www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲတွင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေမည့် သရုပ်ဖော်ပုံများ၊ စာတန်းများကို တားမြစ်



တောင်ကြီး ၁၂-၉-၂ဝ၁၈

မကြာမီကျင်းပမည့် တောင်ကြီး မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ပွဲဝင်မည့် အသင်းများအနေဖြင့် ပြိုင်ပွဲတွင် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ ဖြစ်စေမည့် သရုပ်ဖော်ပုံများ၊ စာတန်းများကို ပြိုင်ပွဲဝင်မီးပုံး ပျံများတွင် ချိတ်ဆွဲခွင့်မပြုကြောင်း တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်လုပ်ငန်း ကော်မတီတွဲဖက် အတွင်းရေးမှူး ဒေါက်တာသန်းဝင်းက ပြောပြသည်။

ယခင်နှစ်များက ယခုစည်းကမ်းချက်များ မပါဝင်သော်လည်း ယခုအခါတွင် လိုအပ်သည့်အတွက် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထပ်မံထည့်သွင်းခြင်း ဖြစ်ကြောင်း သိရသည်။

''စည်းကမ်းချက် တွေကိုဖောက်ဖျက် တာမျိုးတွေ့ရင် ကျွန်တော်တို့ အနေနဲ့ စည်းကမ်း ဖောက်ဖျက်တဲ့ အသင်းကိုထုတ်မယ်။ လိုအပ်ရင် မီးပုံးပျံပြိုင်ပွဲ ကနေသုံးနှစ် (သို့မဟုတ်) ငါးနှစ် ဖယ်ထုတ်မယ်။ ဒီထက်ပိုပြီး လိုအပ်ရင် ဥပဒေအရပါ အရေးယူသွားမယ်။ ပြိုင်ပွဲကို အေးအေးချမ်းချမ်းပဲ ကျင်းပသွားပါမယ်။ တောင်ကြီးမီးပုံးပျံ ပြိုင်ပွဲကိုဖျက်တဲ့ ဘယ်လုပ်ရပ်ကိုမှ လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ မီးပုံးပျံပြိုင်ပွဲကို အမည်းစက်ထင်မယ့် လုပ်ရပ်မျိုးကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်''ဟု ရိုးရာမီးပုံးပျံပညာရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

တောင်ကြီးမီးပုံးပျံ ပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပက ခရီးသွားများကပါ ပြိုင်ပွဲကို စိတ်ဝင်တစား လာရောက်ကြည့်ရှု ကြသည့်အတွက် စည်းကမ်းများဖြင့် တင်းတင်းကျပ်ကျပ် ကိုင်တွယ် မည်ဖြစ်ကြောင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များက ပြောပြသည်။

''တောင်ကြီးမီးပုံး ပျံပြိုင်ပွဲက ဘယ်တုန်းကမှ မျက်နှာပျက်စရာ မဖြစ်ခဲ့ဘူး။ ဒီနှစ်လဲမဖြစ်ပါဘူး။ ပြိုင်ပွဲဝင်တိုင်း သိပါတယ်။ ပြိုင်ပွဲကို ပျက်စီးအောင် ဘယ်သူမှ လုပ်မယ်လို့ မထင်ပါဘူး''ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောပြ
သည်။

''မြန်မာနိုင်ငံက ဒီနှစ်တွေမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စတွေ ဖြစ်နေတာဆိုတော့ ကျွန်တော်တို့ တာဝန်ရှိသူတွေ အနေနဲ့လဲ သေချာ ထိန်းသိမ်းမှာပါ။ မလိုလားအပ်တဲ့ပြင်ပ ပယောဂတွေ မပါရှိအောင် စောင့်ကြည့်သွားမှာပါ။ လိုအပ်ရင် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ပါ ပူးပေါင်းပြီး အရေးယူမှုတွေ လုပ်ဆောင်မှာပါ''ဟု စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးက ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger