www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 13, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း ဦးစားပေးစက်မှု လက်မှုကဏ္ဍကိုးခုတွင် ပါဝင်သည့် လုပ်ငန်းများကို မြို့နယ်အလိုက် ဆက်လက်စစ်ဆေးမည်



မန္တလေး ၁၃-၃-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး အတွင်း၌ ဦးစားပေးစက်မှု လက်မှုကဏ္ဍကိုးခုတွင် ပါဝင်သည့် လုပ်ငန်းများကို မြို့နယ်များအလိုက် ဆက်လက်စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဦးစားပေးစက်မှု လက်မှု ကဏ္ဍကိုးခုတွင် လုပ်ကိုင်နေကြသည့် လုပ်ငန်းများကို သက်ဆိုင်ရာလုပ်ငန်း အမျိုးအစားများအလိုက် စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိ၊ မရှိကွင်းဆင်း စစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ပြောပြသည်။

"မြို့နယ်တွေအလိုက် ဆက်လက် စစ်ဆေးသွားမယ်။ ပညာပေးမှုတွေ တစ်ခါတည်း လုပ်သွားမှာပါ" ဟု ၎င်းက ပြောပြသည်။ ထိုကဲ့သို့ စစ်ဆေးမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူများ၊ မြို့တော်စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မန္တလေး တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ ဖြင့်ပူးပေါင်းစစ်ဆေးမှု ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုကို ယခုနှစ် ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်၍ မန္တလေးခရိုင်အတွင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအလိုက် ဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ အမိန့်ကြေညာစာ ၃/၂ဝ၁၈ဖြင့် ထုတ်ပြန်ထားသည့် ဦးစားပေးစက်မှု လက်မှုကဏ္ဍကိုးခုမှာ အရက်၊ ဝိုင်၊ဘီယာထုတ်လုပ်ခြင်း လုပ်ငန်း၊ အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ခြင်း လုပ်ငန်း၊ ပိုးသတ်ဆေး အမျိုးမျိုးထုတ်လုပ်ခြင်း၊ ဖော်စပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေနှင့် ထုံးထုတ်လုပ်ခြင်း လုပ်ငန်း၊ အဝတ်အထည်နှင့် ဆေးဆိုးပန်းရိုက် လုပ်ငန်း၊ သတ္တုအရည်ကျိုပုံလောင်း ခြင်းလုပ်ငန်း၊ သားရေနယ်စက်ရုံလုပ်ငန်း၊ ပျော့ဖတ်နှင့်စက္ကူ ထုတ်လုပ်ခြင်း လုပ်ငန်း၊ သကြားစက်ရုံ လုပ်ငန်းတို့ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၏ အမိန့်ကြေညာစာထုတ်ပြန်ချက်အရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger