www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 6, 2018

ကုမ္ပဏီများနှင့်ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ဒေသထွက် ကြိမ်ပစ္စည်း အရောင်းအဝယ်နည်းပါးလာ



ပခုက္ကူ ၆-၇-၂ဝ၁၈

မြန်မာ့လက်မှု ပညာရပ်တစ်ခု ဖြစ်သော ပခုက္ကူမြို့နယ်ဒေသထွက် ကြိမ်ထည်လုပ်ငန်းများမှာ ကုမ္ပဏီများနှင့် အရောင်းအဝယ် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့် ကြိမ်ပစ္စည်း အရောင်းအဝယ် နည်းပါးလာကြောင်း ပခုက္ကူမြို့နယ် ကြိမ်ထည်လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။

နှစ်ပေါင်းရာချီ၍ လုပ်ကိုင်ခဲ့ကြသော ပခုက္ကူဒေသထွက် ကြိမ်အချောထည် လုပ်ငန်းသည် ယခုအခါ ကုန်ကြမ်းထုတ်လုပ် ပေးသော ကုမ္ပဏီ၊ ကုန်ချောဝယ်ယူကြသော ကုမ္ပဏီများနှင့် ချိတ်ဆက်မှုပြတ်တောက် သွားသည့်အတွက် အရောင်းအဝယ် နည်းပါးပြီး လက်ရှိအချိန်တွင် ဝင်ငွေရရှိမှုနည်းပါး လာကြောင်း သိရသည်။

"လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ကုမ္ပဏီတွေက ပခုက္ကူဒေသတစ်ဝိုက် ကြိမ်ထည်လက်မှု လုပ်ငန်းရှင်တွေနဲ့ ကိုယ်တိုင်ကွင်းဆင်းပြီး ကုန်ကြမ်းလဲထုတ်ပေးတယ်။ ကုန်ချောလဲ ဝယ်ယူကြတယ်။ ဈေးကွက် အနေအထားကိုလဲ ခိုင်မာအောင် ချိတ်ဆက်ပေးပါတယ်။ ကုန်ချော ပို့ဆောင်ရာမှာလဲ လမ်းပန်း ဆက်သွယ်ရေးလဲ အဆင်ပြေ ချောမွေ့ပါတယ်။ အခုဆိုရင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေကြတဲ့ ကြိမ်ထည်အချော လုပ်ကိုင်သူတွေဆိုရင် ကုန်ကြမ်းရရှိဖို့ အခက်အခဲ တွေ့နေပါပြီ။ ဒါကြောင့် ကုန်ချော ထုတ်လုပ်မှုမှာလဲ လျော့နည်းလာပါတယ်။ ဝင်ငွေရရှိမှုလဲ နည်းလာပါတယ်" ဟု ပခုက္ကူမြို့နယ် မြစ်ခြေကျေးရွာမှ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်ခဲ့သူ ဦးအောင်ကျော်မွန်က ပြောပြသည်။

ယခုအခါ ပခုက္ကူမြို့နယ်တွင် ကြိမ်ထည်လုပ်ငန်း၌ ကုန်ကြမ်း ဈေးနှုန်းများမှာ ကြိမ်နန်းပင် ၁ဝ ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝဝမှ ၂၂ဝဝဝဝထိ ဈေးနှုန်းပေးဝယ်ရကြောင်း၊ ကြိမ်ထည်ကုန်ချောများမှာ အောက်ထစ်ဆုံးဈေးနှုန်း ငွေကျပ် ၁၅ဝ မှ အမြင့်ဆုံး ၅ဝဝဝဝထိ ရောင်းချရကြောင်း၊ လက်ရှိအချိန်တွင် မြစ်ခြေ၊ တဇင်၊ ထန်းတောချောက်၊ မကျည်းစုဒေသကြိမ်ထည် လုပ်ငန်းရှင်များမှာ ကုမ္ပဏီများနှင့် ချိတ်ဆက်မှု ပြတ်တောက်နေသဖြင့်လုပ်ငန်းရှင်များမှာ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger