www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 24, 2018

လှိုင်းဘွဲ့မြို့နယ် ကျေးရွာ ၂၁ရွာ ရေနစ်မြုပ် ကယ်ဆယ်ရေးစခန်းဖွင့်ရန် ကုန်းမြေမရှိ



လှိုင်းဘွဲ့ ၂၄-၈-၂ဝ၁၈

လှိုင်းဘွဲ့မြို့နယ်အတွင်း သံလွင်မြစ်ရေတက်၍ ရေနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် ရေဘေးရှောင်ရန် ကုန်းမြေမရှိတော့၍ ရေဘေးရှောင် စခန်းဖွင့်လှစ် နိုင်ခြင်းမရှိ သောကြောင့် ကျေးရွာနေပြည်သူများ ဖြစ်သလိုနေထိုင် နေရကြောင်း ရွှေဂွန်းကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ခြောက်စုမှ ကျေးရွာ၂၁ရွာ၊ အိမ်ထောင်စု ၂၇၄၆စု၊ အမျိုးသားဦးရေ ၇၆၈ဝ နှင့် အမျိုးသမီး ၈၁ဝ၆ဦး နေအိမ်အတွင်း မြစ်ရေ ဝင်ရောက်သည့်အတွက် နေထိုင်ရေးနှင့် စားရေးသောက်ရေးအပါအဝင် လမ်းပန်းဆက် သွယ်ရေးတို့လည်း ပြတ်တောက်ကာ ရေဘေးဒုက္ခခံစားနေရကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

"ရွှေဂွန်းကျေးရွာ အုပ်စုနှင့် အနီးပတ်ဝန်းကျင် ကျေးရွာအုပ်စု ခြောက်စုက ရေဘေးအန္တရာယ် ခံစားနေရတာက တော်တော်လေး အခြေအနေဆိုးတယ်။ ကယ်ဆယ်ရေး စခန်းဖွင့်ဖို့ ရေလွတ်တဲ့ ကုန်းမြေကိုမရှိတာ ဆက်သွယ် သွားလာတဲ့ လမ်းတွေကလဲ ရေလွှမ်းနေတယ်။ ကူညီပံ့ပိုးရေးတွေ တော်တော် လိုအပ်နေပါတယ်။ အဲဒီကျေးရွာတွေကို ကူညီပံ့ပိုးချင်ရင် ရေဘေးကယ်ဆယ်ရေး ကြီးကြပ်မှုအဖွဲ့က ရွှေဂွန်းကျေးရွာက သာသနာ့ဗိမာန်ထဲမှာ ဖွင့်ထားပါတယ်"ဟု ရေဘေးကူညီကယ်ဆယ်ရေး လိုက်ပါ ဆောင်ရွက်နေသည့် ကိုဖြိုးဝေဆက်က ပြောပြ၍ သိရသည်။

ကရင်ပြည်နယ် အတွင်း၌ နေရာအနှံ့အပြား ရေဘေးအန္တရာယ် ကျရောက်လျက်ရှိရာ ရေဘေးသင့် ပြည်သူများ စားသောက်ရေးအတွက် လိုအပ်သည့် စားသောက်ကုန် ပစ္စည်းများနှင့် အလှူငွေများ လာရောက် လှူဒါန်းရာတွင် လိုအပ်သည့် နေရာများသို့ ဖြန့်ဝေခြင်းများကို စနစ်တကျဆောင်ရွက် နိုင်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့က သြဂုတ်၂ဝရက်က ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးမင်းထွန်း ဦးဆောင်ပြီး ရွှေဂွန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ဦးတို့ ပါဝင်သောအဖွဲ့ဝင် ရှစ်ဦးဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်မှုအဖွဲ့(ရွှေဂွန်း)ကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရေဘေးအတွက် တကယ်လိုအပ် နေသည့်နေရာများတွင် လှူဒါန်းမည်ဆိုလျှင် ကြီးကြပ်ကွပ်ကဲမှု အဖွဲ့ဖြစ်သည့် ဦးမျိုးမင်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်းဝ၉-၄၅၈၈၈၅၅၉ဝ၊ ဝ၉-၇၇-၉၅၁၁၆၇၇၊ ရဲအုပ်ကြည်တိုး ရွှေဂွန်းနယ်မြေရဲစခန်းမှူး ဖုန်း ဝ၉-၇၈၁-ဝ၈၆၃၁၁၊ ဝ၉-၄၂၈၅၉၈၆၄၃ ဒေါ်ခင်ချိုဆင့် ကျောင်းအုပ်ကြီး အခြေခံပညာ အထက်တန်းကျောင်း ရွှေဂွန်းကျေးရွာ ဝ၉-၄၄၉၂၅၃-၁၅၆၊ ဝ၉-၇၉၃၈၃၄၃၇၇၊ ဦးဝင်းနိုင်ဦး အုပ်ချုပ်ရေးမှူး ရွှေဂွန်းကျေးရွာ ဖုန်း ဝ၉- ၇၇၈ဝ၅၇၁၄၁၊ ဝ၉-၇၇၈-ဝ၅၈၇၆၂တို့သို့ ဆက်သွယ်မေးမြန်း၍ ကူညီပံ့ပိုးပေးနိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger