www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 20, 2018

၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအားဖြင့် ပြည်သူလူထုများက အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြု


၂ဝ၁၈ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊
 ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေချ အလေးပြုကြစဉ်။

အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုစဉ်။

(၇၁)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသည့် ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကိုအောက်မေ့သတိရခြင်း အားဖြင့်
အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုကြစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စဉ်။

မန္တလေးမြို့မန္တလာသီရိ အားကစားကွင်းတွင် (၇၁)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား ကျင်းပစဉ်။

ရန်ကုန် ၂ဝ-၇-၂ဝ၁၈

၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပရာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ အထိမ်းအမှတ် ဂူဗိမာန်တွင် လွမ်းသူ့ပန်းခွေ ချဂါရဝပြုပြီး မေတ္တာပို့သ အမျှပေးဝေသည်။

အခမ်းအနားသို့ ၂ဝ၁၈ ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးဗဟို ကော်မတီဥက္ကဋ္ဌ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက်အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စား လှယ်များ၊ ၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေးဗဟို ကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အာဇာနည်ခေါင်းဆောင် ကြီးများ၏ မိသားစုဝင်များနှင့် ဖိတ်ကြားထား သူများတက်ရောက် ကြသည်။

ရှေးဦးစွာ အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် အာဇာနည်ဗိမာန် နားနေဆောင်ခန်းမ၌ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်သည်။

ထို့နောက် ၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ ကျင်းပရေး ဗဟိုကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်ထောင်စု ဝန်ကြီးများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြသည်။

ယင်းအချိန်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ ဝင်များက သေနတ်မြှောက် အလေးပြုပြီး စစ်ခရာအဖွဲ့က ကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍ အလေးပြုကြကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွအာဇာနည်ခေါင်းဆောင် ကြီးများကို ရည်စူး၍ နှစ်မိနစ်ငြိမ်သက်စွာဖြင့် မေတ္တာပို့သအမျှ ပေးဝေကြသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ သားဖြစ်သူ ဦးအောင်ဆန်းဦး ကိုယ်စား တူတော်စပ်သူ ဦးရဲအောင်သန်း၊ သမီးဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချကာ အလေးပြုကြပြီး ဂါရဝပြုမေတ္တာပို့သ အမျှပေးဝေကြသည်။

ယင်းနောက် ၂ဝ၁၈ခုနှစ် (၇၁) နှစ်မြောက် အာဇာနည်နေ့ကျင်းပရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းတို့အပါအဝင် လူမှုရေး အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ဥရောပသမဂ္ဂနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကိုယ်စားလှယ်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ် ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေချ အလေးပြုကြသည်။

ယင်းနောက်၂ဝ၁၈ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူလူထုများက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရခြင်းအားဖြင့် အာဇာနည်ဗိမာန်သို့ တစ်ခဲနက်လာရောက် ဂါရဝပြုကြသည်။

ယနေ့ ၂ဝ၁၈ခုနှစ် (၇၁)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရာ အာဇာနည်ဗိမာန်သို့ ပြည်သူလူထု ၅၁ဝ၇၁ဦး တက်ရောက်ဂါရဝပြုကြသည်။ ထို့အတူရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ ပြည်သူလူထု ၂ဝ၂၁၃ ဦးနှင့် အာဇာနည်ခေါင်းဆောင် ကြီးများကျဆုံးရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး)သို့ ပြည်သူလူထု ၁၉၇၂၆ဦးတို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger