ရန်ကုန် ၂၅-၄-၂ဝ၁၈
မြန်မာနိုင်ငံ၌ ကမ်းဝေးငါးဖမ်း ရေယာဉ်အစီးရေ သုံးထောင်ခန့်ရှိပြီး အအေးခန်း စက်ရုံ ၂ဝဝ ခန့်ရှိကာ ငါးလုပ်ငန်းမှရရှိသည့် ဝင်ငွေ၏ ၇ဝ ရာခိုင်နှုန်းမှာ ပင်လယ်ငါးဖမ်း လုပ်ငန်းမှဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပင်လယ်ပြင်၌ ငါးမဖမ်းရကာလအတွင်း ငါးဖမ်းဆီးခွင့်လုံးဝ ပိတ်ပင်ထားရာမှ ရေလုပ်သားများနှင့် လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် နိုင်ငံတော်အစိုးရက ငါးဖမ်းရေယာဉ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းကို ဖမ်းဆီး ခွင့်ပြုခဲ့သည်။
ငါး၊ ပုစွန်သားပေါက် ရာသီချိန်တွင် ငါးနှင့်သက်ရှိ သယံဇာတများ ထိန်းသိမ်းရန် မြန်မာ့ပင်လယ်ပြင်ရှိ ငါးဖမ်းကွက် ၁၄ဝ ၌ ငါးမဖမ်းရကာလအဖြစ် မေ ၁၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ သတ်မှတ်ထားသည်။ ယင်းသတ်မှတ်ချက်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ဧပြီ ၂ဝရက်က ငါးဖမ်းရေယာဉ်စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့် ခွင့်ပြုကြောင်း ထပ်မံကြေညာ ခဲ့ခြင်းဖြစ်သည်။
ငါးမဖမ်းရကာလအတွင်း ငါးဖမ်းဆီးခွင့် လုံးဝပိတ်သိမ်းပါက ဖြစ်ပေါ်လာမည့် အခက်အခဲများကို ငါးလုပ်ငန်း ဦးစီးဌာနမှ မတ်လဒုတိယပတ်က တင်ပြခဲ့ပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ငါးဖမ်းဆီးခွင့်ကို ငါးဖမ်းရေယာဉ်အားလုံး၏ ၅ဝ ရာခိုင်နှုန်းနှင့် ငါးမဖမ်းရကာလ ရက် ၉ဝ ရှိခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်တွင် ငါးဖမ်းဆီးခွင့်ကို ငါးဖမ်းရေယာဉ်အားလုံး၏ ၁ဝ ရာခိုင်နှုန်းနှင့် ငါးမဖမ်းရကာလ ရက် ၉ဝ သတ်မှတ်ပြီး ၂ဝ၁၇ ခုနှစ်တွင် ငါးဖမ်းဆီးခွင့်ကို ငါးဖမ်းရေယာဉ် အားလုံး၏ ၃ဝ ရာခိုင်နှုန်းနှင့် ငါးမဖမ်းရကာလ ရက် ၉ဝ သတ်မှတ်ခဲ့ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment