www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 24, 2018

မန္တလေးမြို့ မြို့ပြသာယာလှပရေး နှောင့်ယှက်ဖျက်ဆီးသူများကို CCTV များတပ်ဆင်၍ ဖော်ထုတ်အရေးယူမည်



မန္တလေး ၂၄-၈-၂ဝ၁၈

မန္တလေးမြို့ မြို့ပြသာယာလှပရေး နှောင့်ယှက်ဖျက်ဆီး သူများကို မြို့နယ် ခြောက်မြို့နယ်တွင် CCTV များတပ်ဆင်၍ ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးစောဟန်ကပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် မြို့ပြဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် သက်ဆိုင်ရာ လမ်း၊တံတား၊ ရေမြောင်း၊မီးစနစ် စသည့်ကဏ္ဍ အသီးသီးအလိုက် တိုးတက်ဖွံ့ဖြိုး လာစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုကဏ္ဍများထဲမှ Green City ကိုဖော်ဆောင်ရာတွင် သစ်ပင်ပန်းမန်မှာ များစွာအရေးပါသည့် အတွက် မန္တလေးမြို့ မြို့နယ်ခြောက် မြို့နယ်တွင် အရိပ်ရပင်နှင့် အလှပန်းပင်များကို လမ်းလယ်ကျွန်း၊ လမ်းဘေးဝဲ၊ ယာများတွင် စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မန္တလေးမြို့၏ စည်ပင်သာယာ နယ်နိမိတ်ဖြစ်သည့် မြို့နယ် ခြောက်မြို့နယ်အတွင်း၌ Green City နှင့် Smart City အဖြစ် ရောက်ရှိ လာစေရေးအတွက် အရိပ်ရပင်နှင့် အလှပန်းပင်များကို စိုက်ပျိုးထားသော်လည်း ညပိုင်းအချိန်များတွင် မြို့၏အဓိကကျသည့် လမ်းလယ်ကျွန်းများပေါ်တွင် ထားရှိပေးထားသည့် ပန်းအိုးများကို ဖျက်ဆီးနေသူများ ရှိသည့်အတွက် မြို့ပြသာယာလှပရေးကို နှောင့်ယှက်ဖျက်ဆီး နေသူများကို ဖမ်းဆီးအရေးယူနိုင်ရေး လက်ရှိအချိန်တွင် စည်ပင်နယ်နိမိတ် ခြောက်မြို့နယ်အတွင်း အဓိကကျသည့် နေရာများတွင် CCTV များ တပ်ဆင်နိုင်ရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

"မန္တလေးမြို့ကို တိုးတက်ဖို့ လုပ်ရမယ့်အစား စည်ပင်ကလုပ်ပေးထားတဲ့ အရိပ်ရပင်နဲ့အလှပန်းပင် တွေစိုက်ထားတဲ့ ပန်းအိုးတွေကို ဖျက်ဆီးတာတွေထိပါ လုပ်ဆောင်နေတယ်။ ဒါတွေကမြို့သူ၊ မြို့သားတွေအနေနဲ့မလုပ်သင့်တဲ့ အရာတွေပါ။ နောက်ပိုင်းမှာတော့ အဓိကကျတဲ့ မိန်းလမ်းမကြီးတွေ အပါအဝင် ခြောက်မြို့နယ်စလုံးကို CCTV ကင်မရာတွေ တပ်ပြီးရင် စည်ပင်ဥပဒေနဲ့အညီ အရေးယူမှု အပိုင်းတွေ စတော့မှာပါ"ဟု ၎င်းကဆက်လက် ပြောပြသည်။

ယခုလက်ရှိတွင် မန္တလေးမြို့ မြို့နယ်ခြောက်မြို့နယ်တွင် ယာဉ်တိုက်မှုများအပါအဝင် မှုခင်းများ ဖြစ်ပွားနေသောကြောင့် ယာဉ်နံပါတ်များကအစ ပြတ်သားထင်ရှားစွာ တွေ့မြင်နိုင်မည့် နည်းပညာမြင့် CCTV ကင်မရာများကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက မြို့နယ်ခြောက်မြို့နယ်အတွင်း တပ်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger