www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 13, 2018

ကိုယ်ချင်းစာတရား စိတ်မှာထားပါ


ဆောင်းပါး  ၁၃-၂-၂ဝ၁၈

လူပုဂ္ဂိုလ်အချို့ ကိုယ်ချင်းစာတရား ခေါင်းပါးနေကြသည်ကို ကျွန်တော့်အနေဖြင့် တွေ့မြင်နေရသည်။ လူ၊ သတ္တဝါတို့အပေါ်တွင် ညှာတာရ ကောင်းမှန်းမသိ၊ သနားရကောင်းမှန်း မသိကြသကဲ့သို့ မိမိအမြင်၊ မိမိ အယူအဆများနှင့် သေချာခိုင်မာစွာ လေ့လာစူးစမ်းခြင်း မပြုဘဲ ပြစ်တင်ဝေဖန်မှုများ ပြုလုပ်နေခြင်းက လွန်စွာကြည့်ရဆိုး၏။ ဤသည်မှာ မဖြစ်သင့်ပေ။ လူ၊ သတ္တဝါတိုင်းတွင် ဆိုးခြင်းတရား များရှိသကဲ့သို့ ကောင်းခြင်းတရားများလည်း ရှိကြသည်။ ထို့အတူ အားနည်းချက်များ သည်လည်း ကိုယ်စီကိုယ်စီ ရှိကြပြန်၏။ ဤအခြေအနေတွင် တစ်ဖက်သား၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ပြစ်တင်ဝေဖန် ရှုတ်ချမှုပြုခြင်းသည် တရားသောနည်းလမ်း မဟုတ်ဘဲ မတရား
သော နည်းလမ်းသာဖြစ်သည်ဟု ယူဆမိသည်။

မကြာသေးမီအချိန်က ဖြစ်ပျက်သွားသော အဖြစ်အပျက်သည် လွန်စွာနာကြည်း ဖွယ်ကောင်းသည်က အမှန်ပင်။ ပိုလီယိုရောဂါကြောင့် မသန်စွမ်းဖြစ်နေသော လူပုဂ္ဂိုလ်တစ်ဦးကို အခြားလူပုဂ္ဂိုလ်တစ်ဦးက လူမှုစာမျက်နှာ ထက်တွင် ဂုဏ်သရေထိခိုက်စေမည့် Post ကိုတင်ဆောင်၍ ပုတ်ခတ်ရေးသားသော လုပ်ဆောင်မှုပေ။ ထိုသို့သော လုပ်ဆောင်မှုသည် မသန်စွမ်းဖရဲသီး သည်ကလေးကို ဂုဏ်သိက္ခာထိခိုက် စေသည့်အပြင် တန်ဖိုးရှိသော အသက်သည်ပင် ဆုံးရှုံးမှုဖြစ်စေ၏။

မသန်စွမ်းဖရဲသီး သည်ကလေးသည် ဖရဲသီးစိတ်များ လမ်းပေါ်တွင် တမင်လွှတ်ချ၍ ကိုယ်ကျိုးစီးပွား ရှာသည်က အမှန်ဖြစ်လိမ့်မည်ဟူ၍ အခိုင်အမာဖြင့် ပြောဆိုရန်က မဖြစ်နိုင်ပေ။ စာဖတ်သူတို့ သိမြင်ထားသည့် အတိုင်း ပိုလီယို ရောဂါဝေဒနာရှင် တို့သည် ကိုယ်၊ ခြေ၊ လက်များ သေးကွေးမှုရှိပြီး အားအင်များလည်း ချို့တဲ့ကြသည်။ သူတို့၏ ခန္ဓာကိုယ်ကို မတ်မတ်ရပ်တည် နိုင်ရန်အတွက် အလွန်အားစိုက်ရသည့် အခြေအနေပါ။ ထိုအခြေအနေတွင် ဖရဲသီး
စိတ်ဗန်းကို မြဲမြံစွာကိုင်ဆောင် ထားနိုင်မည် မဟုတ်ပေ။

သွားရင်းလာရင်းဖြင့် လွတ်ကျနိုင်ခြေ လည်းရှိသည်။ ဤအခြေအနေကို ရှုမြင်မကြည့်ဘဲ မိမိထင်မြင်ရာကိုသာ ရှုမြင်ကြည့်ပြီး လူအများ၏အလယ်တွင် အရှက်ခွဲသော လုပ်ဆောင်မှုသည် လွန်စွာမိုက်မဲ လွန်းသည်။

နားလည်မှုမရှိ ကိုယ်ချင်းစာတရား ခေါင်းပါးသော အပြုသဘောဖြစ်သည် ဆိုလျှင်ကား မမှားပေ။ မည်သူမဆို မကောင်းမွန်သော အပြုသဘောများ ရှိကြသကဲ့သို့ ကောင်းမွန်သော အပြုသဘောများလည်းရှိကြသည်။ အကယ်၍ မိမိတို့၏မကောင်းသော အပြုသဘောများကို လူအများသိအောင် ပြောဆိုပြစ်တင် ဝေဖန်မှုပြုခြင်းကို မိမိတို့သည် နှစ်သက်မည်လော။ အမှန်က မည်သူမည်ဝါမျှ နှစ်သက်ကြလိမ့်မည် မဟုတ်ပါ။ ဤသို့ဆိုလျှင် မိမိကို ဝေဖန် ပြစ်တင်မှုပြုခြင်း ကိုမကြိုက် အခြားတစ်ပါးသောသူကို နားလည်ပေးမှုမရှိ ပြစ်တင်ဝေဖန်မှု ပြုခြင်းက တရားမျှတသော အပြုသဘော ဟုတ်ပါသလော။ ထိုသို့သော အပြုသဘောသည် တရားမျှတသော အပြုသဘောမဟုတ်
ဘဲ မတရားသော အပြုသဘောမျိုးသာလျှင် ဖြစ်ချေ၏။

အချို့အမှားအယွင်းများက ပြင်ဆင်ရန်အတွက် ရကောင်းရနိုင်သော်လည်း အချို့အမှားအယွင်းများသည် နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်ရန် မလွယ်ကူပေ။ ထို့ကြောင့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို လူတိုင်းလိုလို သတိထားနေရသည်။ အကယ်၍ ကိုယ်၊ နှုတ်၊ စိတ်တို့၏ အပြုသဘောသည် လွန်လွန်ကြူးကြူးဖြင့် မှားယွင်းသွားပါက မိမိသာမက အခြားတစ်ပါးသူကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်စေတတ်သည်။ ထိုသို့သော အပြုသဘောများ ထဲတွင် ကိုယ်ချင်းစာတရား ခေါင်းပါးသော အပြုသဘောသည် လွန်စွာအဆိုးဆုံး ဖြစ်သည်။

ကိုယ်ကျင့်တရား ကောင်းနိုင်ရန်အတွက် စိတ်ထားကောင်းများ မွေးမြူတတ်ရန်လည်း လိုအပ်သည်။ စိတ်ထားမကောင်းမွန်လျှင် ကိုယ်ကျင့်တရားသည် မကောင်းမွန်နိုင်ပါ။ စိတ်သည်ဆန်းကြယ်၏။ ထိုသို့ဆန်းကြယ်သည့် အလျောက် စိတ်သည်အပြောင်းအလဲ မြန်တတ်သည်။ စိတ်ကို ထိန်းချုပ်နိုင်စွမ်းမရှိပါက စိတ်၏ခိုင်းစေရာ နောက်တွင် လိုက်ပါမိရာက မှားယွင်းသော အပြုသဘောမျိုးကို လုပ်ဆောင်လိုက်မိသော အဖြစ်အပျက်မျိုးလည်း ရှိတတ်သည်။

ကိုယ်ကျင့်တရား ပျက်ပြားခြင်း၏ အရင်းအမြစ်သည်လည်း စိတ်နေစိတ်ထားပေါ်တွင် အရင်းခံ၏။ စိတ်ထားကောင်း မရှိသူများသည် ကိုယ်ကျင့်တရား မကောင်းမွန်ကြပေ။ စိတ်ကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက် အကောင်းနှင့် အဆိုးကို ဝေဖန်ပိုင်းခြား၍ ရှုမြင်နိုင်စွမ်းမရှိဘဲ စိတ်ထင်သလို ကိုယ်၊ နှုတ်အမူအရာ အမျိုးမျိုးဖြင့် ပြောဆိုပြုမူ လုပ်ဆောင်ကြသည်။ ထိုအခါ ဂုဏ်သိက္ခာထိခိုက်မှုများ ပျက်စီးရာ ပျက်စီးကြောင်းများက ဖြစ်ပေါ်လာခဲ့သည်။

ယနေ့ခေတ်သည် ယခင်တုန်းကကဲ့သို့ မဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် နည်းပညာများ တိုးတက်လာခဲ့သည်။ ပညာရပ်ဆိုင်ရာ အရည်အသွေးမြင့်မား စွာဖွံ့ဖြိုးလာသည့် အလျောက် နည်းပညာတို့သည်လည်း တိုးတက်လာခဲ့သည်။ ရှေးယခင်ကဆိုလျှင် သတင်းအချက်အလက်များ သိနိုင်စေရန်အတွက် နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်များ၊ လစဉ်ထုတ်ဂျာနယ်များကို အားကိုးတကြီး ဖတ်ရှုလေ့လာရသည်။ သိလိုသော သတင်း အချက် အလက်နှင့် အကြောင်းအရာ တို့ကိုလည်း ရှာဖွေရ၏။

ယခုအချိန်တွင် ဆက်သွယ်ရေးကဏ္ဍ တိုးတက်လာသောကြောင့် Smart ဖုန်းကိုအသုံးပြု၍ သတင်းအချက်အလက်များ ရှာဖွေလေ့လာမှုသည် တွင်ကျယ်လာခဲ့သည်။ ယခင်က မရှိခဲ့သော အွန်လိုင်းလူမှုစာမျက်နှာ တို့သည်လည်း ဆန်းသစ်သော တီထွင်မှုနှင့်အတူ ဖြစ်ပေါ်တည်ရှိလာခဲ့သည်။ ထိုအခြေအနေတွင် ဖေ့စ်ဘွတ်ဟုခေါ်သော လူမှုစာမျက်နှာသည် လွန်စွာကျယ်ပြန့်ခဲ့သည်။ Smart ဖုန်းကို အသုံးပြုခြင်းမရှိသော ကမ္ဘာ့လူဦးရေသည် မရှိသလောက် နည်းပါးလာ၏။ ထို့ပြင် အွန်လိုင်းစာမျက်နှာ တစ်ခုဖြစ်သော ဖေ့စ်ဘွတ်ကိုလည်း လူအများက နှစ်ခြိုက်စွာ အသုံးပြု လာကြသည်။

အချို့က ဖေ့စ်ဘွတ်ကို အပျော်သဘောဖြင့် သုံးစွဲကြပြီး အချို့က သတင်းအချက်အလက်များကို ရယူရန်အတွက် အသုံးပြုကြသည်။ အချို့က စီးပွားရေးဆိုင်ရာ အတွက်သုံးစွဲပြီး အချို့က ပညာရပ်ဆိုင်ရာ သင်ယူရေးအတွက် အသုံးပြုကြသည်။ ဤသို့သော ကောင်းကွက်များကြောင့် ဖေ့စ်ဘွတ်အသုံးပြုသူများ မြင့်တက်လာသည်မှာ မမှားချေ။ သို့သော်လည်း ဖေ့စ်ဘွတ်သည် ကောင်းကျိုးပြုရုံတင်မက ဆိုးကျိုးများလည်း ဖြစ်စေတတ်သည်။ ဖေ့စ်ဘွတ်သည် သုံးတတ်လျှင် ဆေးဖြစ်စေပြီး မသုံးတတ်ပါက ဘေးအန္တရာယ်ဖြစ်စေ တတ်သည်။ ထို့ကြောင့် လူမှုစာမျက်နှာဖြစ်သော ဖေ့စ်ဘွတ်ကို သတိတရားဖြင့် အသုံးပြုကြစေလို၏။

ဖေ့စ်ဘွတ်ပေါ်တွင် ဗဟုသုတရရှိစေမည့် အသိပညာများ၊ အတတ်ပညာများရှိသည်။ ထို့ပြင် ကိုယ်ကျင့်တရားကို ထိခိုက်ပျက်ပြား စေနိုင်သည့် ညစ်ညမ်းရုပ်ရှင်များ၊ ဂုဏ်သိက္ခာတရား ထိခိုက်စေနိုင်သည့် ပြောဆိုရေးသားမှုများ၊ လိင်ကိစ္စနှင့် သက်ဆိုင်သော အပြုသဘောအကြောင်းအရာများ၊ သွေးဆောင်ဖြားယောင်းမှုများ၊ လိမ်လည်မှုများ၊ အကျိုးစီးပွားအတွက် မတရားသဖြင့် ကြံဆောင်မှုများ လည်းရှိသည်။ ထို့ကြောင့် ဖေ့စ်ဘွတ်ကိုပေါ့ပေါ့ဆဆဖြင့် အသုံး မပြုသင့်ပေ။

တစ်ဦးနှင့်တစ်ဦး စိတ်နေစိတ်ထား တူညီမှုများ မရှိကြသကဲ့သို့ ကိုယ်ကျင့်တရားတွင်လည်း အနိမ့်အမြင့် ကွဲပြားကြပြန်သည်။ ထိုသို့ မတူညီသော အကျင့်စရိုက်များကို တူညီမှုရှိအောင် ဖေ့စ်ဘွတ်သည် လုပ်ဆောင်နိုင်၏။ ဤသည်မှာ အတုခိုး၍ အတတ်သင်ယူခြင်း ပင်တည်း။ မတူညီသော အကျင့်စရိုက် ရှိသော်လည်း ခင်မင်မှုကြောင့် ပေါင်းသင်းဆက်ဆံမှု ပြုသောအခါ မကောင်းမွန်သော အကျင့်စရိုက်ရှိသူထံမှ ထိုမကောင်းမွန်သောအကျင့် စရိုက်တို့သည် အခြားတစ်ပါးသူထံသို့ ကူးစက်သွားခြင်းမျိုး ဖြစ်တတ်သည်။

မည်သို့ပင်ဖြစ်စေ မိမိတို့၏စိတ်ကို မိမိတို့အကောင်းဆုံး ထိန်းချုပ်နိုင်ရန်သာ လိုအပ်သည်။ စိတ်ဆန္ဒ၏ စေစားရာနောက်ကို အလွန်အကြူး မလိုက်ပါသင့်ပေ။ သူများပြောတိုင်းလည်း မယုံကြည်သင့်ပေ။ အကောင်းနှင့်အဆိုးကို ဝေဖန်ပိုင်းခြား၍ ရှုမြင်ပြီးသောအခါမှ၊ မိမိကိုယ်တွေ့ လေ့လာဆန်းစစ်ပြီး သောအခါမှ အခြားတစ်ပါးသူ ပြောဆိုသော စကားတို့ကို လက်ခံစေချင်၏။

ပညာရပ်ဆိုင်ရာ မည်မျှထိတတ်မြောက် ကျွမ်းကျင်ပါစေ စိတ်ထားမတတ်လျှင် အရာမရောက်နိုင်ပေ။ သို့သော် စိတ်ထားတတ်သော်လည်း ပညာမတတ်သောကြောင့် အရာရောက်မှု အားနည်းရပြန်၏။ ထို့ကြောင့် ပညာတတ်ရန် သာမက စိတ်ထားတတ်ရန်ပါ လိုအပ်သည်။ ဆရာကြီးဦးအောင်သင်း၏ စကားကို အငှားဖြင့် ပြောရပါက"ပညာတတ်ပြီး စိတ်ထားမတတ်လျှင် ပညာတတ် လူငပေါကြီးဖြစ်နေလိမ့်မယ်"ဟုသာ ဆိုချင်ပါ၏။

အထူးသဖြင့် မျိုးဆက်သစ်လူငယ် မောင်မယ်များ မိမိတို့စိတ်ရှိသလို ပေါ့ပေါ့ပြက်ပြက် မနေထိုင်သင့်။ တစ်ဦးအပေါ်တစ်ဦး နိုင်ထက်စီးနင်းမှု များလည်း မပြုသင့်။ နားလည်မှုတရားကို လက်ကိုင်ထားစေချင်၏။ ကိုယ်ချင်းစာတရား စိတ်မှာထားစေချင်၏။ လူသားချင်းမှန်သော်လည်း ဘဝအခြေအနေအရ ဆင်းရဲခြင်းနှင့် ချမ်းသာခြင်းမတူညီဘဲ ကွဲပြားခြားနားကြသည်။ အသိုင်းအဝိုင်းနှင့် အလွှာဓနအနိမ့်အမြင့်များ ကွဲပြားခြားနားကြသည်။ 
ပတ်ဝန်းကျင်နှင့် မည်သူမည်ဝါမျှ ကင်းရှင်းစွာ နေထိုင်၍မရပေ။ ထို့ပြင်ပတ်ဝန်းကျင်တွင် မတူညီသော အပြုသဘောများ ရှိကြသည်။ ထိုသို့ မတူညီသော အပြုသဘောများကို စိတ်တိုင်းမကျသည့်အခါတွင် ပတ်ဝန်းကျင်၏အမြင်
သဘောအရ မိမိတို့စိတ်ကြိုက်ပြောဆို ဝေဖန်ခွင့်ရှိသည်။ သို့သော်ထိုသို့ ဝေဖန်မှုပြုရာတွင် အမှားနှင့်အမှန်ကို ချင့်ချိန်၍ ပြောဆိုရမည်။ အကျိုးအကြောင်း ခိုင်မာတိကျမှုရှိရမည်။ တစ်ဖက်သား၏ ဂုဏ်သိက္ခာ တရားကိုလည်း ထည့်တွက်သင့်သည်။ အမှားနှင့်အမှန် မသဲကွဲသည့်အပြင် အကျိုးနှင့်အကြောင်း တိကျခိုင်မာမှုမရှိဘဲ ပြောဆိုဝေဖန်မှု ပြုလုပ်ခဲ့လျှင် ဝေဖန်ခံရသူသာမက မိမိတို့၏ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေနိုင်၏။ ယခုခေတ်တွင် အချို့လူပုဂ္ဂိုလ်တို့သည် အကျင့်စရိုက်များ ပျက်ပြားလာကြသည်။ တိကျမှုမရှိသော သတင်းအချက်အလက် တို့ကြောင့် ဘယ်အရာကအမှန်၊ ဘယ်အရာကအမှား ခွဲခြားပိုင်းဖြတ်ရမည်မှာ မလွယ်ကူသောကြောင့် အခြားသူတို့၏ ပြောစကားကို တစ်ဇွတ်ထိုး ယုံကြည်မိသော အလေ့အထများလည်း ရှိလာကြသည်။ ထိုသို့ မသိတတ်ခြင်း၏ အကျိုးဆက်မှ တစ်ဆင့်တက်၍ ကိုယ်ကျင့်တရားကို ပျက်ပြားစေသည်ထိ ဖြစ်ပေါ်စေခဲ့သည်။

အကယ်၍ မိမိတို့၏ဝေဖန်ပြစ်တင် ပြောဆိုမှုသည် မှားယွင်းမှုဖြစ်ခဲ့ပြီး တစ်ဖက်သား၏ ဂုဏ်သိက္ခာတရား ထိခိုက်မှုဖြစ်စေပါက မိမိ၏အပြုသဘောကို မိမိတို့သည် တာဝန်ယူနိုင်စွမ်း ရရှိမည်ဖြစ်သည်။အကယ်၍ တာဝန်ယူနိုင်စွမ်း မရှိခဲ့လျှင် ဘယ်သောအခါမျှပြစ်တင်ဝေဖန်မှုများ မပြုလုပ်သင့်။ အထူးသဖြင့် တစ်ပါးသူ၏ အားနည်းချက်ကို အခွင့်ကောင်းမယူဘဲ နားလည်မှု မျက်စိဖြင့် ကြည့်ရှု၍ ကိုယ်ချင်းစာတရား ထားတတ်လျှင် ပို၍ပင်ကောင်းသည်။ မေတ္တာတရားနှင့် ကိုယ်ချင်းစာ တရားတို့သည် ရောင်ပြန်ထင်ဟပ်တတ်သည်။ မိမိတို့ကမေတ္တာ တရားနှင့် ကိုယ်ချင်းစာတရားထားရှိတတ်မှ အခြားတစ်ပါးသူက မိမိတို့အပေါ်တွင် မေတ္တာတရားနှင့် ကိုယ်ချင်းစာတရားတို့ကို ပြန်လည်၍ ထားရှိကြမည်။ ထို့ကြောင့်လူမှုဆက်ဆံရေးတွင် ကိုယ်ချင်းစာတရား ထားရှိခြင်းက အလွန်အကျိုး ဖြစ်စေသည့်အတွက် ကိုယ်ချင်းစာတရားကို မိမိတို့စိတ်ထဲတွင် အမြဲထားကြပါဟု တိုက်တွန်းအကြံပြုရခြင်းပင်ဖြစ်ပါ
သည်။

လှိုင်မင်းထွန်း (မြောင်)

ရတနာပုံနေ့စဉ်သတင်းစာ စာ (၂၅)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger