www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 12, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်မြို့၌ ကျင်းပ



ရန်ကုန် ၁၂-၉-၂ဝ၁၈

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်း ဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့မှ ကြီးမှူး ကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

''အခုဆန္ဒ ဖော်ထုတ်ပွဲမှာ ပါဝင်ဆန္ဒ ဖော်ထုတ်တဲ့ အဖွဲ့တွေက ကျောက်တံတား၊ လသာ၊ ပန်းဘဲတန်း၊ လမ်းမတော်နဲ့ ဆိပ်ကမ်းမြို့နယ်တွေက စစ်မှုထမ်းဟောင်း အဖွဲ့တွေ ဖြစ်ပါတယ်။ စုစုပေါင်း အင်အား ၂ဝဝ ကျော်လောက် ရှိပါတယ်။ ကျွန်တော်တို့ ဆန္ဒဖော်ထုတ်ရတဲ့ ရည်ရွယ်ချက်က စစ်မှုထမ်းဟောင်း အဖွဲ့က တပ်မတော်ရဲ့ အရန်အင်အားများ ဖြစ်တာနဲ့အညီ တပ်မတော်ကို ထောက်ခံရင်းနဲ့ ပြင်ပကနေ ဝင်ရောက်စွက်
ဖက်နေတဲ့ လုပ်ဆောင်ချက် တွေကို ကန့်ကွက်တဲ့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်'' ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစိုးမြင့်အောင်(ငြိမ်း)က ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ကြသူများက နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ မြန်မာ့တပ်မတော်ကို အပြည့်အဝ ထောက်ခံသည်၊ တပ်မတော် အင်အားချိုးနှိမ်မှု မှန်သမျှ တို့လုံးဝလက်မခံ၊ မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook ကို လုံးဝ ဆန့်ကျင် ရှုတ်ချသည်၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး ကော်မရှင်၏ မမျှမတ တစ်ဖက်သတ် အစီရင်ခံစာတို့ လုံးဝလက်မခံ၊ ပြည်သူကို ချစ်သော၊ ပြည်သူက ချစ်သော တပ်မတော် အောင်မြင်ပါစေ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံး အစီရင်ခံစာ အလိုမရှိ၊ အလိုမရှိ စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ တစ်နာရီကြာ မတ်တတ်ရပ်၍ တိတ်ဆိတ်စွာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

''ဒီကနေ့ဆန္ဒ ဖော်ထုတ်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း၊ အပြင်ဆိုပြီးတော့ မြို့နယ်တွေရှိပါတယ်။ စည်ပင်သာယာ နယ်နိမိတ် အတွင်းမှာ ၃၃ မြို့နယ်၊ အပြင်မှာ ၁၂ မြို့နယ်ရှိပါတယ်။အတွင်း ၃၃ မြို့နယ်ထဲမှာ ဒီနေ့ ကျွန်တော်တို့ ပထမဆုံး စတင်ပြီး တပ်မတော်ကို ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲ လုပ်ခဲ့တာပါ''ဟု ဗိုလ်မှူးစိုးမြင့်အောင်(ငြိမ်း)က ပြောသည်။

ယနေ့ပြုလုပ်သည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲအား သက်ဆိုင်ရာသို့ ခွင့်ပြုချက်ရယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ (စည်ပင်အတွင်း)တွင် ပါဝင်သည့် ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ဆိပ်ကမ်းမြို့နယ်တို့မှ စစ်မှုထမ်းဟောင်းများနှင့် အရန်အဖွဲ့ဝင် ၂ဝဝ ကျော် ပါဝင် ခဲ့ကြကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တွင်း ၃၃ မြို့နယ်၌ နိုဝင်ဘာလအထိ ရက်ခြားကာ စဉ်ဆက် မပြတ်ဆန္ဒ ဖော်ထုတ်ပွဲများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger