မန္တလေး ၂ဝ-၈-၂ဝ၁၈
မန္တလေး မဟာမုနိရုပ်ရှင်တော်ရှိ အလှူခံငွေနှင့် ရွှေဆိုင်းများကို လြုံခုံရေးဝန်ထမ်းက ဖောက်ထွင်းခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ အမှတ်(၁ဝ)ရဲစခန်းမှ သိရသည်။
မဟာမုနိရုပ်ရှင်တော်ရှိ ဂေါပကရုံးခန်းအတွင်း သိမ်းဆည်းထားသည့် အလှူခံပုံးမှ အလှူငွေများနှင့် ရွှေဆိုင်းစုစုပေါင်းတန်ဖိုး ငွေကျပ် ၃၆ သိန်းကျော်ကို လုံခြုံရေး ဝန်ထမ်းဖြစ်သူက ဖောက်ထွင်းခိုးယူ ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန် သူကို ရုပ်ရှင်တော်ရှိ CCTV မှတ်တမ်းက တစ်ဆင့်စုံစမ်း စစ်ဆေးဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။
သြဂုတ် ၁၈ ရက်က ဂေါပကရုံးခန်း ဖွင့်လှစ်ချိန် နံနက် ၁ဝနာရီတွင် ရုံးခန်းအတွင်း သိမ်းဆည်းထားသည့် အလှူခံပုံးအတွင်းမှ အလှူငွေများ ရေတွက်စစ်ဆေးရန် ဝင်ရောက်ချိန်၌ ရုံးခန်းအတွင်းသြဂုတ် ၁၈ရက် ညနေပိုင်းက သိမ်းဆည်းထားသည့် အလှူခံပုံးမှာ မှန်များကွဲနေပြီး ပုံးအတွင်း အလှူငွေကျပ်သိန်း ၃ဝ ကျော်နှင့်ရွှေဆိုင်း ၂၅ ဆိုင်းခန့် ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရ သည့်အတွက် အမှတ် (၁ဝ) ရဲစခန်းသို့ အကြောင်းကြား အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။
"ရဲစခန်းအကြောင်းကြားပြီး CCTV ကြည့်တော့ ဒီကလုံခြုံရေး ဝန်ထမ်းတစ်ယောက်က မနက်သုံးနာရီလောက် အထုပ်တစ်ထုပ်ကို ဆိုင်ကယ်ရှေ့တင်ပြီး ထွက်သွားတာ ကိုတွေ့တယ်။ ဒါနဲ့သူ့အိမ်လိုက် စစ်ဆေးတော့ဝန်ခံပါတယ်။ ညကတည်းက ဖောက်ဝင်ခိုးယူပြီး မနက်တံခါးဖွင့်ချိန်မှ ပြန်ထွက်သွားတာပါ။ ဒီဖြစ်စဉ်မျိုးက ဘုရားကြီးမှာ ပထမဦးဆုံးပါပဲ နောက်ဆို ဝန်ထမ်းစိစစ်မှုတွေ လုံခြုံရေးထပ်ပြီး အဆင့်မြှင့်တာတွေ လုပ်ဆောင်သွားရမယ်"ဟု မဟာမုနိရုပ်ရှင် တော်ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောပြသည်။
ရုပ်ရှင်တော်လုံခြုံရေး ဝန်ထမ်းကျော်ဇေယျ (ဘ) ဦးတင်ခသည် သြဂုတ် ၁၈ရက် ည ၉နာရီမိနစ် ၃ဝ ခန့်က အလှူခံပုံးများ သိမ်းဆည်းထားသည့် ဂေါပကရုံးနောက် ကျော်ကပ်လျက် စတိုခန်းအတွင်းသို့ ခေါင်မိုးသွပ်ပြားကိုလှန်၍ ဝင်ရောက်ကာ မျက်နှာကြက်ကို ဖောက်ထွင်းဝင်ရောက်ပြီး အလှူခံပုံးကို ရိုက်ခွဲ၍ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရ သိရသည်။
အများပြည်သူများ လှူဒါန်းထားသည့် အလှူငွေနှင့် ရွှေဆိုင်းများ ခိုးယူသူ ကျော်ဇေယျကို အမှတ် (၁ဝ) မြို့မရဲစခန်းက (ပ)၃၅၆/၂ဝ၁၈၊ ပပက ၆ (၁)ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#Themyawadydaily






No comments:
Post a Comment