www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 16, 2018

SCATS မီးပွိုင့် နေရာများတွင် CCTV အလုံးတစ်ရာကျော် ထပ်တိုး တပ်ဆင်



မန္တလေး ၁၆-၅-၂ဝ၁၈

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကို အထောက်အကူ ဖြစ်စေရန်အတွက် မန္တလေးမြို့ရှိ CCTV စနစ်သုံးမီးပွိုင့် နေရာအားလုံးတွင် CCTV ပုံရိပ်ဖမ်းကင်မရာများ အပါအဝင် ယာဉ်နံပါတ်ကို မှတ်၍ ခြေရာခံနိုင်သည့် ကင်မရာ အလုံးတစ်ရာကျော်ကို ထပ်တိုး၍ တပ်ဆင်နေကြောင်း သိရသည်။

မြို့တော်ဧရိယာအတွင်း SCATS စနစ်သုံး မီးပွိုင့် ၃၂ခုရှိကာ ယင်းမီးပွိုင့်တိုင်းတွင် မီတာ ၂ဝထိ Zoom ဆွဲနိုင်၊ ၃၆ဝ ဒီဂရီလှည့်ကြည့် နိုင်သည့် Dome ကင်မရာတစ်လုံးစီကို မူလကတပ်ဆင်ထားပြီး လမ်းကြောအားလုံးကို Cover ဖြစ်စေရန်အဆိုပါ CCTV များကို ထပ်မံတိုးချဲ့ တပ်ဆင်နေခြင်း ဖြစ်သည်။

"SCATS မီးပွိုင့်အားလုံးရဲ့ဝန်းကျင်မှာ တိုင်ထပ်ထောင်ပြီး တပ်ဆင်မှာပါ။ မြေပြင်မှာတော့ အကုန်တပ်ဆင် ပြီးပါပြီ။ ဖိုင်ဘာကြိုးလိုင်း ဆက်သွယ်ပြီး Server Room ထိုင်ဖို့ပဲ ကျန်ပါတော့တယ်"ဟု အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနစုမှူး ဒေါ်နန်းအိဖြိုး (အင်/ယာလျှပ်စစ်)က ပြောပြသည်။

SCATS မီးပွိုင့်များအနီးတွင် သီးသန့်တိုင်ထောင်၍ CCTV အလုံးပေါင်း ၁၃ဝ ကျော်ကို လမ်းကြောတိုင်း မှတ်တမ်းယူနိုင်ရန် တပ်ဆင်ပြီးစီးနေပြီး ယင်းတွင် Speed Dome ကင်မရာ ၁၁လုံး၊ Run the red Light ၂၁လုံး၊ License Plate Recognition ၁၁၇ လုံးစသည်ဖြင့် ပါဝင်သည်။

"Dome CCTV တွေက ဖမ်းတဲ့ပုံတွေအပြင် အခုတပ်ဆင်မယ့် ကင်မရာတွေက လေးဖက်လေးတန် မြင်နိုင်မယ်။ ကားနံပါတ်ပြားကို MEmory မှတ်ထားနိုင်တဲ့အတွက် ယာဉ်တွေရဲ့မှတ်တမ်းကို နေ့အလိုက်ပြန်ရှာပြီးကားရှိတဲ့နေရာ ကိုရှာနိုင်ပါတယ်"ဟု ဒေါ်နန်းအိဖြိုးက ပြောပြသည်။

ယာဉ်စည်းကမ်း ဖောက်ဖျက်မှုများ ကိုလည်း မှတ်တမ်းရယူ၍ သက်ဆိုင်ရာကို ဆက်သွယ် ပေးပို့နိုင်ကြောင်း၊ မှုခင်းနှင့် မတော်တဆထိခိုက်မှု ဖြစ်စဉ်များအတွက် Data တွေကို Update ပေးပို့နိုင်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့တော်စည်ပင်က ဆောင်ရွက်ထားသည့် SCATS(Sydney Coordinated Adaptive Traffic System) မီးပွိုင့်မှာ ယာဉ်ကြောတွင် မော်တော်ယာဉ်ရှိ၊မရှိကို ကတ္တရာလမ်းတွင် ဖောက်ထွင်း တပ်ဆင်ထားသည့် Inductive Loop Sensor များက အာရုံခံကာ ယာဉ်ကြောရှင်းသည့် ဘက်တွင်လည်း အချိန်လျှော့၍ ယာဉ်ကြောကျပ်သည့် ဘက်တွင် အချိန်ပိုပေးခြင်းတို့ကို အလိုအလျောက် ဆောင်ရွက်ပေးသည့် စနစ်ဖြစ်သည်။

လျှပ်စစ်မီး ပြတ်တောက်ပါက ၂၄နာရီအသုံးပြုနိုင်သည့် UPS စနစ်ပါဝင်ပြီး မီးပွိုင့်များတွင် CCTV ကင်မရာများ တပ်ဆင်၍ ဗဟိုထိန်းချုပ်ခန်းမှ ယာဉ်ကြောအခြေအနေများကို စီမံခန့်ခွဲနိုင်ကြောင်း၊ အရည်အသွေးမြင့် Full HD ပုံရိပ်များကို တစ်လအထိ သိမ်းဆည်း ထားနိုင်ကြောင်း၊ ယင်းစနစ်မှ ကင်မရာများသည် ယာဉ်ကြောအားလုံးအတွက် အကာအကွယ်ဖြစ်စေရန် လုံလောက်မှု မရှိသေးသည့်အတွက် ထပ်မံတိုးချဲ့သည့် အနေဖြင့် အဆင့်မြင့်ကင် မရာများတပ်ဆင်ခြင်း ဖြစ်ကြောင်း၊ ၎င်းစနစ်ကို ဇွန်လဆန်းပိုင်းတွင် စတင်လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger