှင့်အမျှ ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝနောက်ကျနေကြရ သည်မှာ  သဘာဝ ဖြစ်သည်။
-

-
မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များကို ၂ဝ၁၁ ခုနှစ်မှစ၍ အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်တွင်  ပြည်သူများဆင်းရဲမှုလျော့နည်းပပျောက်ရေးကို ဦးစားပေးဆောင်ရွက်မှုအစီအစဉ်များမှ  လမ်းခရီး ဆက်သွယ်ရေး လုံခြုံချောမွေ့စေရန်  ၆၅ မိုင် ၄ ဖာလုံရှည်လျားသော မဂွေဇ- ခေါင်လန်ဖူးမော်တော်ကားလမ်းကို ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ်မှစ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက လေးနှစ်စီမံကိန်းဖြင့်ဆောင်ရွက်နေကြောင်း တွေ့ရသည်။ မော်တော် ကားလမ်းဖောက်လုပ်ရန် လမ်းအူကြောင်းရှာဖွေကြရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ  အင်ဂျင်နီယာ ပညာရှင်များ၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ တပ်မတော်သား အင်ဂျင်နီယာပညာရှင်များ၊ ဌာနေပြည်သူ့ စစ်များနှင့် ဒေသခံပြည်သူတို့ပူးပေါင်းပါဝင်သောအဖွဲ့က ရှာဖွေခဲ့ကြသည်။ လမ်းအူကြောင်း ရှာဖွေရေး အဖွဲ့ဝင်များသည် မြင့်မားမတ်စောက်သော တောင်တန်းတောင်စွယ်အသွယ်သွယ်တို့ကို  ဖြတ်ကျော်ကွင်းဆင်း ရှာဖွေတွေ့ရှိကြပြီးနောက် ၂ဝ၁၆ ခုနှစ် နိုဝင်ဘာတွင် အကြိုအင်ဂျင်နီယာ လုပ်ငန်းများကို စတင်ဆောင် ရွက်ကြရာ၌ လုပ်ငန်းသုံးယာဉ်၊ ယန္တရားနှင့်  စက်သုံးဆီ၊ လမ်းနှင့် ဆက်စပ်ပစ္စည်းများကို မြစ်ကြီးနား-ပူတာအို ကားလမ်းမှ ပို့ဆောင် ပေးကြသည်။ ရိက္ခာများကိုလူအင်အားဖြင့် အဆင့်ဆင့်ပို့ဆောင် စုဆောင်းကြရသည်။
-

-
လမ်းဖောက်လုပ်ရေးလုပ်ငန်းကို အပိုင်းသုံး ပိုင်းဖြင့်ဆောင်ရွက်မည်ဖြစ်သဖြင့် အပိုင်းလိုက်အခြေပြု စခန်းများသို့ အင်ဂျင်နီယာ ပညာရှင်များနှင့်ရိက္ခာများကို တပ်မတော်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြပါသည်။ လမ်းခရီးအစအဆုံးပမာဏ ၆၅ မိုင် ၄ ဖာလုံရှည်လျားသော မဂွေဇ-ခေါင်လန်ဖူး မော်တော်ကားလမ်း အကောင် အထည်ဖော် မည့်အစီအစဉ်မှာ အပိုင်း(၁)သည် မဂွေဇမှ ငါ့လုံဒမ်းအထိ ၂၄ မိုင် ၅ ဖာလုံ၊ အပိုင်း(၂)သည် ငါ့လုံဒမ်း- ရီဒမ်းအထိ ၁၈ မိုင် ၄ ဖာလုံ၊  အပိုင်း(၃)သည် ရီဒမ်း-ခေါင်လန်ဖူးအထိ ၂၁ မိုင် ၄ ဖာလုံတို့ဖြစ်သည်။ လမ်းခရီး ဖောက်လုပ်သည့်လုပ်ငန်း အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်အစိုးရကခွင့်ပြုသော ဘဏ္ဍာရေးနှစ်အလိုက် နယ်စပ်ရေးရာ ဝန်ကြီးဌာန၊  ဒေသခံပြည်သူများနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း တွေ့ရသည်။
-

-
ဆောင်ရွက်ကြမည့် လုပ်ငန်းများမှာမဂွေဇ-ငါ့လုံဒမ်းလမ်းပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄ဝဝဝ ကျော်မြင့် သော တောင်တန်းများမှ သင်ပုန်းကျောက် တောင်များ၏ ဆင်ခြေလျှောတောင်ခါးပန်းအတိုင်း ဖြောင့် တစ်ခါ ကွေ့တစ်လှည့်လမ်းကြောင်း ဖော်ကြရာတွင် တစ်တောင်ကျော် တစ်တောင်ကူး လမ်းအကွေ့၌  သဘာဝ စမ်းရေစီးဆင်းသော  ချောင်းငယ်များနှင့် ရေတံခွန်ငယ်များ တည်ရှိခြင်းကြောင့် ကွန်ကရစ်ရေစီးမြောင်းနှင့် ရေလွှဲမြောင်းများ တည်ဆောက်ပေးရမည်ဖြစ်သည်။ ငါ့လုံဒမ်း-ရီဒမ်းလမ်းပိုင်းသည်  ပင်လယ်ရေ မျက်နှာပြင်အ ထက် ပေ ၅ဝဝဝ မှ ၇၈ဝဝ  အကြား မြင့်သောတောင်တန်းများမှ ဆန်းလွတ်ချက်စကျင်ကျောက်တောင်  တည်ရှိ သောလမ်းပိုင်းကို တည်ဆောက်မည်ဖြစ်သည်။ 
-

-
ရီဒမ်းမှခေါင်လန်ဖူးလမ်းပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထိ ပေ ၅ဝဝဝ ကျော်ခန့်မြင့်သော  သင်ပုန်းကျောက် တောင်များနှင့် စကျင်ကျောက်တောင်စွယ်တောင်ငုတ်များနှင့် လျှိုမြောင်ငယ်များကို ဖြတ်ကျော်ဖောက်လုပ် ရမည်ဖြစ် သည်။ နိုင်ငံတော်အစိုးရက ခွင့်ပြုပေးခဲ့သော  ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှု များမှာ ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် အကျယ် ၃၇ ပေရှိ မြေသားလမ်း ၂၅ မိုင် ၄ဖာလုံခင်းထားပြီး (၅x၅x၂၄)ပေအရွယ်ရှိသော ရေထုတ် ပြွန်  ၇၅ ခုကိုခွင့်ပြုငွေကျပ် သန်းပေါင်း ၃ဝဝဝ ဖြင့် အားလုံးပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့သည်။ ၂ဝ၁၈-၂ဝ၁၉  ဘဏ္ဍာ နှစ် တွင် အကျယ် ၁၂ ပေရှိ ကျောက်ခင်းလမ်း ၂၄ မိုင်ခင်းထားပြီး တံတား ၁၇စင်းနှင့် ကျောက်စီရေမြောင်း အရှည်ပေ  ၅၅ဝဝ၊ မြေသားလမ်း  ၂၂မိုင်ခင်းပြီး (၅x၅x၂၄)ပေအရွယ်ရှိ ရေထုတ်ပြွန် ၉၁ခုတို့ကို ခွင့်ပြုငွေ ကျပ်သန်းပေါင်း ၆၄၆၁  သန်းဖြင့်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပမာဏ၏  ၆ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေ ကြောင်း တွေ့ရပါသည်။
-

-
ယခု ၂ဝ၁၉ -၂ဝ၂ဝ  ဘဏ္ဍာနှစ်တွင်  မြေသားလမ်း ၁ဝ မိုင် ၁၂ ပေအကျယ်၊ ကျောက်ခင်းလမ်း ၁ဝ မိုင်ကို လျာထား ငွေကျပ်သန်းပေါင်း ၂ဝ၈၈ သန်းဖြင့် ဆောင်ရွက်နေကြပြီးလာမည့် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်တွင် မြေသား လမ်း ၇ မိုင် ၁၂  ပေအကျယ်၊ကျောက်ခင်းလမ်း ၃၁ မိုင် ၄ ဖာလုံ၌ တံတား ၂၄ စင်း၊ (၅x၅x၂၄)ပေ  ရေထုတ်ပြွန်  ၇ဝ တို့အား လျာထားငွေကျပ် သန်းပေါင်း ၈၃ဝ၅ ဖြင့်  ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း သိရသည်။
-
ယနေ့အချိန်တွင် မဂွေဇမှ ဆန်းလွတ် ချက်တောင်ထိပ်အထိ ၃၃ မိုင် ၆ ဖာလုံခရီးကို ရာသီမရွေးသွားလာနိုင်သော လမ်း အဖြစ် ဇန်နဝါရီ ၈ ရက်က ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ရှေ့တွင်ဖော်ပြခဲ့သည့်အတိုင်း မြင့်မားသော ကျောက်ဆောင်များ၏ တောင်ကြောအတိုင်း  လမ်းကြောင်းဖောက်ရသည်မှာ မလွယ်ကူသလို လမ်းခင်းအကောင်အထည် ဖော်ကြရသူများမှာလည်း မသက်သာကြပါ။ လမ်းခင်းပြီး၍ လမ်းအသုံးပြုသူများ အတွက်လည်း အတက်၊ အဆင်း၊ အဖြောင့်၊ အကွေ့အကောက်တို့ကို တွေ့ကြရမည် ဖြစ် သဖြင့်  ယာဉ်မောင်းကျွမ်းကျင်မှုနှင့် သတိရှိကြဖို့ အထူးလိုအပ်ပါသည်။ သို့မှသာ အန္တရာယ်ကင်း၍ လိုရာခရီး ရောက်နိုင်ကြပါမည်။
-
ကချင်တိုင်းရင်းသားတို့၏ ရိုးရာစကားပုံ များမှ ညီညွတ်မှုဖြင့် စုပေါင်းဆောင်ရွက်ခြင်း၏ စွမ်းအားကို ဖော်ညွှန်း သော ''လူသုံး ယောက်ညီညွတ်က ပင်လယ်ရေကိုပက်လို့ရ''စကားပုံကို ဆွမ်ပရာဘွမ်သွေးချင်းတို့ ဌာနေ၌ တာဝန် ထမ်းဆောင်စဉ်က မိဘ ကဲ့သို့ရင်းနှီးသောအဝါးတို့၊ အနူးတို့ထံမှ နာယူမှတ်သားခဲ့ရဖူးသည်။ ထိုအချိန်က  စာရေးသူ အသက် ၂ဝ၊  မကော့၊ မလု၊ မထု တို့က သပြေတို့အရွယ် ကြာတော့ကြာခဲ့ပါပြီ။
-
ယခု မဂွေဇ-ခေါင်လန်ဖူးမော်တော်ကား လမ်းကို နိုင်ငံတော်အစိုးရ၊ ဒေသခံပြည်သူများနှင့် တပ်မတော်သားတို့၏ ညီညွတ်မှု စွမ်းအားဖြင့် တစ်တောဝင်ထွက်၊ တစ်တောင်တက်၊ တစ်တောင်ဆင်းခရီးလမ်းကို လွယ်ကူချော မွေ့ သော လမ်းဖောက် လုပ်နေကြရာ ဆန်းလွတ်ချက် တောင်ထိပ်အထိ ရောက်နေပြီဖြစ်သဖြင့် မျက်ဝါးထင်ထင် တွေ့မြင် ရသောဒေသခံပြည်သူတို့ စိတ်ချမ်းမြေ့မှုရရှိနေကြပါပြီ။ မဂွေဇ-ခေါင်လန်ဖူးခရီးလမ်းသည် ၆၅ မိုင် ၄ ဖာလုံ ရှည်လျား သဖြင့် ၃၃ မိုင် ၆ ဖာလုံရှည်လျားသော ဆန်းလွတ်ချက်တောင်ထိပ်အထိရာသီမရွေးသွားလာနိုင်ခြင်းသည် ခရီးတစ်ဝက်ကို အကောင်အထည်ဖော်ပြီးစီးခြင်းနှင့်ညီမျှပါသည်။လမ်းဖောက်လုပ်ခြင်း၏ ရည် ရွယ်ချက်သည် ခေါင်လန်ဖူးဒေသခံပြည်သူများဆင်းရဲမှုလျော့နည်း၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် ရန်ဖြစ်သဖြင့်  ဆောင်ရွက်ဆဲ ဆောင်ရွက်မည့်လမ်းနှင့် တံတားလုပ်ငန်းများ သတ်မှတ်ချိန် အတွင်းပြီးစီးရေး၊ တည်ဆောက်ပြီး သောလမ်းနှင့် တံတားများ ရေရှည်ခိုင်ခံ့အောင် ထိန်းသိမ်းရေး၊ ပြည်သူများအန္တရာယ်ကင်း ရှင်းရေး တို့ကို အားလုံး ဝိုင်းဝန်း ထိန်းသိမ်း ကြရမည်ဖြစ်သည်။
-
ထို့ကြောင့် အဝါးနှင့်အနူးတို့အပါအဝင် ဧရာဝတီမြစ်ဖျားက သွေးချင်း မောင်နှမတွေ မဂွေဇ- ခေါင်လန်ဖူးဒေသ၌  ထူးခြားသော အခြေအနေများဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုရကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သ လိုက်ရ ပါသည်။ 
-
ဆောင်းပါးရှင်- ခိုင်ကျော်ညို 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger