www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 10, 2018

ရေရှည်စီမံကိန်းများချမှတ်ခြင်းဖြင့်သာ ကမ္ဘာ့ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်မည်


ကုန်သွယ်ရေးတင်းမာမှုတွေ၊ အကြွေးပိ မှုတွေကြောင့် စီးပွားရေးအဆင်မပြေမှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ဒီနှစ်အတွင်းနဲ့လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကျဆင်းသွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းထားပါတယ်။
-
အဓိကအားဖြင့် အမေရိကန်နဲ့တရုတ် ကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးတက်မှုက သိသိသာသာကျဆင်းသွားမှာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကမ္ဘာ့
အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) က ၁ဝ ပုံ ၂ ပုံအထိကျဆင်းသွားမှာဖြစ်တယ် လို့ IMFက သုံးလတစ်ကြိမ်ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးအမြင် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
-
ဒါ့ပြင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဒီနှစ်အတွင်း စီးပွားရေးကျဆင်းမှုကို ဆိုးဆိုးရွားရွားခံစားရမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတော့ လာမယ့်နှစ်ကျမှသာ စီးပွားရေးကျဆင်းမှုကို
ခံစားရမှာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။ ဒါကြောင့် အရင်အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တွေက လက်တွေ့ကမ္ဘာမှာ အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်ကြောင်း  IMF က သတိပေး ထားပါတယ်။
-
အမေရိကန်အစိုးရက နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွန်ငွေ လျှော့ချပေးခြင်းနဲ့ မူဝါဒပြောင်းလဲခြင်းတို့မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းတွေကို လှုံ့ဆော် ပေးနိုင်မှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်
ကို အလွန်အမင်းမခံစားရပေမယ့်လည်း ဒီအရာတွေအားလုံးက ၂ဝ၂ဝ ပြည့်နှစ်မှာ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်စတင်လိုက်တဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကြောင့် အဓိကကုန်
သွယ်ဖက်နိုင်ငံတွေကြား ထပ်ဆောင်းအခွန်တွေ အပြန်အလှန်ချမှတ်ခြင်းတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်က ဘယ်သူတွေကိုထိခိုက်စေလဲဆိုရင် တရုတ်နိုင်ငံ အပါအဝင် တခြားအာရှစီးပွားရေးအင်အား ကြီးနိုင်ငံတွေ၊ အာဂျင်တီးနား၊ တူရကီနဲ့ ဘရာဇီးတို့လို အားနည်းချက်ရှိတဲ့နိုင်ငံတွေကို ထိခိုက်စေပါတယ်။
-
ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးရေးမူဝါဒ မြင့်တက်လာခြင်း
-
ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ် ပေးရေးဆိုတဲ့ပြောဆိုမှုတွေက လုပ်ဆောင်မှု အဖြစ်သို့ ပြောင်းလဲလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး တင်းမာမှုတွေမြင့်တက် လာခြင်းက ကမ္ဘာ့စီးပွားရေး အတွက်အဓိက ကျတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။
-
အဲဒီပြည်တွင်း လုပ်ငန်းတွေကို အကာအကွယ်ပေးရေး လုပ်ဆောင်မှုတွေမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ် ထပ်ဆောင်း အခွန်တိုးမြှင့်ကောက် ခံခြင်းနဲ့ ကမ္ဘာတစ်ဝန်းမှ တင်သွင်းတဲ့ အလူမီနီယမ်နဲ့ သံမဏိတွေအပေါ် ထပ်ဆောင်း အခွန်ကောက်ခံခြင်း တို့လည်း ပါဝင်ပါတယ်။
-
ဒါကြောင့် ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာမရေရာမှုတွေက စက်မှု လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ် နှံမှုကို ဆိုင်းငံ့ခြင်း ဒါမှမဟုတ် စွန့်လွှတ်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်လာရင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဝယ်လိုအားကဏ္ဍတွေမှာ တိုးတက်မှုနှေးကွေး သွားနိုင်ပါတယ်။ အကယ်၍ အဲဒီလိုနှေးကွေးမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်သွယ်ရေး တင်းမာမှုတွေက အမြင့်ဆုံးအခြေအနေ အထိရောက်ရှိနိုင်ပြီး စီးပွားရေးပျက်ကပ် အနေအထားဆီ ဦးတည်သွားနိုင်တယ်လို့  IMF က သတိပေးထားပါတယ်။
-
ဒီနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်း သာရှိပြီး IMF က ဇူလိုင်လအတွင်း ခန့်မှန်း ထားတဲ့ပမာဏထက် ၁ဝ ပုံ ၆ ပုံနည်းပါးပြီး လာမယ့်နှစ်မှာဆိုရင်တော့ စီးပွားရေးတိုး တက်မှုက ၄ ရာခိုင်နှုန်းသာရှိတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုက ၃ ဒသမ ၆ ရာခိုင်နှုန်းသာရှိတော့မယ်လို့ IMF က အခုအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
-
ဒါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုရဲ့ရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ဖို့၊ အဖွဲ့အစည်းတွေ အပေါ်အယုံအကြည် မရှိမှု တိုးမြင့်လာခြင်းကို တုံ့ပြန်ရာမှာ ကူညီနိုင်ဖို့နဲ့ ဖွဲ့စည်းပုံပြောင်းလဲရာမှာ ပြည်တွင်း လုပ်ငန်းအကာအကွယ် ပေးရေးလုပ်ဆောင် မှုတွေကို ရှောင်ရှားနိုင်ဖို့ အစိုးရတွေအနေနဲ့ မူဝါဒတွေ ချမှတ်သင့်တယ်လို့ IMF က တိုက်တွန်းထားပါတယ်။ ဒါ့ပြင် ကုန်သွယ် ရေးတိုးတက်စေဖို့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ပူးပေါင်းအဖြေရှာ ဆောင်ရွက်ဖို့ ၎င်းတို့က အလေးအနက်ပြောထားပါတယ်။
-
စိန်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့  တရုတ်နဲ့ အမေရိကန်
-
တရုတ်နဲ့ အမေရိကန် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးက ဒီနှစ်အတွင်း ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက် နိုင်ပြီး ၂ဝ၁၉ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင် နှုန်းနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ၁ ဒသမ ၈ ရာခိုင် နှုန်းသာ မြင့်တက်တော့ မယ်လို့  IMF က ခန့် မှန်းထား ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် ထောင်စုရဲ့ အခွန်ငွေလျှော့ချမှုနဲ့ ငွေကြေးသုံး စွဲမှုတိုးမြှင့်ခြင်းတွေက စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေပါတယ်။
-
ဒါ့ပြင် ကုန်သွယ်ရေး ပဋိပက္ခမြင့်တက် မှုကြောင့်ဖြစ် ပေါ်လာတဲ့ ရုတ်တရက် ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း အတန်အသင့်အကူအညီ ပေးနိုင်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့အတိုးနှုန်းတွေက မျှော်မှန်း ထားတာထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာ စေပါတယ်။
-
ကုန်သွယ်ရေး ပဋိပက္ခက တရုတ်နိုင်ငံ အတွက်တော့ ပြောပလောက် အောင်ထိခိုက်မှု မဖြစ်စေပါဘူး။ ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ၆ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းမှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှာတော့ ၆

ဒသမ ၂ ရာခိုင်နှုန်းသာကျဆင်းမှာ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရရဲ့စီးပွားရေး လှုံ့ဆော်မှုလုပ်ဆောင်ချက်တွေက ထပ်ဆောင်း အခွန်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုး ဆက်တွေကို အနည်းငယ် ပြေလျော့စေဖွယ် ရှိပါတယ်။
-
ကုန်ထုတ်စွမ်းအားစိန်ခေါ်မှု
-
ရေရှည်ကာလကို ကြည့်မယ်ဆိုရင် သက်ကြီးရွယ်အို အရေအတွက် များပြားလာခြင်းနဲ့ ကုန်ထုတ်စွမ်းအား တိုးတက်မှုနှေးကွေးခြင်းတို့က စီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံတွေအတွက်
အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေရဲ့စီးပွားရေး ကျဆင်းမှုကြောင့်ပဲ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
-
ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေး မူဝါဒတွေ၊ ပညာသင်ကြားရေး ရင်းနှီးမြှုပ်နှံမှုတွေ သာတူညီမျှရှိရေးအတွက် ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုစနစ်ပေးရေးတွေကို ရေရှည်စီမံကိန်း ရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်သလို ဒီအချက်တွေကလည်း အဓိကဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ဒီလိုရေရှည် စီမံကိန်းတွေကို ဆောင်ရွက်ပေးမှသာ ကုန်သွယ်ရေး စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး စီးပွားရေးကျဆင်းမှုကနေ ရှောင်ရှား နိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။
Ref: AFP, Bloomberg
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger