www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 22, 2018

ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၂ဝဝ၆ခုနှစ်တွင် ၁၈ ကောင်သာရှိသော်လည်း ၁ဝ နှစ်ကျော်ကာလအတွင်း ခုနစ်ကောင်ခန့်တိုးလာ



ရန်ကုန် ၂၂-၆-၂ဝ၁၈

ဧရာဝတီမြစ် လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်း ၂ဝဝ၆ခုနှစ်တွင် ၁၈ ကောင်သာ ရှိသော်လည်း ၁ဝ နှစ်ကျော်ကာလအတွင်း ခုနစ်ကောင်ခန့် တိုးလာကြောင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးဟန်ဝင်းက ပြောပြသည်။

ဧရာဝတီမြစ်၏ မန္တလေးမှ ကျောက်မြောင်း လင်းပိုင်ထိန်းသိမ်းရေး ဧရိယာအတွင်းရှိ ဧရာဝတီလင်းပိုင်များမှာ ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့နှင့် သားငှက် ထိန်းသိမ်းရေး အဖွဲ့ (WCS) တို့ ပူးပေါင်းထိန်းသိမ်း စောင့်ရှောက်ကာ ၎င်းလင်းပိုင်များ စစ်တမ်းကောက်ယူမှု အရ ၂ဝဝ၆ ခုနှစ်တွင် လင်းပိုင် အကောင်ရေမှာ ၁၈ ကောင်ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်ဖေဖော်ဝါရီ လအတွင်း ကောက်ယူခဲ့သည့် စစ်တမ်း များအရ ထိန်းသိမ်းရေး ဧရိယာအတွင်း၌ ၂၅ ကောင်ခန့်ထိ နေထိုင်ကျက်စား လျက်ရှိကြောင်း သိရသည်။

"ဧရာဝတီမြစ်အတွင်းမှာ လင်းပိုင်ထိန်းသိမ်းရေး အနေနဲ့ အောင်မြင်မှုက တော့ရှိပါတယ်။ တစ်နှစ်တစ်ကြိမ် လောက်တော့ လင်းပိုင်ပျမ်းမျှ တစ်ကောင်နှုန်းက သဘာဝဘေး အန္တရာယ်ကြောင့်နဲ့ တချို့ဘက်ထရီ ရှော့ခ်တိုက်တာ တွေကြောင့် သေဆုံးမှုတွေရှိတယ်။ လင်းပိုင်သေဆုံး ပေမယ့်လဲ လင်းပိုင် သားပေါက်တာက တစ်နှစ်ကို အနည်းဆုံးတစ်ကောင်နဲ့ နှစ်ကောင် ကြားမှာရှိတယ်။ ဒီတော့ သေတာနဲ့ ပြန်ပေါက်တာနဲ့ မျှခြေအနေအထား မှာရှိတယ်"
ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် အကောင်ရေ တိုးပွားလာမှုကြောင့် အောင်မြင်မှုအနေဖြင့် အတိုင်းအတာ တစ်ခုထိ ခရီးရောက်နေပြီ ဖြစ်ကြောင်း၊ အလားတူ ဧရာဝတီ လင်းပိုင်နှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန်နှင့် အောင်မြင်မှု ရရှိစေရေး လင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ကျေးရွာများတွင် ဘက်ထရီဖြင့်ရှော့ခ်တိုက် ငါးဖမ်းဆီးမှုများကို အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေး လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် အရှေ့တောင်အာရှ နိုင်ငံတချို့မှ ခရီးသွားဧည့်သည် များအနေဖြင့် ဧရာဝတီလင်းပိုင်နှင့် ကွန်ပစ်ငါးဖမ်းသည့် ဓလေ့များကို လာရောက်ကြည့်ရှုမှုများ ရှိနေပြီး ခရီးသွားရာသီ ကာလများတွင်လည်း ဥရောပ နိုင်ငံမှခရီးသွားများ လာရောက်လည်ပတ် လျက်ရှိကြောင်း၊ လက်ရှိဧရာဝတီ မြစ်ထိန်းသိမ်းရေး ဧရိယာအပြင် ဧရိယာပြင်ပ၌ လင်းပိုင်အကောင်ရေ စုစုပေါင်း ၇၆ ကောင်ထိ စစ်တမ်းကောက်ယူ ထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger