www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 10, 2018

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသွားသည့် လမ်းပိုင်းအသစ် စတင်ဖောက်လုပ်



စစ်ကိုင်း ၁ဝ-၇-၂ဝ၁၈

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ သွားသည့်လမ်းပိုင်း အသစ်၊လမ်းကြော ဖောက်လုပ်မှုကို ဇူလိုင်လ ပထမပတ်အတွင်းက စတင်ပြုလုပ်ဆောင်ရွက် နေပြီဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

လက်ရှိ အသစ်ဖောက်လုပ် နေသည့် လမ်းပိုင်းအသစ်မှာ သီတဂူဝိပဿနာ အကယ်ဒမီ ရှေ့လမ်းမှ တောင်ဖီလာ စေတီမုခ်ဦးရှေ့လမ်း-တောင်ညို ကျေးရွာလမ်းတို့မှ တစ်ဆင့် တောင်ကြားလမ်းအတိုင်း ပယ်ငါးဆယ် ကျေးရွာသို့ ဆက်သွယ်ထားပြီး ထို့မှတစ်ဆင့် မင်းကွန်းဒေသသို့ သွားရန် ဖောက်လုပ်သွားမည် ဖြစ်ပြီး ယခုအခါ လမ်းပိုင်းချဲ့ထွင်ခြင်း၊ မြေသားညှိခြင်း လုပ်ငန်းများကို မြတ်နိုးသူကုမ္ပဏီ၊ ဂရိတ်ဝေါ ကုမ္ပဏီတို့၏ ကူညီပံ့ပိုးမှုဖြင့် စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်ထံမှ သိရသည်။

"မင်းကွန်းကိုသွားတဲ့ ဒုတိယလမ်း ဖောက်နေပြီ။ လက်ရှိကတော့ ကျောက်ချောလမ်းပါပဲ။ အခုလမ်းပိုင်းက ကျဉ်းနေလို့ စက်ယန္တရားတွေနဲ့ မြတ်နိုးသူ၊ ဂရိတ်ဝေါ ကုမ္ပဏီကနေ ကူညီပံ့ပိုးမှုနဲ့ လက်ရှိလုပ်ငန်းတွေ စတင်နေပါပြီ" ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပြသည်။

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ သွားသည့်လမ်းပိုင်းအသစ်၊ လမ်းကြောဖောက်လုပ် နေမှုကို ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်း၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှူု စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ ဆက်သွယ်ဖောက်လုပ် ထားသော လက်ရှိဧရာဝတီ မြစ်ကမ်းနားလမ်းသည် လမ်းကျဉ်းသည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ မတ်စောက်သော ချောက်ကမ်းပါးများရှိနေ၍ အန္တရာယ်များသည့် အခြေအနေများ ရှိသည့်အပြင် ခါကြီးရက်ကြီး လပြည့်၊ လကွယ်နှင့် ဥပုသ်နေ့များတွင် ယာဉ်ကြောပိတ်ဆို့ နေမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကဲ့သို့ ယာဉ်ကြောပိတ်ဆို့ နေမှုများ မကြာခဏ ဖြစ်ပေါ်လျက် ရှိသောကြောင့် ယာဉ်ကြောပိတ်ဆိုမှု မဖြစ်စေရေးအတွက် သီတဂူဝိပဿနာ အကယ်ဒမီ-တောင်ညို (ကျောက်တာ) - ပယ်ငါးဆယ်လမ်းမှ စစ်ကိုင်း၊ မင်းကွန်း ဆက်သွယ်သော လမ်းပိုင်းအသစ်ကို ဖောက်လုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းမြို့မှ မင်းကွန်းဒေသသို့ လမ်းကြောအသစ် ဖောက်လုပ် နေရာတွင် သီတဂူ ဝိပဿနာ အကယ်ဒမီ -တောင်ညို(ကျောက်တာ)ထိ ၁မိုင်၂ဖာလုံမှာ သီတဂူဆရာတော်ကြီးက အသင့်ဖောက်လုပ် ပြီးဖြစ်သည့် ကွန်ကရစ်လမ်း ဖြစ်ပြီး ကျန်လမ်းပိုင်း လေးမိုင်ဖြစ်သည့် တောင်ညို(ကျောက်တာ)မှ ပယ်ငါးဆယ်ထိ လမ်းမှာမြေသားလမ်း ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger