လွိုင်ကော် ၂-၇-၂ဝ၁၈
တိုင်းရင်းသား ပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်စေရန်နှင့် အကျိုးစီးပွား အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ တံတားအထူးအဖွဲ့(၆)က တာဝန်ယူ တည်ဆောက်ခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့တွင်းရှိ ဘီလူးချောင်းဖြတ် ဒေါနိုးကူးတံတား သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ တံတားမုခ်ဦးရှေ့၌ ကျင်းပသည်။
လွိုင်ကော်မြို့ ဒေါနိုးကူးရပ်ကွက်နှင့် ဒေါတမ ရပ်ကွက်တို့အား ဆက်သွယ်ထားသည့် ယခင် ၁ဝ ပေအကျယ် သစ်သားတံတားအား ၁၉၅၂-၁၉၅၃ ခုနှစ်တွင် အခွန်တော်အမတ် ဦးဖြူက စတင်ဆောက် လုပ်ခဲ့ပြီး ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးအောင်ကျော်က ဆက်လက်ပြုပြင် ထိန်းသိမ်းလာခဲ့သည်။ နောက်ပိုင်းတွင် မြို့နယ် စည်ပင်သာယာရေး ကော်မတီက ၁၆ ပေအကျယ် သစ်သားတံတားအဖြစ် ပြန်လည်တည်ဆောက် ထိန်းသိမ်းလာခဲ့ရာမှ ယခုအခါ လွိုင်ကော်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုချောမွေ့မြန်ဆန်လာစေရန် ဘီလူးချောင်းဖြတ်တံတား ခြောက်စင်းမြောက်အနေဖြင့် ပြည်နယ် အစိုးရရန်ပုံငွေကျပ် ၈၄ဝ သန်းဖြင့် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၆)က သံကူကွန်ကရစ် တံတားအားဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း၊ တံတားမှာ အရှည်ပေ ၂ဝဝ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ နှစ်လမ်းသွား၊ လူသွားလမ်း တစ်ဖက်လျှင် ၆ ပေ ၁ဝ လက်မစီထားရှိကြောင်း သိရသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါတံတား သစ်ကြီးအား ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တို့သည် ဧည့်သည်တော်များ၊ ဒေသခံပြည်သူများ နှင့်အတူ လှည့်လည်ကြည့်ရှု ကြကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment