www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 1, 2018

သံချပ်ကာ ယန္တရားတပ်ဖွဲ့သည် လျင်မြန်စွာရွေ့လျားနိုင်မှု (Mobility) နှင့် ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင် မှု (Accuracy) များရှိရမည်ဖြစ်သဖြင့် ကျွမ်းကျင်မှုရှိအောင် အစဉ်အမြဲ လေ့ကျင့်နေရမည်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကျောက်ဆည်တပ်နယ်၊ သံချပ်ကာ ယန္တရားသင်တန်းကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များအား
တွေ့ဆုံအမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံချပ်ကာယန္တရားသင်တန်းကျောင်းအတွင်းရှိ ယာဉ်ယန္တရားသင်ထောက်ကူပစ္စည်းပုံစံသရုပ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံချပ်ကာယန္တရားသင်တန်းကျောင်းအတွင်းရှိ ယာဉ်ယန္တရားသင်ထောက်ကူပစ္စည်းပုံစံသရုပ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သံချပ်ကာယန္တရားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးအား သုတ၊ ရသ စာအုပ်စာစောင်များ ပေးအပ်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သင်တန်းသားများနှင့်အတူ နေ့လယ်စာအတူတကွ သုံးဆောင်စဉ်။

နေပြည်တော် ၁-၆-၂ဝ၁၈

သံချပ်ကာ ယန္တရားတပ်ဖွဲ့သည် ပစ်အားနှင့်စစ်ကစား သည့်တပ်ဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်၌ ဖြစ်ပွားခဲ့သည့် သမားရိုးကျစစ်ပွဲများတွင် သံချပ်ကာယန္တရား တပ်ဖွဲ့များဖြင့် အဓိကအဆုံးသတ် တိုက်ခိုက်ပြီးနောက် ခြေလျင်တပ်ဖွဲ့များက တက်ရောက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် လျင်မြန်စွာ ရွေ့လျားနိုင်မှု(Mobility)နှင့်ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်မှု (Accuracy) များရှိရမည်ဖြစ်သဖြင့် ကျွမ်းကျင်မှုရှိအောင်အစဉ်အမြဲ လေ့ကျင့်နေရမည် ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်ဆည်တပ်နယ်၊ သံချပ်ကာယန္တရား သင်တန်းကျောင်းရှိ နည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များအားတွေ့ဆုံ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ သံချပ်ကာယန္တရား သင်တန်းကျောင်းမှ သင်တန်းနည်းပြအရာရှိ၊ စစ်သည်များနှင့် သင်တန်းသားအရာရှိ၊ စစ်သည်များတက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့တပ်မတော်သည် သူတစ်ပါးတိုင်းပြည်ကို တိုက်ခိုက်ရန်မဟုတ်ဘဲ မိမိတို့တိုင်းပြည်ကို ကာကွယ်ရန်အတွက် သမားရိုးကျစစ်ကို ဆင်နွှဲနိုင်သည့် ခေတ်မီတပ်မတော် (Standard Army) တစ်ရပ်ဖြစ်အောင် တည်ဆောက်လျက်ရှိကြောင်း၊ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ စစ်သည်အဆင့်အတန်းအားလုံးသည် ခြေလျင်တပ်ကဲ့သို့ တိုက်ပွဲဝင်နိုင်ရမည်ဖြစ်ကြောင်း၊ စစ်သားတစ်ယောက်၏ အခြေခံလိုအပ်ချက်မှာ ကျန်းမာကြံ့ခိုင်ရန် ဖြစ်သဖြင့် အခြေခံစားသောက် နေထိုင်ရေးမှစ၍ အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု အတွက်လည်း ကိုယ်ကာယ လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ရန်လို အပ်ကြောင်း၊ ထို့အပြင် တပ်မတော်သားမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် လတ်ဆတ်သော အသားငါး၊ ဟင်းသီးဟင်းရွက်များကိုစားသုံးခြင်းဖြင့် ကျန်းမာရေးနှင့် ကိုက်ညီသည့် အာဟာရဓာတ်များကို ရရှိမည်ဖြစ်ကြောင်း၊ သောက်စားပျော်ပါးမှုများမှ တစ်ဆင့် မလိုလားအပ်သည့် အမှုအခင်းများ ဖြစ်ပွားခြင်း၊ ကျန်းမာရေးကိုထိခိုက်ခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မိမိတို့ အသိတရားဖြင့် ရှောင်ကျဉ်ရန် လိုအပ်ကြောင်းမှာ ကြားသည်။

ဆက်လက်ပြီး စစ်သည်တစ်ဦးချင်း ကျွမ်းကျင်မှုအတွက် သင်တန်းကျောင်းများတွင် လိုအပ်သည့် သင်ထောက်ကူပစ္စည်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီး မိမိတို့ကိုင်ဆောင် သည့် ယာဉ်ယန္တရား၊ လက်နက်များနှင့် အသားကျဖြစ်အောင်လေ့ကျင့်ရန်လိုအပ်ကြောင်း၊ ထို့အတူ စစ်သည်တစ်ဦးချင်းအနေဖြင့် ရဲစွမ်းသတ္တိရှိရမည်ဖြစ်ပြီး ရဲစွမ်းသတ္တိဆိုသည်မှာ မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်နှင့် ယှဉ်တွဲ နေရမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်သည် တိုင်းပြည်ကို ထိလျှင်၊ ကိုယ့်အမျိုးကိုထိလျှင်မခံချင်စိတ်၊ တိုင်းပြည်ချစ်စိတ်၊ ကာကွယ်လိုစိတ်ဖြင့် ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့်စစ်သားကောင်း များဖြစ်အောင်ပြုမှု ကျင့်ကြံနေထိုင်ရန်လိုအပ်ပြီး တစ်ဦးချင်း စစ်တိုက်နိုင်သည့်စွမ်းရည် (Ability) ရှိရန်အတွက် လေ့ကျင့်သားပြည့်ဝနေရန် လိုအပ်ကြောင်းမှာ ကြားသည်။

ထို့နောက် တပ်မတော်သား တစ်ယောက်ဖြစ်လာလျှင် သစ္စာအဓိဌာန်နေ့စဉ် ရွတ်ဆိုပြီးဆောင်ရွက်ရသဖြင့် မိမိကိုယ်မိမိသစ္စာ ရှိရန်လိုကြောင်း၊ မိမိတို့တစ်ဦးချင်း ကောင်းမွန်မှသာ မိမိတို့တပ်စွမ်းရည် ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တပ်မတော်တစ်ရပ်လုံး စွမ်းရည်တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ထို့အတူတပ်မတော်ဆိုသည်မှာနိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နိုင်ငံတော်အတွင်းနေထိုင်ကြသူများအားလုံး ကြိုးစား ဆောင်ရွက်လျှင် တိုင်းပြည် တိုးတက်ကောင်းမွန် မည်ဖြစ်ကြောင်း၊ တပ်မတော်သားတိုင်း တစ်ဦးချင်းကြိုးစား ဆောင်ရွက်ခြင်းဖြင့်လည်း နိုင်ငံတော်ကိုအထောက်အကူပြုသည့် တပ်မတော်တစ်ရပ်ဖြစ်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိကိုယ်ကို သစ္စာရှိရန်၊ တပ်မတော် အပေါ်သစ္စာရှိရန်၊ နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုအပ်ကြောင်း၊ လူတိုင်းတွင်အမြင့်သို့တက် လှမ်းနိုင်သည့်ကြိုးစား အားထုတ်နိုင်ခွင့်ရှိကြောင်း၊ မိမိတို့ဘ၀ တိုးတက်ရန်အတွက် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာရန်နှင့် ကြိုးစားအားထုတ်မှုရှိရန်လိုပြီး ထိုသို့ဆောင်ရွက်မှသာ မိမိတို့ဘ၀ တိုးတက်ရေးအတွက် အခွင့်အလမ်းများ ရရှိမည်ဖြစ်ကြောင်းမှာ ကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းကျောင်းမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် သုတ၊ ရသ စာအုပ်စာစောင်များပေးအပ်ရာ ကျောင်းအုပ် ကြီးကလက်ခံရယူသည်။ ၎င်းနောက် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း က အားကစားပစ္စည်းများ အားလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ရွှေဖီဦးအသင့်ဖျော် လက်ဖက်ရည်ထုပ် များအား လည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းကျောင်း အတွင်းရှိ ယာဉ်ယန္တရား သင်ထောက်ကူပစ္စည်း ပုံစံသရုပ်ပြခန်းများ အတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးပြီး သင်တန်းသားများနှင့်အတူ နေ့လယ်စာအား အတူတကွ သုံးဆောင်ကြသည်။ ထို့နောက် သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီးက သင်တန်းများ ဖွင့်လှစ်သင်ကြား နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များမှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger