www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 22, 2018

တရုတ်နိုင်ငံမှ ၀င်ရောက်သည့် လက်ဖက်အချိုခြောက်များကို မယှဉ်ပြိုင်နိုင်၍ ပြည်တွင်းလက်ဖက်ခြောက် စက်ရုံ ၁၀၀ ကျော်ထိ ရပ်နား



မန္တလေး ၂၂-၅-၂ဝ၁၈

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက် အချိုခြောက်များကို မယှဉ်ပြိုင်နိုင်သည့် အတွက်မြန်မာနိုင်ငံရှိ ပြည်တွင်း လက်ဖက်ခြောက် စက်ရုံ ၁ဝဝ ကျော်ထိရပ်နား သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် လက်ဖက် အချိုခြောက်များကြောင့် မြန်မာနိုင်ငံပြည်တွင်း လက်ဖက်ခြောက် စက်ရုံများမှာ ထုတ်လုပ်မှုနှင့် အရည်အသွေးပိုင်းတွင် မယှဉ်ပြိုင်နိုင်သည့်အတွက် ပြီးခဲ့သည့် ၂ဝ၁ဝပြည့်နှစ်ခန့်မှစ၍ လက်ရှိအချိန်ထိ ရှစ်နှစ်ခန့်အတွင်း လက်ဖက်ခြောက် စက်ရုံပေါင်း ၁၂ဝ ခန့်ပိတ်သိမ်းရပ်နား သွားခဲ့ကြောင်း အဆိုပါအသင်းနာယက ကိုကျော်သီဟက ပြောပြသည်။

"အဓိက ကတော့ အချိုခြောက်ပါ။ တရုတ်နိုင်ငံနဲ့ စိုက်ခင်း စနစ်ကစပြီး မယှဉ်နိုင်တာပါ။ ဒီမှာကတစ်ဧကကို လက်ဖက်အပင် သုံးထောင်ကျော် လောက်ပဲရှိတယ်။ သူတို့က တစ်ဧကကို ရှစ်ထောင်၊တစ်သောင်း လောက်ရှိတယ်။ အရည်အသွေးလဲ မယှဉ်နိုင်တာက အများကြီးပဲ။ မျိုးကိုစနစ် တကျခွဲမစိုက်နိုင်ဘူး။ရှိတဲ့ ဒေသမျိုးရင်းတွေပဲ စိုက်ဖြစ်ကြတယ်။ ပြီးတော့ သူတို့ဆီမှာက တစ်ရက်ကို လက်ဖက်ပိဿာချိန် တစ်သောင်းလောက် ကြိတ်ဝါးနိုင်တဲ့ စက်တွေ အများကြီးရှိတယ်။ ဒီမှာက အဲ့ဒီလိုစက်မျိုး သုံး၊ လေးလုံးလောက်ပဲရှိတာ မြန်မာနိုင်ငံက လက်ဖက်အားသာချက် တစ်ခုတော့ရှိတယ်။ အဲ့ဒါကတော့ ပိုးသတ်ဆေးလုံးဝ မသုံးတာပါ။ အဲ့ဒါကြောင့် ဒီက လက်ဖက်ကို တခြားပြည်ပ နိုင်ငံတွေက ဝယ်ယူချင်ကြတာပါ"ဟု ၎င်းက ပြောပြသည်။

မြန်မာနိုင်ငံ၏ လက်ဖက် အချိုခြောက် ဈေးကွက်၏ ၈၅ ရာခိုင်နှုန်းခန့်ကို တရုတ်လက်ဖက် ခြောက်များက လွှမ်းမိုးလျက်ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံသို့ တစ်လလျှင် တန် ၁ဝဝ ခန့် တစ်နှစ်လျှင်တန် ၁ဝဝဝကျော်ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ထွက်ရှိသည့် လက်ဖက်ခြောက် များကို နှစ်စဉ်တန် ၂ဝမှ ၅ဝထိ (ကွန်တိန်နာ တစ်လုံးခန့်) ဝယ်ယူရန် ဂျာမနီနိုင်ငံမှ ကမ်းလှမ်း ထားသော်လည်း တင်ပို့ရန် အဆင်သင့် မဖြစ်သေးဘဲ ကမ္ဘာ့ဈေးကွက် တန်းဝင် လက်ဖက်ခြောက်ရရှိရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိကြောင်း အဆိုပါအသင်းမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger