www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 4, 2018

မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်းရော်ဘာတင်ပို့သည့် နိုင်ငံဖြစ်လာနိုင်



ရန်ကုန် ၄-၉-၂ဝ၁၈

မြန်မာနိုင်ငံအနေဖြင့် ထိပ်တန်း ရော်ဘာတင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း ပြည်ပပို့ကုန် ဈေးကွက်သတင်းများနှင့် ပြည်တွင်းရော်ဘာ ဈေးကွက်သတင်းများ အရသိရသည်။

မြန်မာနိုင်ငံသည် လာအို၊ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံ တို့နှင့်အတူ ရော်ဘာထုတ်လုပ်မှု အလားအလာ အားရှိနေသော နိုင်ငံအဖြစ် ဂျပန်နိုင်ငံ Yamaguchi University ၏ စစ်တမ်းတွင် ဖော်ပြခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ဗီယက်နမ်နိုင်ငံတို့သည် ၂ဝဝဝပြည့်နှစ် နောက်ပိုင်းကာလမှ စတင်ကာ တိုးတက်မှုများရရှိပြီး ရော်ဘာထုတ်လုပ်မှု များလည်း မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါနိုင်ငံများ အနက် မြန်မာနိုင်ငံမှ ထွက်ရှိသည့် Rubber Smoked Sheet (RSS) ရော်ဘာအမျိုးအစား များသည် သမိုင်းဝင်မှတ်တမ်း ကောင်းများရှိနေပြီး လူသိများနေကြောင်း ကိုလည်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားကြောင်း သိရသည်။

ထို့ပြင် Food Security Policy Project (FSPP) ၏စစ်တမ်းတွင်လည်း မြန်မာနိုင်ငံ၏ ရော်ဘာ ကဏ္ဍနှင့်ပတ်သက်၍ မြန်မာ့ရော်ဘာ ကဏ္ဍ၏အကြီးမားဆုံး စိန်ခေါ်မှုမှာ အထွက်နှုန်းလျော့ကျနေမှု၊ အရည်အသွေး မပြည့်မီမှု၊ ရော်ဘာနှင့် ပတ်သက်၍ သီးခြားပြဋ္ဌာန်းချက်များ မရှိမှု၊ စိုက်ပျိုးသည်မှ တင်ပို့သည်ထိ ကွင်းဆက်တစ်လျှောက်တွင် စံချိန်စံညွှန်းများနှင့် ပတ်သက်၍ အားနည်းချက်များ ရှိနေမှုစသည့် လိုအပ်ချက်များ ရှိနေပြီး အဆိုပါအားနည်း ချက်များကို အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံသည် ထိပ်တန်းရော်ဘာ တင်ပို့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း သုံးသပ်ဖော်ပြ ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်း Assocication of Natural Rubber Producing Countries-ANRPC သို့ဝင်ရောက်ရန် လွှတ်တော်၏ သဘောတူတည်ပြုချက် ရရှိပြီဖြစ်သည်။ ထို့ကြောင့် အဆိုပါအသင်းသို့ ဝင်ရောက်ပြီးပါက မြန်မာနိုင်ငံ ရော်ဘာကဏ္ဍအနေဖြင့် အသင်းဝင်နိုင်ငံများ၏ ကောင်းမွန်သည့် မူဝါဒနှင့် အစီအစဉ်များ၊ နည်းပညာများကို လေ့လာခွင့်ရရှိမည်ဖြစ်သဖြင့် မြန်မာ့ရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုအတွက် အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သည်။

ထို့ပြင် ရော်ဘာလုပ်ငန်းရှင်ငယ်များအတွင်း လိုအပ်နေသည့် နည်းပညာ၊ သုတေသနနှင့် ဈေးကွက်ချိက်ဆက် ဆောင်ရွက်မှုများကို ယခုထက် ပိုမိုဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြည်ပပို့ကုန်ဈေးကွက် သတင်းများနှင့် ပြည်တွင်းရော်ဘာ ဈေးကွက်သတင်းများအရ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger