www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 11, 2018

ဒေါ်လာဈေးမြင့်တက်မှုကြောင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ယမ်းပိဿချိန်ချိတ်ဆွဲမှု လျော့ကျလာနိုင်



တောင်ကြီး ၁၁-၉-၂ဝ၁၈

ဒေါ်လာဈေး မြင့်တက်မှုကြောင့် ယခုနှစ်၏ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မီးပုံးပျံများ၌ ဒေါ်လာဖြင့် ဝယ်ယူရသည့် ယမ်းပိဿာချိန် ချိတ်ဆွဲမှု လျော့ကျလာနိုင်ကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်တွင် စတင်ကာဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂ဝရက်ထိ ပြိုင်ပွဲများကို ဆက်လက်ကျင်းပ သွားမည်ဖြစ်ကာ နိုဝင်ဘာ ၂၃ ရက်တွင် ပိတ်ပွဲနှင့် ဆုပေးပွဲကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ကျင်းပရာတွင် ယခုနှစ်၏ ဒေါ်လာဈေး မြင့်တက်မှု အခြေအနေများကြောင့် တစ်ဖက်နိုင်ငံမှ ဒေါ်လာဈေးအတိုင်း ဝယ်ယူရသည့် ဖောက်ခွဲရေး ယမ်းပစ္စည်းများကို မီးပုံးပျံများတွင် ချိတ်ဆွဲမှုများ လျော့ကျနိုင်ဖွယ်ရှိကြောင်း မီးပုံးပျံပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

"ဒီနှစ် ဒေါ်လာဈေးက အတက်ဘက်မှာ ရောက်နေတာကြောင့် တရုတ်နိုင်ငံဘက်က ယမ်းပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာလဲ ဒေါ်လာဈေး အတိုင်းဝယ်ယူ နေကြရတဲ့အတွက် အရင်နှစ်တွေ တုန်းကတော့ ယမ်းပိဿာချိန် ၃၅ ပိဿာလောက်တော့ သုံးကြပါတယ်။ ဒီနှစ်မှာတော့ ယမ်းပစ္စည်းတွေ ဈေးကြီးပေး ဝယ်နေရတော့ ယမ်းပိဿာချိတ်ဆွဲမှု လျော့နိုင်ပါတယ်။ ပြိုင်ပွဲဝင်မီးပုံးပျံ အရေအတွက်ကတော့ အရင်နှစ်လိုပဲဖြစ်မှာပါ။ လျော့ကျမယ့် အခြေအနေမရှိပါဘူး"ဟု မီးပုံးပျံပြိုင်ပွဲ ကျင်းပရေး ဆပ်ကော်မတီမှ တာဝန်ရှိသူ ဦးသန်းဇော်က ပြောပြသည်။

လက်ရှိတွင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပနိုင်ရေး အတွက် ရှမ်းပြည်နယ် အစိုးရက ဦးစီးကာ ဆပ်ကော်မတီပေါင်း ၁၅ ခုခန့်ဖြင့် ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ပြိုင်ပွဲဝင်မည့် ရိုးရာမီးပုံးပျံ ဝါသနာရှင်များ အနေဖြင့်လည်း မီးပုံးပျံလုပ်ငန်းများ စတင်ဆောင်ရွက် နေကြပြီဖြစ်ကာ လက်ရှိ အခြေအနေအရ ပြိုင်ပွဲဝင်မည့် မီးပုံးပျံ အလုံးရေ ၆ဝ ခန့်ထိရှိနေကြောင်း ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger