www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 17, 2018

စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၏ယာဉ် အတိုက်ခံရ



စစ်ကိုင်း ၁၇-၈-၂ဝ၁၈

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ၏ စစ်ကိုင်းခရီးစဉ်တွင် ခရီးဦးကြိုဆိုရန် လာရောက်သည့် စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး လိုက်ပါလာသည့်ယာဉ် အတိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက်အုပ်စု မကျဉ်းစဉ်ရပ် စစ်ကိုင်း-ရွှေဘို-မုံရွာလမ်း သစ္စာရှင်ကြိမ်ဆိုင် အနီးတွင် ယနေ့နံနက် ၈နာရီ မိနစ် ၃ဝ ခန့်က ကျောက်များတင်ဆောင် လာသည့်ယာဉ်က အရှိန်မထိန်းနိုင်ဘဲ HIJET ယာဉ်ကို ဝင်တိုက်မိပြီး စစ်ကိုင်းတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးလိုက်ပါ လာသောယာဉ်ကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း တင်းတိပ်ရပ်ကွက် အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

"HIJET ယာဉ်က အရှေ့ကနေအနောက်ကို မောင်းလာပြီး ဘယ်ဘက်ကိုကွေ့မှာ။ အဲဒါကို နောက်က ကျောက်တင်ဆောင်လာတဲ့ ယာဉ်က HIJET ယာဉ်ကို ဝင်တိုက်တယ်။ အဲဒါပြီးတော့ အရှိန်မထိန်းနိုင်ဘဲ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦး စီးနင်းလာတဲ့ယာဉ်ကို ဝင်တိုက်တာ။ တိုင်းဒေသကြီးဝန်ကြီး ယာဉ်ကတော့ မှန်တွေကွဲသွားတယ်။ ယာဉ်နောက်ပိုင်းလဲ ပိန်သွားတယ်။ လူကတော့ ဦးခေါင်းညာဘက်ခြမ်း ဖုသွားပြီး ခေါင်းမူးသွားတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးတို့က ဆေးခန်းကို လိုက်ပို့ပါတယ်"ဟု ၎င်းက ပြောပြသည်။

ထိုသို့ တိုက်မိမှုကြောင့် HIJET ယာဉ်နှင့်စစ်ကိုင်းတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဦးစိုးဦး စီးနင်းလာသော ယာဉ်တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တင်းတိပ်ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ကျောက်သယ်ယာဉ်မောင်းကို ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် အမှတ်(၁ဝ၅) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး(စစ်ကိုင်း)မှ တာဝန်ရှိသူများသည် ယာဉ်နှင့်တကွ ယာဉ်မောင်းကို ခေါ်ဆောင်သွား ပြီဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

"အမှုဖွင့်ထားတာ တော့မရှိ သေးပါဘူး။ အခုချိန်ထိ ကျွန်တော်တို့ဆီဘာမှ မရောက်လာသေးပါဘူး" ဟု စစ်ကိုင်းမြို့မရဲစခန်းမှ စခန်းမှူး ဦးကျော်နိုင်ထွန်းက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger