www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 12, 2018

မြန်မာ့လယ်ယာထွက်ကုန်များ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် စီစဉ်နေ



နေပြည်တော် ၁၂-၇-၂ဝ၁၈

မြန်မာနိုင်ငံက ထွက်ရှိသည့် လယ်ယာထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန်နှင့် နှစ်နိုင်ငံကုန် ပစ္စည်းများ အပြန်အလှန်တင်ပို့ နိုင်ရန်အတွက် ဇွန်လ ဒုတိယပတ်က တရုတ်နိုင်ငံ ကူမင်းမြို့တွင် ပြုလုပ်သည့် ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ် (MRF) မှ ကိုယ်စားလှယ်များ သွားရောက်၍ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ယနေ့မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံက ထွက်ရှိသည့်လယ်ယာ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရ ချင်းနားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုး နိုင်ရန်အတွက် တရုတ်နိုင်ငံပြည်နယ် အစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်ထားပြီး တရုတ်နိုင်ငံ ဗဟိုအစိုးရ အဖွဲ့၏ ခွင့်ပြုချက်ရရှိ ထားခြင်းမရှိ သေးသဖြင့် MoU လက်မှတ်ရေးထိုး နိုင်ခြင်းမရှိ သေးကြောင်း၊ အဆိုပါ MoU ရေးထိုးရာ၌ မြန်မာနိုင်ငံက တရုတ်နိုင်ငံသို့ ဆန်၊ ပဲ၊ ပြောင်း၊ သကြားနှင့် ရော်ဘာ အစရှိသည့် လယ်ယာထွက်ကုန်များနှင့် ရေထွက်ကုန် ပစ္စည်းများကို ယခုနှစ်အတွင်း တန်ချိန် တစ်သန်းတင်ပို့နိုင်ရန် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

"အခုလိုမျိုး အစိုးရချင်းနားလည်မှု စာချွန်လွှာ MoU ကို အစက ဇွန်လအတွင်း ရေးထိုးသွားဖို့ စီစဉ်ထားခဲ့တာပါ။ လောလောဆယ် တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရရှိသေးတာကြောင့် ရေးထိုးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဗဟိုအစိုးရရဲ့ ခွင့်ပြုချက် မရသေးပေမယ့် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ကတော့ရရှိ ထားပြီးဖြစ်ပါတယ်။ အခုလိုမျိုးနယ်စပ်က နေတင်ပို့နိုင်ရင် ကုန်ပစ္စည်းသယ်ယူစရိတ်လဲ သက်သာသွားမှာပါ"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

ထိုသို့ နှစ်နိုင်ငံကုန် ပစ္စည်းများကို MoU စနစ်ဖြင့် အပြန်အလှန် တင်ပို့နိုင်ပါက တရုတ်နိုင်ငံဘက်မှ လယ်ယာသုံးစက်ပစ္စည်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ သံချောင်းနှင့် လျှပ်စစ်သုံးပစ္စည်းစသည့် ကုန်ပစ္စည်းများကို ပြန်လည်တင်သွင်းမည် ဖြစ်ပြီးလယ်ယာ ထွက်ကုန်များကို တရုတ်နိုင်ငံက ဝယ်ယူရာ၌ နိုင်ငံတကာက သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ဈေးကွက်ပေါက်ဈေး အတိုင်းနှစ်ဖက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊လက်ရှိ နယ်စပ်မှ ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံဘက်က တရားဝင်ဖြစ်သော်လည်း တရုတ်နိုင်ငံဘက်က တရားမဝင် ဖြစ်နေသဖြင့် ကုန်သည်များ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထို့ကြောင့် နှစ်နိုင်ငံအပြန်အလှန် ကုန်စည်တင်ပို့မှု MoU ရေးထိုးနိုင်မည်ဆိုပါက မြန်မာနိုင်ငံက ကုန်ပစ္စည်းများအနေဖြင့် နှစ်နိုင်ငံတရားဝင် ကုန်ပစ္စည်းများဖြစ်လာ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger