www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 11, 2018

ခြိမ်းခြောက်ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းထောက်များကို တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်



နေပြည်တော် ၁၁-၇-၂ဝ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် နန်းမော်လိုက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိန်လင်းကို ခြိမ်းခြောက် ငွေကြေးတောင်းခံပြီး ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်ခဲ့သည့် နေပြည်တော်တိုင်း(မ်) သတင်းထောက်များကို တည်ဆဲဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ သတင်းထောက်များသည် ဇူလိုင် ၉ ရက်က အုပ်ချုပ်ရေးမှူး ဦးထိန်လင်း၏ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းတို့မှာ ထောက်လှမ်းရေး သတင်းထောက်များ ဖြစ်ကြောင်း၊ နေပြည်တော်မှ မော်လိုက်ခရိုင်တွင် တာဝန်ပေးထားသော စစစ၊ဒ/န၊ SB၊ မီဒီယာအဖွဲ့ပေါင်းစုံ ဖြစ်ကြောင်း၊ ဦးခင်မောင်ဝင်း၏ နေအိမ်ခြံဝင်းအတွင်း၌ အထကခွဲနှင့် ဝန်ထမ်းအိမ်ရာ ဆောက်ရန်သစ် တစ်တန်ခန့်တွေ့ကြောင်း၊ ဓာတ်ပုံရိုက်ထားကြောင်း၊ ဥပဒေနှင့် ငြိစွန်းကြောင်းနှင့် တာဝန်ရှိသူများနှင့် လိုက်လျောညီထွေ ပူးပေါင်းဆောင်ရွက် နေသည့်အတွက် နေပြည်တော်မှ တိုက်ရိုက်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း၊ ကျေးရွာအတွင်း၌ သစ်စက်လုပ်ကိုင်သူ အမည်စာရင်း ၁ဝဦးရှိသည်ဟု
ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းသတင်းထောက်များသည် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းကို အဆိုပါ သစ်စက်လုပ်ကိုင်သူ ၁ဝဦးကို ခေါ်ခိုင်းကာ သစ်စက်လုပ်ကိုင်သူ ၁ဝဦး၏ မှတ်ပုံတင်များကို ဓာတ်ပုံရိုက်ပြီး တစ်ဦးလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ၁၅သိန်းပေးရမည် ဖြစ်ကြောင်း၊ မပေးပါက ဖမ်းဆီးပြီး ရိုက်ပုတ်နှိပ်စက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို ခဲ့သည့်အတွက် အုပ်ချုပ်ရေးမှူး ဦးထိန်လင်းက ကျေးရွာရှိ တာဝန်ရှိသူများနှင့် တိုင်ပင်ကာ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းခတ်ရန် စုဆောင်းထားသည့် ငွေကျပ် ၁ဝ သိန်းကို ပေးအပ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ပေးအပ်ခဲ့ရသည့်အတွက် အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဖောင်းပြင်မြို့မ ရဲစခန်းက နေပြည်တော်တိုင်း(မ်)မှုခင်း သတင်းထောက် (မော်လိုက်ခရိုင်တာဝန်ခံ) များဖြစ်ကြသည့် မောင်ဆန်း ၃၆နှစ်(ဘ)ဦးညွန့် ရှောက်တောကျေးရွာ ပွင့်ဖြူမြို့နယ်၊ အောင်ဖြိုးဝေ ၂၁နှစ် (ဘ)ဦးညွန့် ရှောက်တောကျေးရွာ ပွင့်ဖြူမြို့နယ်၊ မောင်စိုး ၅၄နှစ် (ဘ)ဦးအောင်ရှိန် ကံကြီးကျေးရွာ ကလေးမြို့နယ်နှင့် ကီးအောင်မင်း၄၆ နှစ်(ဘ) ဦး လေဟာကီး ကြံသာကျေးရွာ ကလေးမြို့နယ်နေသူ လေးဦးတို့ကို တည်ဆဲဥပဒေ များနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းသတင်းထောက် လေးဦးသည် ဇူလိုင် ၁ ရက် ညနေ ၃နာရီခန့်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ဟဲလှော်ကျေးရွာနေ ဒေါ်မြင့်အုန်း၏ နေအိမ်ဈေးဆိုင်သို့ အရက်ရောင်းသည်ဟု ဆိုကာ ဖမ်းဆီး မည်ဟြုခိမ်းခြောက်၍ ငွေကျပ်နှစ်သောင်း တောင်းယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ၎င်းတို့ကို တည်ဆဲဥပဒေဖြင့် ထပ်မံရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

"နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဌာန်ဖြင့် ယူနီဖောင်းများ ဖန်တီးဝတ်စား ဆင်ယင်ခြင်း မပြုကြရန်နှင့် ဝတ်ဆင်ကြောင်းတွေ့ရှိပါက တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း" ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ဇန်နဝါရီ ၁၇ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြေညာချက်ထုတ်ပြန် ခဲ့သည့်အပြင် ဇွန် ၁၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ များတွင်လည်း မှုခင်းသတင်းထောက်များ အပါအဝင် သတင်းထောက် အသင်းဝင်များအနေဖြင့် နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းများနှင့် အသွင်သဏ္ဌာန်တူသော ဝတ်စုံများဝတ်ခြင်းနှင့် ဥပဒေမဲ့ ငွေကြေးတောင်းခံခြင်း၊ ဥပဒေမဲ့လုပ်ရပ်များ လုပ်ကိုင်ခြင်းတို့အပေါ် စိစစ်တွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထပ်မံအသိပေး ကြေညာထားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger