
-
နေပြည်တော် ဒီဇင်ဘာ ၁၂
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် နံနက် ၁ဝ နာရီ ခွဲခန့်တွင် ရေချမ်းပြင်ဆိပ်ကမ်း၌ ရပ်ထားသော နာရီကန်ကျေးရွာနေ မောင်ထွန်းဝင်း (ဘ) ဦးသာမြ မောင်းနှင်သည့် သုံးဘီးဆိုင်ကယ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ရွှေဝါဆပ်ပြာပုံး ၃၃ ပုံးအတွင်း ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ဝဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၆ဝဝဝ ခန့်)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ စစ်ဆေးချက်များအရ ၎င်းပစ္စည်းများကို တင်ဆောင်ပေးခဲ့သူမှာ စစ်တွေမြို့နယ်၊ မင်းဂံအကွက် (၈)နေ အောင်ချေ (ဘ) ဦးထွန်းစိန် ဖြစ်ကြောင်း သိရှိရသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ၎င်းကို ပုဏ္ဏားကျွန်းမြို့နယ်၊စံပြရပ်ကွက်၊ သာယာ လမ်း၌ ဖမ်းဆီးရမိခဲ့သည်။
-

-
အလားတူ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ကပ္ပကောင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာရှိ ပုစွန်ကန်ပေါင် ရေလွှဲမြောင်းအနီး မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေမှုများ ဆောင်ရွက်စဉ် အဆိုပါ ရေလွှဲမြောင်း၌ မြေကျင်းတူး၍ ဝှက်ထားသော ဆာလာအိတ် သုံးအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၉၂၅ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၅၈ဝဝ ကျော်)အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် စစ်တွေမြို့မ ရဲစခန်းနှင့် ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment