ပခုက္ကူ ၁ဝ-၅-၂ဝ၁၈
ပခုက္ကူမြို့ စည်ပင်သာယာရေး အဖွဲ့က မြို့အတွင်းလာမည့် သုံးနှစ်တာကာလ၌ အမှိုက်သိမ်းစနစ်ကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပခုက္ကူမြို့နယ် စည်ပင်သာယာရေး အဖွဲ့ သန့်ရှင်းရေးဌာနမှ ဒုတိယဦးစီးအရာရှိ ဦးဘုန်းမြင့်စံက ပြောပြ၍ သိရသည်။
ပခုက္ကူမြို့ သန့်ရှင်းသာယာ လှပရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ခေတ်မီရေပုပ်စုပ် ယာဉ်တစ်စီးနှင့် အမှိုက်သိမ်းယာဉ် တစ်စီးဖြည့်စွက်၍ ၂ဝ၂ဝ ပြည့်နှစ်အတွင်း အမှိုက်သိမ်း စနစ်ဖြင့် ရေပုပ်သန့်စင်မှု ရာနှုန်းပြည့် လွှမ်းခြံနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
"လက်ရှိ အနေအထားမှာတော့ သန့်ရှင်းရေးလုပ်ငန်းနဲ့ ပတ်သက်လို့ ၇ဝ ရာခိုင်နှုန်းထိတော့ လွှမ်းခြုံထားပါတယ်။ ချက်ချင်း ရာနှုန်းပြည့် ဖို့ဆိုတာကတော့ မြို့ဧရိယာနယ် နိမိတ်နဲ့ စက်ယန္တရား အနေအထားက လိုနေသေး ပါတယ်။ ဒီနှစ်ထဲမှာတောင် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပံ့ပိုးလိုက်တဲ့ ရေပုပ်စုပ်ယာဉ်နဲ့ အမှိုက်သိမ်းယာဉ် ရောက်လာတဲ့အတွက် လာမယ့် ၂ဝ၂ဝပြည့်နှစ်အတွင်း ရေပုပ်သန့်စင်မှုနဲ့ အမှိုက်သိမ်းစနစ်ကို ရာနှုန်းပြည့် လွှမ်းခြုံနိုင်အောင် ဆောင်ရွက်ဖို့ စီစဉ်နိုင်တာပါ"ဟု ၎င်းက ပြောပြသည်။
ပခုက္ကူမြို့နယ် စည်ပင်သာယာရေး အဖွဲ့က မြို့နယ်စည်ပင် သာယာရေး လုပ်ငန်းများကို ပခုက္ကူမြို့ပင်မကမြိုင်၊ ကမ္မ၊ မြစ်ခြေ စသော မြို့နယ်ကျေးရွာများထိ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ဌာနပိုင်အမှိုက်ယာဉ် ကိုးစီး၊ ရေပုပ်စုပ်ယာဉ် နှစ်စီးဖြင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဧပြီလပထမပတ်က ရောက်ရှိလာသော အမှိုက်သိမ်းကားနှင့် ရေပုပ်စုပ်ယာဉ် ဖြည့်စွက်၍ ၂ဝ၂ဝ ပြည့်နှစ်အတွင်း သန့်ရှင်းရေး လုပ်ငန်းများကို ရာနှုန်းပြည့် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြ၍ သိရသည်။
#Themyawadydaily






No comments:
Post a Comment