www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 3, 2018

မြေထုနှင့်တူသော ဂန္ဒီ၏ ခန္တီ


အိန္ဒိယနိုင်ငံဖခင်ကြီး မဟတ္တမဂန္ဒီ၏ နှစ်(၁၅ဝ)ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
-
အဆိုပါအခမ်းအနား၌  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့်  သီတဂူဆေးရုံတော်များ၏ အဓိပတိ  တွဲဖက်ရွှေကျင် သာသနာပိုင် Ph.D.,D.Litt. အဘိဓဇ မဟာရဋ္ဌဂုရုသီတဂူ ဆရာတော် အရှင်ဉာဏိဿရ၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-
ကျွန်ုပ်ချစ်ခင်ကြည်ညိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ မဟတ္တမဂန္ဒီဟာ ရှေ့ဆုံးမှာ ရှိပါတယ်။ သူ့အကြောင်းကို ငယ်ငယ်တည်းက လေ့လာပြီးတော့ ကြည်ညိုနေမိတာ အခုထိပါပဲ။ မြတ်ဗုဒ္ဓ၏ ခန္တီပါရမီအကြောင်းကို မြေထုနှင့်တူသည်ဟု ပိဋကတ်ကျမ်းစာတို့မှာ ဖော်ပြထားပါတယ်။ မြေကြီးပေါ်နေတဲ့ လူတွေဟာ   မြေကြီးပေါ်မှာ အလှပြင် တန်ဆာဆင်တာတွေလည်း လုပ်ကြတယ်။  အညစ်အကြေးတွေကိုလည်း သွန်ကြတယ်။ ဒီမြေကြီးဟာ  အလှအပတွေပေါ်မှာလည်း မက်မောခြင်းမရှိ။ အညစ်အကြေးတွေ ပေါ်မှာလည်း စက်ဆုပ်ခြင်း မရှိ။ "Delight and Disgust" အစွန်းနှစ်ဖက်မှ လွတ်အောင် ရှောင်ခြင်းဟာ ခန္တီပဲ။ မဟတ္တမဂန္ဒီကြီးမှာ  ဒီအရည်အချင်းနဲ့  ပြည့်ဝတာကို တွေ့ရလို့ ကျွန်ုပ်ကြည်ညိုမိတယ်။
-
မဟတ္တမဂန္ဒီကြီးဟာ အိန္ဒိယပြည်ကြီး၏ လွတ်လပ်ရေးကို ကြိုးပမ်းတဲ့အခါမှာ  ဆူပူ သောင်းကျန်းခြင်း၊ လက်နက်ကိုင်ခြင်းတို့ကို အလုံးစုံဖယ်ရှား၍ ခန္တီတရားဖြင့် သူ့လွတ်လပ်ရေး တပ်ကြီးကိုဖွဲ့စည်းခဲ့တယ်။  မြတ်ဗုဒ္ဓ၏ ဒေသနာတစ်နေရာမှာ ''ခန္တီဗလံ ဗလာနီကံ'' သည်းခံခြင်း၏ ခွန်အားသည် တစ်သိန်းမကသော စစ်သည်တို့ဖြင့်  ဖွဲ့စည်းထားသော တပ်မတော်ကြီးနှင့်တူ၏ဟု  ဟောတော်မူထားပါသည်။   မဟတ္တမဂန္ဒီကြီး၏ လွတ်လပ်ရေး တပ်မတော်ကြီးမှာ သေနတ်မပါသော ခန္တီတရားပင်ဖြစ်သည်ဟု ကျွန်ုပ်ဆိုချင်ပါတယ်။ ''ခန္တျာဘိယျော နဝိဇ္ဇတိ(ဝေရောစနအသုရိန္ဒသုတ္တံ)'' ဟူသော မြတ်ဗုဒ္ဓ၏ မိန့်ခွန်းတော်မှာ ခန္တီတရားကို  ကျော်လွှားနိုင်သော လူ၏စွမ်းအား တခြားမရှိဟု  ဟောတော်မူထားပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ လွတ်လပ်ရေး သမိုင်းတို့မှာ လက်နက်များဖြင့် တိုက်ရသော သွေးချောင်းစီးစစ်ပွဲများသာ တွေ့ရ၏။ မဟတ္တမဂန္ဒီကြီး၏  လွတ်လပ်ရေး တိုက်ပွဲသည် သူ၏ခန္တီ တပ်မတော်ဘက်က သေနတ်တစ်ချက်မှ မဖောက်ရဘဲ လွတ်လပ်ရေး ရယူသွားသည့် အံ့သြဖွယ်ရာ  ခေါင်းဆောင်ကြီး တစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်ကြည်ညိုမိ တယ်။
-
ဂန္ဒီကြီး၏ မိန့်ခွန်းတစ်နေရာမှကျွန်ုပ်ဖတ်ဖူး မှတ်ဖူးပါသည်- (There is nothing new to teach the world, but the "TRUTH") ဟု မဟတ္တမဂန္ဒီကြီးက ပြောပါတယ်။ ဘာသာ ရေးခေါင်းဆောင်၊  နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်များ အားလုံး လူသားတို့ ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်အောင် အားထုတ်နေကြပါတယ်။ ခေါင်းဆောင်တွေ အားလုံး သစ္စာတရားကို လက်ကိုင်ထားဖို့သူ အလေးအနက် ညွှန်ကြားခဲ့တယ်။ မြတ်ဗုဒ္ဓ၏ တရားဦးမှာ  ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်လိုသူတိုင်း သစ္စာတရားကို သိရမယ်လို့ ဟောတော်မူထားပါတယ်။ သို့သော် အစွန်းရောက်နေသော ခေါင်းဆောင်တွေမှာ သစ္စာတရား ပျောက်ဆုံးနေတတ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်အနှစ်ချုပ် ပြောချင်တာကတော့ Delight and Disgust) အစွန်းနှစ်ဖက် လွတ်အောင်ရှောင်၍ မြေထုနှင့်တူသော ခန္တီတရားကို လက်ကိုင်ထားကာ   ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေး ခေါင်းဆောင်အားလုံး လူသားတို့၏ ဒုက္ခဒေါမနဿ အပေါင်းမှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေဟု   ဆုတောင်းပါတယ်။
-
''ခန္တီတရားနှင့်သစ္စာတရား ဤကမ္ဘာမှာ ထွန်းကားပါစေ''
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger