မန္တလေး ၆-၄-၂ဝ၁၈
သင်္ကြန်ကာလ မန္တလေးဘူတာကြီးမှ ရန်ကုန်နှင့် မြစ်ကြီးနား လမ်းပိုင်းသို့ ပြေးဆွဲနေသည့် ရထားသုံးစီး ပြေးဆွဲမှုယာယီ ရပ်နားထားမည် ဖြစ်ကြောင်း အဆိုပါဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
သင်္ကြန်ကာလတွင် မန္တလေးမြို့မှ ကုန်းလမ်းကြောင်း၊ လေလမ်းကြောင်းအပြင် ရေကြောင်းလမ်းများမှ ပြည်တွင်းအပြင် ပြည်ပသို့ အနားယူအပန်းဖြေ ခရီးစဉ်အဖြစ် သွားရောက်ကြသော်လည်း သင်္ကြန်ကာလအတွင်း ရထားဖြင့် ခရီးသွားမည့် ခရီးသည်များ အနည်းငယ်သာ ရှိနိုင်သည့်အတွက် မြန်မာ့မီးရထား အနေဖြင့် မန္တလေးဘူတာကြီးမှ မန္တလေး-ရန်ကုန် လမ်းပိုင်းတွင် တစ်စီး၊ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် နှစ်စီးစုစုပေါင်း သုံးစီးကိုဧပြီ ၁၃ ရက် မှစ၍ ပြေးဆွဲမှုယာယီရပ်နား ထားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်တွင်းနယ်ဝေး ဒေသများမှ မန္တလေးမြို့တွင် တာဝန်ကျဝန်ထမ်း များအပြင် အလုပ်လာရောက် လုပ်ကိုင်သူများ အဆင်ပြေစေရေးအတွက် သင်္ကြန်မတိုင်မီကာလ အထူးရထားများအဖြစ် ဧပြီ ၁ဝ ရက်တွင် မန္တလေး-ရန်ကုန် တစ်စီး၊ ဧပြီ ၁၁ရက်တွင် မန္တလေး-နေပြည်တော်တစ်စီး၊ ဧပြီ ၁၂ ရက်နှင့် ၁၃ရက်တို့တွင် မန္တလေး-ရန်ကုန်တစ်စီးစီ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။
"မန္တလေးကနေ သင်္ကြန်ကာလအတွင်း ပြန်ကြမယ့်လူတွေ အတွက် အထူးရထားတွေ ပြေးဆွဲပေးသွားမယ်။ လက်မှတ်ဝယ်ရင်လဲ အဆင်ပြေအောင် လုပ်ပေးထားတယ်။ တချို့လမ်းပိုင်း တွေကိုတော့ အချိန်တွေ ပြောင်းလဲပြေးဆွဲပေး သွားမယ်။ ဖျက်သိမ်းထားတဲ့ လူစီးရထားတွေလဲရှိတယ်။ ဒါပေမဲ့ ခရီးသွားတွေ အဆင်ပြေအောင်တော့ လုပ်ဆောင်ပေးသွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။
မန္တလေးဘူတာကြီးမှ ပြေးဆွဲပေးနေသည့် ရထားလမ်းပိုင်းများမှာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတွင် ငါးစီး၊ မန္တလေး-ရန်ကုန်အမြန် ရထားသုံးစီး၊ စာပို့ရထားတစ်စီး၊ မန္တလေး-လားရှိုးရထား လမ်းပိုင်းနှစ်စီး၊ မြို့ဟောင်း-သာစည်လမ်း ပိုင်းတွင် တစ်စီး စသည့်လမ်းပိုင်း များကိုလည်း ပြေးဆွဲပေးလျက်ရှိ ကြောင်းသိရသည်။
#Yadanarpondaily






No comments:
Post a Comment